တပ်မတော်ရဲ့သတိပေးချက်အပေါ် အမြင်တချို့
2019.01.25
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ ပတ်သက်ပြီး သတိပေးချက် တခုကို တပ်မတော်က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ယာယီအပစ်ရပ်စဲထားတဲ့ကာလမှာ တိုင်းရင်းသား လက်နက်ကိုင်တချို့က အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်မယ့်ကိစ္စတွေ လုပ်ဆောင်နေတယ်လို့ ပြောဆိုထားတာပါ။ ဒီကြေညာချက်နဲ့ပတ်သက်ပြီး ဒီကြေညာချက်နဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တချို့ရဲ့ အမြင်တွေကို RFA ဝိုင်းတော်သူ မနန္ဒာချမ်း က တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
တပ်မတော်ရဲ့သတိပေးချက်အပေါ် အမြင်တချို့
(မနန္ဒာချမ်း)
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ အဓိကကတော့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့အတွက် စစ်တိုင်းဒေသကြီး ငါးခုမှာ လေးလတာ ယာယီအပစ်ခတ်ရပ်စဲရေး ကြေညာထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တချို့က အချင်းချင်းတိုက်ပွဲဖြစ်တာ၊ နယ်မြေကျော်လှုပ်ရှားတာ၊ ဆက်ကြေးကောက်တာ၊ လူသစ်စုဆောင်းတာ၊ တပ်မတော်စစ်ကြောင်းတွေကို ချောင်းမြောင်းပစ်ခတ်တာ၊ ဒေသခံတွေကို နှိပ်စက်တာတွေကို ပြုလုပ်နေတယ်လို့ အကြိမ်ရေနဲ့တကွ ဖော်ပြထားတာပါ။
ယာယီအပစ်ရပ်ထားတာ တစ်လကျော်လာတဲ့အချိန်အထိ ဆွေးနွေးမှုတွေကို မစနိုင်သေးဘဲ အခုလို လုပ်ဆောင်မှုတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက်စေတယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။ ဒါကြောင့် လာမယ့် ပြည်ထောင်စုနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို နောက်ဆုံးထားပြီး ဒီလိုလုပ်ဆောင်နေတာတွေကို ရပ်ဖို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အမြန်ဆုံး လုပ်ဆောင်ဖို့ ကြေညာချက်မှာ တိုက်တွန်းထားတာပါ။
တိုင်းရင်းသားလက်နက်ကိုင်တချို့ကတော့ ဒီကြေညာချက်ဟာ ခိုင်လုံမှုမရှိဘူးလို့ ထောက်ပြကြပါတယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးတဲ့ တအာန်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA ကတော့ - ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် ထိုးစစ်ဆင်ဖို့အတွက် ကြံစည်မှုတခုဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
“အပစ်ရပ်ထားတာမရှိဘူး။ နယ်မြေသတ်မှတ်ထားတာလည်းမရှိဘူး။ ကြေညာချက်သာထုတ်တာ သူတို့လည်း ထိုးစစ်တွေ ရပ်မှမရပ်တာ။ ကျနော်အမြင်ကတော့ ထိုးစစ်ဆင်ဖို့အတွက် ရည်ရွယ်ပြီးမှ ထုတ်ပြန်တာပဲ”
အစိုးရစစ်တပ်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်မတော်၊ တအာန်းလွတ်မြောက်ရေးတပ်မတော် TNLA၊ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း SSA၊ ရခိုင့်တပ်မတော် AA နဲ့ MNDAA ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမထားသေးပါဘူး။ ဒီလို ကြန့်ကြာနေရတဲ့ အကြောင်းရင်းကိုလည်း TNLA က အခုလို ပြောပါတယ်။
“ငြိမ်းချမ်းရေးဆွေးနွေးလိုပါတယ်။ ဒါပေမဲ့ သူတို့ဘက်က ကမ်းလှမ်းလာတာ မရှိဘူး။ အကန့်အသတ်မပါတဲ့ တွေ့ဆုံမှုမျိုးဖြစ်ဖို့တော့ လိုတယ်။ ကန့်သတ်ချက်တွေက အဟန့်အတားဖြစ်နေရတာပါ”
နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တက်ရောက်နေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့
“တပ်မတော်က ယာယီအပစ်ရပ်ထားပေမဲ့ ၁ လကျော်တဲ့အထိ တပ်မတော်က တာဝန်ပေးထားတဲ့ ဗိုလ်ချုပ်ကြီး ရာပြည့် အဖွဲ့က တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ ကြန့်ကြာနေတာဟာ ကြိုးစားမှုများ လိုအပ်နေသလားပေါ့နော်။ အချင်းချင်းပဲဖြစ်ဖြစ် တိုင်းရင်းသားနဲ့ တပ်မတော်ပဲဖြစ်ဖြစ် လက်နက်ကိုင် ဖြေရှင်းလို့ မရဘူးဆိုတာ အခု ဆွေးနွေးမှုတွေ လုပ်နေတာနဲ့ ဆွေးနွေးမှုတွေဖြစ်ဖို့ ကြိုးစားနေတာတွေက သက်သေပါ”
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးညီလာခံကိုလည်း မကြာခင်မှာ ပြန်စနိုင်မယ့် အလားအလာရှိပြီး၊ မြန်မာပြည်ငြိမ်းချမ်းရေးဟာ တရုတ်အကျိုးစီးပွားနဲ့လည်း ဆက်စပ်နေတဲ့အတွက် မြောက်ပိုင်းအဖွဲ့တွေအပေါ် အပစ်ခတ်ရပ်စဲရေးရဖို့ တရုတ်က တွန်းအားပေးတာတွေရှိတယ်လို့လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
“အလားအလာကောင်းပါတယ်။ မကြာခင်ပြန်စနိုင် - တရုတ်စီးပွားရေးအတွက် မြောက်ပိုင်းအဖွဲ့တွေအပေါ် ဖိအားပေးမယ်။ --------”
တပ်မတော်ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ကစလို့ ဒီနှစ် ဧပြီလ ၃ဝ ရက်နေ့အထိ စစ်တိုင်းဒေသကြီး ငါးခုမှာ လေးလတာ ယာယီအပစ်ရပ်စဲရေးကို တဖက်သတ်ကြေညာထားတာဖြစ်ပါတယ်။