ဖားကန့်မြို့နယ်မှာ ခရစ်ယာန်ဓမ္မဆရာနဲ့ ကလေးနှစ်ဦးအပါအဝင် လူ ၃၀ ခန့် ဖမ်းဆီးခံရ

RFA Burmese
2023.08.25
ဖားကန့်မြို့နယ်မှာ ခရစ်ယာန်ဓမ္မဆရာနဲ့ ကလေးနှစ်ဦးအပါအဝင် လူ ၃၀ ခန့် ဖမ်းဆီးခံရ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းဖရာရွာမှ ဒေသခံများ ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၈ ရက်နေ့က အဖမ်းခံရစဉ်။
Citizen Journalist

စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာကို ဩဂုတ် ၂၄ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီး ခရစ်ယာန် ဓမ္မဆရာတစ်ဦးနဲ့ ကလေးနှစ်ဦး အပါအဝင် စုစုပေါင်း လူ ၃၀ ခန့်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၁၂၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ဖားကန့်မြို့ကနေ အရှေ့ဘက် မိုင် ၂၀ ကျော် အကွာမှာရှိတဲ့ နန့်ယားရွာကို ဩဂုတ် ၂၄ ရက်ညမှာ ဝင်ရောက်စီးနင်းပြီး အရင်ရက်က တိုက်ပွဲကြောင့် ကျေးရွာ နှစ်ခြင်းခရစ်ယန်ဘုရားကျောင်းမှာ ယာယီတိမ်းရှောင်နေသူတွေနဲ့ ရွာသားတွေအပါအဝင် စုစုပေါင်း လူ ၃၀ ခန့်ကို ဖမ်းဆီးသွားတာပါ။

သူတို့ကို စစ်ကြောင်းအတွက် ပေါ်တာထမ်း ခိုင်းစေဖို့နဲ့ လူသားဒိုင်းအဖြစ် အသုံးချဖို့ ဖမ်းဆီးသွားတာလို့ အမည်မဖော်လိုတဲ့ နန့်ယားရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီနေ့ထွက်ဖို့အတွက် သူတို့က မနေ့ကတည်းက လူသားဒိုင်းလုပ်ဖို့ ရွာထဲကို ဝင်ပြီးတော့ တစ်အိမ်တက်၊ တစ်အိမ်ဆင်း လူခေါ်တာပေါ့၊ နန့်ယားဘုရားကျောင်းမှာလည်း ဝင်ပြီးတော့ ခဏတိမ်းရှောင်နေတဲ့အထဲက ငါး ယောက်ပါသွားတယ်။ ရွာထဲက ကားသမားတွေရော၊ ဧည့်သည်တွေရော ပါသွားတယ်လို့ ပြောကြတယ်။ ဘုရားကျောင်း ကတော့ ကျောင်းသား နှစ်ယောက်ပါတယ်၊ ၈ တန်း ကျောင်းသားနဲ့ ၉ တန်း ကျောင်းသား နှစ်ယောက် ပါသွားတယ်။ ယောက်ျား ငါးယောက်ထဲက တချို့ဟာတွေက အသက်ကြီးတာပေါ့၊ ၄၀ ကျော်၊ ၅၀ လောက်ရှိတယ်။ ဓမ္မဆရာတစ်ယောက် ပါသွားတယ်။ နောက်ပြီး မြစ်ကြီးနားက အင်ဂျင်နီယာ နှစ်ယောက် ပါသွားတယ်။ သူတို့လည်း ဒီမှာ လမ်းပိတ်တာနဲ့ ဘုရားကျောင်းမှာ ခဏလာတည်းတုန်း ပါသွားတယ်"

ဩဂုတ် ၂၂ ရက်နေ့က ကားမိုင်းမြို့ဘက်ကနေ နန့်ယားရွာကို ဦးတည်လာတဲ့ စစ်‌ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က နန့်ယားရွာမရောက်ခင် ကျောက်ထု စခန်းအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် ဩဂုတ် ၂၄ ရက်ညမှာ စစ်သားတွေက ရွာကို ဝင်ရောက်စီးနင်းခဲ့တာပါ။

အဲဒီတိုက်ပွဲကြောင့် မြစ်ကြီးနား-ဖားကန့်ကားလမ်း ပိတ်လိုက်ရပြီး ရှေ့မဆက်နိုင်တဲ့ ခရီးသည်တွေနဲ့ အဲဒီတိုက်ပွဲကြောင့် အနီးအနား ရွာငါးရွာက ဒေသခံတစ်ထောင်ကျော် နန့်ယားရွာ ဘုရားကျောင်းမှာ လာရောက်ခိုလှုံနေစဉ် စစ်တပ်က ရွာနဲ့ ဘုရားကျောင်းကို ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၁၄ နှစ်ကနေ ၅၀ အကြား အရွယ်ကောင်း အမျိုးသားတွေကိုချည်း ဖမ်းခေါ် သွားတာလို့ ဆိုင်းဖရာရွာကနေ နန့်ယားရွာ ဘုရားကျောင်းမှာ လာရောက်ခိုလှုံနေသူ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

"ကပ်မှော်စွပ်ကျေးရွာက ရွာသူ၊ ရွာသားတွေပေါ့နော်။ နိုင်ငံရေးအခြေအနေမကောင်းလို့ နန့်ယားအသင်းတော်မှာ စစ်ရှောင်တာပေါ့နော်၊ ခဏလာတိမ်းရှောင်နေတာ အဲအချိန်မှာ ညက တစ်ရွာလုံးကို မွှေနှောက်ပြီး ရွာထဲမှာ တွေ့တဲ့သူတွေကိုလည်း ခေါ်တယ်။ အဲမှာ ဘုးရားကျောင်းထဲဝင်ပြီး တံခါးတွေ ဖွင့်ခိုင်း၊ အရွယ်ကောင်းတဲ့ ယောက်ျားသားတွေကို ခေါ်သွားတာပေါ့"

အဖမ်းခံထားရသူအားလုံးကို နန့်ယားကျေးရွာထိပ်က စစ်တပ်ယာယီတပ်စွဲထားတဲ့ တောင်ကုန်းပေါ်မှာ ချုပ်နှောင်ထားပြီး ဒီနေ့မွန်းလွဲပိုင်းအထိ ပြန်မလွတ်လာသေးဘူးလို့ သူက ပြောပါတယ်။ ဘာကြောင့်ဖမ်းထားတယ်ဆိုတာ အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့် - နန့်ယားလမ်းတွင် ကားများ ပိတ်မိနေသည်ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ကချင်ပြည်နယ်၊ ဖားကန့် - နန့်ယားလမ်းတွင် ကားများ ပိတ်မိနေသည်ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကတော့ စစ်ကောင်စီက တစ်ရွာဝင် တစ်ရွာထွက် နယ်မြေရှင်းလင်းရေး လုပ်တဲ့အခါ ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးချပြီး လမ်းပြခိုင်းတာ၊ မိုင်းရှင်းခိုင်းတာမျိုးတွေ လုပ်လေ့ရှိတယ်လို့ ပြောပါတယ်။

“ဟိုတစ်နေ့ကတော့ တိုက်ပွဲငယ်လေး ဖြစ်တယ်ဆိုတာတော့ ကြားပါတယ်။ သူတို့ လှုပ်ရှားတာကတော့ သူတို့ဘက်ကနေပြောတယ်၊ နယ်မြေရှင်းလင်းရေးတွေပေါ့၊ သူတို့ လုပ်ထုံးလုပ်နည်းပေါ့၊ သူတို့ နယ်မြေရှင်းလင်းရေးလုပ်တာ ရှေ့တန်းထွက်မယ် ဆိုလို့ရှိရင် ပြည်သူလူထုကို လမ်းပြခိုင်းတာ၊ မိုင်းရှင်းခိုင်းတာ၊ လူသားဒိုင်းလုပ်ခိုင်းတာ အဲဒီကိစ္စနဲ့ဖမ်းပြီးမှ ပေါ်တာအဖြစ်အသုံးပြုတာ၊ လမ်းပြအဖြစ် အသုံးပြုတာဖြစ်မယ်လို့ ထင်ပါတယ်"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သယံဇာတဝန်ကြီး ဒေါက်တာ တူးခေါင်ကလည်း အပြစ်မဲ့အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချတာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာလို့ ပြောပါတယ်။

"စစ်ရာဇဝတ်မှု ကျူးလွန်တဲ့သဘောပါပဲ၊ ပေါ်ပေါ်တင်တင် ကျူးလွန်တာပေါ့။ အရင်တုန်းကတော့ နည်းနည်းပါးပါး ဆင်ခြင်သလိုတော့ ရှိတာပေါ့နော်။ အခု ဒီစကစခေတ်မှာ အဆိုးဆုံးလို့ ပြောလို့ရတယ်။ လူသတ်တာကအစ၊ လူသားဒိုင်း လုပ်တာက အစပေါ့နော်။ သူတို့ အင်အားလျော့နည်းလာတာက တစ်ကြောင်း၊ နောက်ပြီးတော့ သူတို့ ထောက်ပို့အတွက် အကုန်အကျမခံနိုင်တာက တစ်ကြောင်း၊ အဲဒါကြောင့် ပြည်သူတွေကို အခမဲ့ ပေါ်တာဆွဲပြီးတော့ အခမဲ့ ဝန်ထမ်း အဓမ္မခေါ်ယူတဲ့သဘောလို့ မြင်ပါတယ်"

"စစ်ရာဇဝတ်မှု ကျူးလွန်တဲ့သဘောပါပဲ၊ ပေါ်ပေါ်တင်တင် ကျူးလွန်တာပေါ့"

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း ကို RFA က ဒီနေ့ဖုန်းခေါ်ခဲ့ပေမယ့် အစည်းအဝေးထဲ ရောက်နေလို့ ပြန်မဖြေနိုင်သေးဘူးလို့ ငြင်းဆိုပါတယ်။

နန့်ယားရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်တပ်ဟာ တပ်မ ၃၃ လက်အောက်ခံ ခလရ (၁၂) တပ်ရင်းကဖြစ်ပြီး စစ်သားအင်အား ၁၂၀ ဝန်းကျင်နဲ့ ကားမိုင်းမြို့ဘက်ကနေ ဖားကန့်ဘက်ကို ဦးတည်လာလို့ KIA သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

၂၀၂၃ ဧပြီ ၁၈ ရက် မနက်ပိုင်းကလည်း ဖားကန့်မြို့နယ် ဆိုင်းဖရာရွာကို စစ်ကောင်စီတပ် ရုတ်တရက် ဝင်ရောက်လာပြီး အမျိုးသမီးတွေ အပါအဝင် လူ ၅၀ နီးပါးကို လူသားဒိုင်း အဖြစ် ကားနဲ့တင်ခေါ်သွားစဥ် KIA က မိုင်းထောင် တိုက်ခိုက်ခဲ့တာကြောင့် အသက်၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

လတ်တလောမှာတော့ ဩဂုတ် ၂၂ ရက်တိုက်ပွဲကြောင့် စစ်တပ်က နန့်ယားဂိတ်ကို ချက်ချင်းပိတ်လိုက်ပြီး KIA ကလည်း သြဂုတ် ၂၃ ရက်ကစလို့ ဖားကန့် အဝင်၊အထွက် လမ်းကို ပိတ်လိုက်ပါတယ်။ ဒါကြောင့် နန့်ယားရွာမှာ မနေ့ကအထိ ကားအစီး ၃၀၀ ကျော်နဲ့ ခရီးသွားပြည်သူ တစ်ထောင်ကျော် ပိတ်မိနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ နန့်ယားကနေ မြစ်ကြီးနားဘက် အဆင်းကားတွေကို သွားခွင့် ပြုခဲ့ပေမယ့် ဖားကန့် အတက်လမ်းကိုတော့ KIA က အခုထိ ပိတ်ထားဆဲလို့ ဆိုပါတယ်။

RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အခု ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ဖမ်းဆီးခံရတဲ့ ပြည်သူ ၇၀၀ ကျော် ရှိခဲ့ပြီး အဲဒီထဲက ၅၀၀ ကျော်သာ ပြန်လည်လွတ်မြောက်လာပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။