CDM မှာပါဝင်မှုကြောင့် ပညာရေးဝန်ထမ်း ၂၂၅ ဦး ထိန်းသိမ်းခံထားရ

2022.09.20
CDM မှာပါဝင်မှုကြောင့် ပညာရေးဝန်ထမ်း ၂၂၅ ဦး ထိန်းသိမ်းခံထားရ နွေဦး​တော်လှန်​ရေးမှာ သေဆုံးသွားသည့် ဆရာမကြီး ​ဒေါ်တင်နွဲ့ရီ၏ ဓာတ်ပုံကို ​ရှေ့မှာထားပြီး မန္တ​လေးမြို့မှာ ပညာ​ရေးမိသားစုက ၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့က ထိုင်သပိတ် ဆန္ဒပြ​ကြစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာပါဝင်နေကြတဲ့ ပညာရေးဝန်ထမ်းတွေကို အလုပ်ပြန်ဝင်ဖို့ စစ်ကောင်စီက ဖိတ်ခေါ် နေပေမယ့် ဖမ်းဆီးထောင်ချမှုတွေကလည်း ဆက်တိုက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ CDM ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းပြီးချိန်ကနေ စက်တင်ဘာလ ၁၉ ရက် မနေ့ကအထိ CDM မှာ ပါဝင်ကြတဲ့ နိုင်ငံတစ်ဝန်းက ဆရာ၊ ဆရာမ ၂၂၅ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ အာဏာသိမ်း ၁၉ လတာအတွင်း ရန်ကုန်၊ မကွေး၊ စစ်ကိုင်း၊ မန္တလေးနဲ့ ကချင်ပြည်နယ်တွေမှာ ပညာရေးဝန်ထမ်း ၂၇ ဦး သေဆုံးခဲ့တယ်လို့လည်း AAPP ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက CDM ပညာရေးဝန်ထမ်းတွေကို ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ -၅၀ (ည) နဲ့ ၅၂ (က) စတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးပြီး နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်နေတာလို့ ဖမ်းဆီးခံထားရတဲ့ ပညာရေးဝန်ထမ်း မိသားစုတွေက ပြောပါတယ်။

တနင်္သာရီတိုင်းက ဒေါ်ဝေဝေရဲ့ သမီးဖြစ်သူ တက္ကသိုလ် ဆရာမတစ်ဦးဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဖမ်းဆီးခံခဲ့ရပြီး အခုနှစ် မတ်လမှာ ပုဒ်မ - ၅၀၅ (က) အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ ထောင် ၁၀ နှစ်ချမှတ်ခံခဲ့ရပါတယ်။

ဥပဒေ ချိုးဖောက်တာမရှိဘဲ ထောင် ၁၀ နှစ်ချလိုက်တဲ့အပေါ် ကျေနပ်မှုမရှိဘူးလို့ မိခင်ဖြစ်သူ ဒေါ်ဝေဝေက RFA ကို ပြောပါတယ်။

"အမိန့်ချမှတ်ခံရတာ မိသားစုတွေ လုံးဝမသိဘူး၊ ဖမ်းသွားတည်းက သူ့ကိုရုံးလည်း မထုတ်ဘူး၊ ထောင် ၁၀ နှစ် ဆိုပြီး ချလိုက်တာ၊ အန်တီတို့က သမီးရဲ့ ဆုံးဖြတ်ချက်ကို အားပေးတယ်၊ သမီး CDM ဝင်တော့ လိုင်းခန်းကနေ ဖယ်ပေးရတယ်၊ ဖယ်ပေး လိုက်တယ်၊ သမီးကို CDM မလုပ်နဲ့လို့ တစ်ခွန်း မပြောခဲ့ဘူး၊ တစ်နိုင်ငံလုံးက CDM လူငယ်တွေကို မတရားဖမ်းဆီးနေတဲ့ စစ်ကောင်စီကိုတော့ ဘယ်တော့မှ မကျေနပ် ပါဘူး"

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့ကလည်း ရတနာပုံတက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်က CDM ပညာရေးဝန်ထမ်းနဲ့ မိသားစုဝင် ၂၀ ကျော် ဖမ်းဆီးစစ်ဆေးခံခဲ့ရပါတယ်။

"သူတို့ရဲ့ MRTV၊ MWD တို့က မကြေညာတော့ဘဲ၊ တိတ်တစ်ဆိတ် ဖမ်းဆီးတယ်၊ ဖမ်းပြီးရင် ၅၀၅ အမှုစွဲထားတယ်ဆိုတာကို ပြပြီးတော့ အမှုတပ်ပြိး ဖမ်းတာတွေရှိတယ်"

အရင်က ရာဇသတ်ကြီးဥပဒေနဲ့ အရေးယူခံရသူတွေကို စစ်ကောင်စီက ထုတ်ပြန်လေ့ ရှိခဲ့ပေမယ့် အခုနောက်ပိုင်း မထုတ်ပြန်တော့ဘဲ တိတ်တဆိတ် ဖမ်းဆီးတာတွေ တွေ့လာရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDM ပညာရေးဝန်ထမ်း တစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီဘက်ကနေ ၅၀၅ ကို ဒီလို တရားဝင် ထုတ်ပြန်တာတွေရှိတယ်၊ တော်လှန်ရေး အစပိုင်း သိပ်မကြာခင်ကတောင် ဘယ်သူတွေက ၅၀၅ ပါတယ်ဆိုတာ စာရင်းတွေ ထုတ်ပြန်တာတွေ ရှိတယ်၊ဒါပေမဲ့ ဒီနောက်ပိုင်းမှာ စစ်ကောင်စီဘက်က လုပ်လာတဲ့အချိုးက ၅၀၅ တော့ ထုတ်ထားတယ်၊ ဒါပေမဲ့ သူတို့ရဲ့ MRTV၊ MWD တို့က မကြေညာတော့ဘဲ၊ တိတ်တစ်ဆိတ် ဖမ်းဆီးတယ်၊ ဖမ်းပြီးရင် ၅၀၅ အမှု စွဲထားတယ် ဆိုတာကို ပြပြီးတော့ အမှုတပ်ပြိး ဖမ်းတာတွေရှိတယ်။ ကျနော်တို့ ရဲဘော်တွေ အဲဒီလို ပါသွားတာတွေလည်းရှိတယ်"

CDM ပညာရေးဝန်ထမ်းတွေကတော့ အာဏာသိမ်း စစ်ကောင်စီလက်အောက်ကို ပြန်မသွားချင်တာကြောင့် စားဝတ်နေရေးအတွက် ရရာအလုပ်တွေနဲ့ ရုန်းကန် နေကြရတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားခြင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကတော့ CDM ဝန်ထမ်းတွေကို အလှည့်ကျစနစ်နဲ့ ထောက်ပံ့နေတယ်လို့ ပြောပါတယ်။

"အလှည့်ကျ ပုံမှန် ထောက်ပံ့တဲ့ နည်းလမ်းအပြင်ကို ကျနော်တို့နဲ့ဆက်စပ်နေတဲ့ CDM ဝန်ထမ်းတွေကို သူတို့ အလုပ်အကိုင်၊ အခွင့်အလမ်းတွေကိုဖော်ဆောင်ဖို့ capacity building နည်းပညာရပ်ဆိုင်ရာကို trainingတွေ ပေးတာရှိတယ်၊ နောက်ပြီးတော့ အရင်းအနှီးငွေကြေးကို ထုတ်ပေးပြီးတော့၊ အလှည့်အကျ ထုတ်ပေးပြီးတော့ လုပ်ငန်း တွေ အကောင်ထည်ဖော်ပြီးတော့ ပြေလည်အောင် ပုံမှန်ဝင်ငွေရရှိအောင် ဆောင်ရွက် ပေးတဲ့ ကိစ္စတွေလည်း ရှိတယ်၊ အဲဒီလို လုပ်ငန်းကိုပြပြီးတော့ ဖော်ဆောင်တာဖြစ်သလို မိမိတို့ကြိုက်နှစ်သက်ရာ ဆောင်ရွက်လို့ ရအောင်ဆိုပြီးတော့ ငွေထုတ်ချေးပေးတဲ့ ပုံစံလည်းရှိတယ်၊ အဲဒီလိုနည်းနဲ့ CDM ဝန်ထမ်းတွေကို ပံ့ပိုးကူညီတာတွေ ရှိပါတယ် ခင်ဗျာ"

စစ်အာဏာရှင်ဖြုတ်ချရေးမှာ CDM ဝန်ထမ်းတွေက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာကြောင့် အခက်အခဲပေါင်းစုံကို ရင်ဆိုင်နေရတဲ့ CDM ဝန်ထမ်းတွေကို NUG အနေနဲ့ အသိအမှတ်ပြုကြောင်းလည်း ဒေါက်တာ ဝင်းမြတ်အေးကပြောပါတယ်။

အရပ်သားအစိုးရလက်ထက် နောက်ဆုံးပညာသင်နှစ်ဖြစ်တဲ့ ၂၁၀၉ -၂၀၂၀ ပညာသင်နှစ်မှာ နိုင်ငံတစ်ဝန်း ပညာရေးဝန်ထမ်း လေးသိန်းနီးပါး ရှိပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေကြတဲ့ ပညာဝန်ထမ်း နှစ်သိန်းခွဲနီးပါးရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကတော့ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်လိုသူတွေကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံဆက်သွယ် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ဆောင်နေတယ်လို့ နိုင်ငံပိုင် သတင်း မီဒီယာတွေကနေတစ်ဆင့် မကြာခဏ ထုတ်ပြန်တာတွေ ရှိနေပါတယ်။ ဩဂုတ် ၂၇ ရက် နေ့က စစ်ကောင်စီထုတ်ပြန်ချက်တစ်ခုမှာလည်း တာဝန်ကနေ ကင်းကွာနေတဲ့ အခြေခံ ပညာရေးဝန်ထမ်းတွေကို ဖိတ်ခေါ်ရာမှာ ပြန်လည်ဝင်ရောက်လာသူ ၃၁၅၆ ဦးနဲ့ ရေးဖွင့် ထားတဲ့ အမှုတွေကို ပိတ်သိမ်းဖို့ ဆက်သွယ်လာသူ ၁၀၀၉ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

nawmu-cdm-teacher.jpg
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်က အထည်ဆိုင်တစ်ဆိုင်မှာ နေ့စားအကူလုပ်ကိုင်နေတဲ့ CDM ဆရာမ နော်မူကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်‌နေ့က တွေ့ရစဉ်။ (Photo: RFA)

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ CDM ဝန်ထမ်းတွေကို အရေးယူပြ နေတာဟာ စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုအပေါ် လက်ခံသူနည်းနေသေးတဲ့အတွက် ကြောက်လန့်အောင်လုပ်ပြနေတာလို့ ဝေဖန်ပါတယ်။

"အရေးကြီးတဲ့ နေရာမှာရှိတဲ့ ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ ဆရာဝန်တွေ၊ ဒီလူတွေ ပြန်ဝင်ရောက်လာဖို့အတွက်က သူ့အနေနဲ့ အင်အားသုံးပြီး ပြန်ပြီး မောင်းသွင်းဖို့အတွက် အခုလို ကြောက်လန့်သွားအောင် အရေးယူမှုတွေ လုပ်နေတာ၊ အိမ်ယာသိမ်းတာတွေ စသည်အားဖြင့် အဲလိုတွေ လုပ်လာတာပါ၊ အဲဒါဟာ သူတို့ရဲ့ လုပ်ငန်းစဉ် မအောင်မြင် ဘူးဆိုတာ လက်တွေ့ဖော်ပြချက်တွေ ဖြစ်တယ်လို့ မြင်ပါတယ်"

အာဏာသိမ်းကာလ ကြာရှည်လာတာနဲ့အမျှ CDM ပညာရေးဝန်ထမ်းတွေရဲ့ ရင်ဆိုင်ရတဲ့ အထွေထွေ အကျပ်အတည်းတွေ ပိုများလာပေမယ့် စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံမှာမဟုတ်ဘူးလို့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးပူးပေါင်းဆောင်ရွက်မှု ကွန်ရက် (FDECN) ကော်မတီဝင် ဦးကျော်ရဲလွင်က ပြောပါတယ်။

"ဘယ်လိုပဲ ခက်ခဲနေပါစေ၊ ငါတို့လျှာပေါ်  မြက်ပေါက်နေပါစေ၊ စစ်ကောင်စီရဲ့ လက်အောက်မှာရှိတဲ့ စစ်ကျွန်ပညာရေးကို ဘယ်တော့မှ ပြန်မလုပ်ဘူး။ စစ်ကောင်စီရဲ့ အောက်မှာ ငါတို့ ဘယ်တော့မှ တိုင်းပြည်တာဝန်ကို ပြန်မထမ်းဆောင်ဘူး။ သူတို့ရဲ့ လက်ကိုင်တုပ်တွေ ဘယ်တော့မှအဖြစ်မခံဘူးဆိုတဲ့ ယုံကြည်ချက်တွေ ခိုင်ခိုင်မာမာနဲ့ အရာအားလုံးကို ဆန့်ကျင်ပြီးတော့ ရပ်တည်တော်လှန်နေကြတာ ဖြစ်ပါတယ်"

စစ်ကောင်စီအနေနဲ့ CDM ပညာရေးဝန်ထမ်းတွေကို ပစ်မှတ်ထား ဖမ်းဆီးမှုတွေရှိနေသလို ဘဝရပ်တည်ရေးကိုပါ တားဆီးတဲ့အနေနဲ့ ပုဂ္ဂလိက ကျောင်းတွေမှာ စာသင်ကြားခွင့်တွေကို ပါ တင်းတင်းကျပ်ကျပ် ပိတ်ပင်ခံထားရတယ်လို့ CDM ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။