အကြမ်းဖက်ဥပဒေပြင်ဆင်ချက် ပြည်သူတွေ ပိုဖိနှိပ်ခံရနိုင်တယ်လို့ ရှေ့နေတွေ ထောက်ပြ

ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021.08.06

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထောင်ဒဏ် ခုနစ်နှစ်အထိချမှတ်နိုင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဒပုဒ်မ - ၅၂ (က) ထဲမှာ ပုဒ်မခွဲငယ်တစ်ခုကို သြဂုတ်လ ၁ ရက်နေ့က ထပ်တိုးပြင်ဆင် ပြဌာန်းလိုက်တာပါ။

ဒီပြင်ဆင်ချက်ဟာ ပုဒ်မ ၅၂ (က)ရဲ့ မူလပြဌာန်းချက်တွေထဲမှာ ပုဒ်မ - ၃ (ခ) ရဲ့ ပုဒ်မခွဲငယ် ၁၆ ကနေ ၁၈ အထိလို့ ပြဌာန်းထားတာကို ပုဒ်မခွဲငယ် ၁၅ ကနေ ၁၈ အထိလို့ ပုဒ်မခွဲငယ်တစ်ခု ထပ်တိုးပြင်ဆင် ပြဌာန်း လိုက်တာလည်း ဖြစ်ပါတယ်။

အဲဒီပုဒ်မခွဲငယ် ၁၆ ကနေ ၁၈ အထိဟာ အကြမ်းဖက်အုပ်စုဖွဲ့စည်းဖို့နဲ့ အကြမ်းဖက်အုပ်စုတစ်ခုခုမှာ ပါဝင် လှုပ်ရှားဆောင်ရွက်စေတာ၊ အဖွဲ့ဝင်ကို ဖမ်းဆီးအရေးယူတာတွေမလုပ်ရအောင် ထိန်ချန်တာ၊ ခိုလှုံပုန်း အောင်းခွင့်ပေးတာ၊ အဆောက်အအုံကို အသုံးပြုခွင့်ပေးတာ စတဲ့အချက်တွေပါဝင်ပါတယ်။

အခုထပ်တိုးလိုက်တဲ့ ပုဒ်မခွဲငယ် ၁၅ မှာတော့ အကြမ်းဖက်အုပ်စုတစ်ခုခုမှာဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းတွေ ဆောင်ရွက်ရာမှာဖြစ်စေ တစ်ဦးဦးကိုပါဝင်စေဖို့ တိုက်တွန်းစည်းရုံးသိမ်းသွင်းတာ၊ ဝါဒဖြန့်တာနဲ့ စုဆောင်း တာတွေ ပါဝင်ပါတယ်။

အခုလို ပုဒ်မခွဲငယ်တစ်ခုကို ထပ်တိုးပြင်ဆင်လိုက်တာဟာ စစ်ကောင်စီကိုတော်လှန်နေတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ကိုအကူအညီပေးနေတဲ့ ပြည်သူတွေကို ထိန်းချုပ်အရေးယူတာတွေ ပြုလုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြင်ဆင်တာဖြစ်တယ်လို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ ဝါရင့်ရှေ့နေ တစ်ဦးက RFA ကိုပြောပါတယ်။

“PDF အဖွဲ့တွေပေါ့နော် တိုင်းရင်းသားလက်နက်ကိုင်တွေဆီမှာ သူတို့သင်တန်းတွေတက်ပြီးတော့မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည်အားဖြင့် မြို့ကြီးတွေပေါ့၊ အဲဒီမြို့ကြီးတွေမှာ တဖြည်းဖြည်းနဲ့ စိမ့်ဝင်ပြီးတော့ နေရာယူကြတယ်ပေါ့။ သူတို့သတ်မှတ်ထားတဲ့ D day ရောက်လို့ရှိရင် သူတို့လည်း လိုအပ် တဲ့လုပ်ငန်းတွေလုပ်မယ်ပေါ့။ ဒါတွေကို ကြိုတင်ပြီးတော့ ထိန်းချုပ်နိုင်ဖို့၊ တနည်းအားဖြင့် ဖော်ထုတ် ဖမ်းဆီးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။ အခုဒီ NUG အောက်မှာရှိနေတဲ့ PDF အပါအဝင် PDF ကို အားပေး သူတွေ၊ ထောက်ပံ့သူတွေ၊ တည်းခိုခွင့်ပေးထားတဲ့သူတွေ၊ ပုန်းအောင်းခွင့်ပေးထားတဲ့သူတွေ၊ အကုန်လုံးကို ကျယ်ကျယ်ပြန့်ပြန့် အရေးယူနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ”

စစ်ကောင်စီက သြဂုတ်လ ၁ ရက်နေ့က အိမ်စောင့်အစိုးရကို ပြောင်းလဲဖွဲ့စည်းတဲ့နေ့မှာပဲ တိုင်းနဲ့ပြည်နယ် တွေရဲ့  လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနေရာတွေကို ရဲမှူးကြီးတွေကို ပေးအပ်ခန့်ထားလိုက်ပါတယ်။ ဒါဟာ လမ်းပန်းဆက်သွယ်ရေးတွေ တိုးတက်ဖွံ့ဖြိုးလာဖို့ဆိုတာထက်  အချက်အခြာကျတဲ့မြို့ကြီးတွေကို တဖြည်း ဖြည်းစိမ့်ဝင်လာတဲ့ PDF တွေကို ဖော်ထုတ်ဖမ်းဆီးပြီး ထိန်းချုပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ သူကဆိုပါတယ်။

သြဂုတ်လ ၅ ရက် မနေ့ကထုတ်ဝေတဲ့ စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်းစာမှာလည်း အခုထပ်ဖြည့် ပြင်ဆင်လိုက်တဲ့ ပုဒ်မခွဲငယ် ၁၅ ဟာ နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေညာထားတဲ့ CRPH, NUG, PDF တွေနဲ့ အချို့သော EAOs တိုင်းရင်းသားလက်နက်ကိုင်တွေအကြောင်း ရေးသားတာ၊ မီဒီယာ တစ်ခုက ရုပ်သံ၊ ဂီတ၊ စာပေ၊ ကာတွန်း၊ ပန်းချီ စတာတွေနဲ့ ထောက်ခံတာ၊ ပြောဆိုတာ စတဲ့အပြုအမူတွေနဲ့ အကြမ်းဖက်အဖွဲ့ကို ဝင်ရောက်ဖို့ဖြစ်စေ၊ စေခိုင်းတာကိုလုပ်ဆောင်တာဖြစ်စေ ဒီဥပဒေနဲ့ အရေးယူခံရမယ်လို့ ခြိမ်းခြောက်ရေးသားထားပါတယ်။

"PDF ကို အားပေးထောက်ပံ့သူတွေ အကုန်လုံးကို ကျယ်ကျယ်ပြန့်ပြန့် အရေးယူနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ"

ဒါ့အပြင် ဘဏ်ငွေစာရင်းနဲ့ မိုဘိုင်းဘဏ်စာရင်းအချက်အလက်တွေကို အစိုးရက အချိန်မရွေးစစ်ဆေးနိုင်တဲ့ အတွက် စစ်ဆေးတွေ့ရှိရင် ဘယ်နည်းနဲ့မှရှောင်နိုင်မှာ မဟုတ်သလို ဒီဥပဒေကိုပြင်ဆင်လိုက်တာဟာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သူတို့ကိုထောက်ခံသူတွေကို အစိုးရက ဖိဖိစီးစီး စိစစ်အရေးယူတော့မယ် ဆိုတာ သတိပေးလိုက်တာပဲလို့လည်း စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်းစာမှာ ရေးသားထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာတွေဟာ ဝါဒဖြန့်နေတာတွေလုပ်နေတယ်လို့ စစ်ကောင်စီက မကြာခဏ စွပ်စွဲပြောဆိုမှုတွေလည်း ရှိနေတာကြောင့် အခုပြင်ဆင်လိုက်တဲ့ ဥပဒေအပေါ် သတင်းမီဒီယာသမားတွေအကြားမှာလည်း စိုးရိမ်မှုတွေရှိနေပါတယ်။

ထပ်တိုးလိုက်တဲ့ ပုဒ်မှာ ဝါဒဖြန့်ချိရေးဆိုတဲ့ စကားရပ်ကို ထည့်သွင်းထားတာကြောင့် မီဒီယာတွေကို အဲဒီပုဒ်မနဲ့ အရေးယူလာနိုင်ခြေရှိတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ မီဒီယာသမားတစ်ဦးက သုံးသပ်ပါတယ်။

“ဝါဒဖြန့်ချိရေးဆိုတဲ့ စကားလုံးတစ်ရပ်က ဒါကအရမ်းကိုအရေးကြီးတယ်။ စစ်ကောင်စီ အာဏာသိမ်း ပြီးနောက် ပြည်သူလူထုခံစားနေရတဲ့ ဒုက္ခသုက္ခတွေကို သူတို့က သတင်းတင်ဆက်နေတဲ့အခါမှာ အခုလို သူတို့ကို ဆန့်ကျင်ပါတယ်။ သူတို့ကိုမထောက်ခံပါဘူး ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ဝါဒဖြန့်ချိပါ တယ်ဆိုတဲ့ စကားရပ်တစ်ခုကို သူတို့က ထည့်သွင်းလိုက်တာကတော့ ဒါက မီဒီယာသမားတွေကို သက် သက်နှိပ်ကွပ်တယ်လို့ပဲ ကျနော်ယူဆပါတယ်။ သတင်းမီဒီယာသမားတွေ အထူးသဖြင့် ပြည်တွင်းမှာ နည်းနည်းလေးသာ တင်ကျန်နေတော့တဲ့ သတင်းမီဒီယာသမားတွေအတွက်တော့ အန္တရာယ်အကြီးကြီး တစ်ခုလို့တော့ အကိုယူဆတယ်”

RFA က စုံစမ်းသိရတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အချိန်ခြောက်လအတွင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတဲ့ သတင်းသမားပေါင်း ၉၀ ဦးအထိ ရှိခဲ့ပါတယ်။

အဲဒီအထဲက သတင်းသမား ၄၅ ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် နောက်ထပ် ၄၅ ဦးကတော့ ဒီနေ့အထိ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။

reporter-free.jpg
(ဆန္ဒပြပွဲသတင်းယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် မကေဇွန်နွေးနဲ့ ကိုရဲမျိုးခန့်တို့ ဇွန် ၃၀ ရက်နေ့က အင်းစိန်ထောင်က ပြန်လွတ်လာစဥ်)

အခုပြင်ဆင်လိုက်တဲ့ ဥပဒေအရ သတင်းမီဒီယာသမားတွေအပြင် ပုဂ္ဂလိက တစ်ယောက်ချင်းစီရဲ့ လူမှု ကွန်ရက်တွေပေါ်မှာ တင်ပြဖြန့်ဝေတဲ့ အကြောင်းအရာတွေကိုလည်း လှုံ့ဆော်တယ်၊ ဝါဒဖြန့်တယ်လို့ သုံးသပ် လို့ရတာကြောင့် အရင်က ရာဇသတ်ကြီး ပုဒ်မ- ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ - ၆၆ (ဃ) တို့နဲ့ အရေး ယူခဲ့တာကို အခုနောက်ပိုင်းမှာ ပြစ်ဒဏ်တွေ ပိုမိုပြင်းထန်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ပါ အရေးယူ လာနိုင်တဲ့ အနေအထားရှိတယ်လို့ ရှေ့နေတွေက သုံးသပ်ကြပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက အခုပြင်ဆင်လိုက်တဲ့ ဥပဒေကြောင့် ပြည်သူတွေရဲ့လွတ်လပ်မှုတွေ ပျောက်ဆုံးမယ့်လမ်းကို ဦးတည်နေတယ်လို့ ပြောပါတယ်။

“လက်ရှိသူတို့ပြင်တဲ့ ဥပဒေတွေကို ကြည့်မယ်ဆိုလို့ရှိရင် ပြည်သူတွေ တိုးတက်ရာတိုးတက်ကြောင်း အတွက်ပေါ့။ နောက်ဆုံးစီးပွားရေးအရပေါ့နော် အဲဒီလိုမျိုးတိုးတက်နိုင်တဲ့ နည်းလမ်းနဲ့ ဥပဒေတွေကို ပြင်တာမဟုတ်ဘဲနဲ့ အုပ်ချုပ်ရေးရေးပိုင်းနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြင်နေတဲ့အတွက် သူတို့ရဲ့ရည်ရွယ်ချက် ကတော့ သူတို့လုပ်တဲ့အပေါ်  ဘယ်သူမှနှောင့်ယှက်လို့မရအောင်လို့ ဥပဒေကို ခိုင်မာအောင်လုပ်တယ်လို့ မြင်တယ်ဗျ။ ဒါရဲ့အကျိုးဆက်ကတော့ နောက်ပိုင်း ပြည်သူတွေ အကိုတို့ မီဒီယာတွေ အပါအဝင်ပေါ့ ပြည်သူတွေအကုန်လုံးက စကားပြောရင်တောင် ထိန်းပြီးဆင်ခြင်ပြောရမယ့် အခြေအနေအထိရောက် သွားမယ်ဗျ။ လုံးဝလှုပ်လို့မရတဲ့အထိသူတို့ရဲ့ ဖိနှိပ်ချုပ်ခြယ်မှုအောက်ကို ရောက်သွားလိမ့်မယ်ဗျ။ ဒီအတိုင်းသွားလို့ရှိရင်တော့ ပြည်သူတွေရဲ့နေမှုထိုင်မှုအားလုံး အကျပ်အတည်းထဲ ရောက်ပြီး လူ့အခွင့် အရေးဆိုတဲ့စကားလုံး လုံးဝပျောက်ဆုံးသွားလိမ့်မယ်ဗျ”

နော်ဝေနိုင်ငံမှာနေထိုင်တဲ့ အာရှလူ့အခွင့်အရေးကော်မရှင် (AHRC) က ရှေ့နေဦးမင်းလွင်ဦး ကတော့ စစ်ကောင်စီဟာ သူတို့အာဏာတည်မြဲရေးအတွက် ဥပဒေတွေကို သူတို့စိတ်ကြိုက်ပြင်ပြီး ပြည်သူတွေကို ဖိနှိပ်နေတာလို့ ဝေဖန်ပါတယ်။

AHRC က ရှေ့နေဦးမင်းလွင်ဦး

“နဂိုက ဥပဒေကနေ အကာကွယ်ပေးထားတဲ့ ဥပဒေအချက်အလက်တွေကို အားလုံးပြုပြင်ပြောင်းလဲ ပြီးတော့မှ ဖျက်သိမ်းပြီးတော့မှ စိတ်တိုင်းကျ ပြည်သူတွေအပေါ်မှာ လူ့အခွင့်အရေး ကျူးလွန်ဖောက်ဖျက် နေတယ်။ အာဏာတည်မြဲရေးအတွက် နှိပ်စက်ညှဥ်းပန်းခြင်းတွေကို စဉ်ဆက်မပြတ် လုပ်နေတယ်။ စစ်ကြောရေးတွေမှာ လူမဆန်စွာ နှိပ်စက်ညှဥ်းပန်းနေတယ်။ နောက်ပြီးတော့ ရိုက်နှက်တာတွေ နှိပ်စက် ညှဥ်းပန်းတာတွေ ပြောရမယ် ဆိုလို့ရှိရင်ဗျာ အဓမ္မနည်းနဲ့ စစ်ဆေးမေးမြန်းတဲ့ကိစ္စရပ်တွေ ဒါတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အတိအလင်း ကျူးလွန်နေတာဖြစ်တယ်”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးဥပဒေ၊ နိုင်လွတ်လုံဥပဒေတွေကို ပြင်ဆင်တာ၊ ဧည့်စာရင်းဥပဒေကို ပြန်အသက်သွင်းတာတွေနဲ့ အခုနောက်ဆုံး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေကို ပြင်ဆင်တာတွေကို ဆက်လက်လုပ်ဆောင်ခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်တွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူပေါင်း (၅၄၉၇) ဦးရှိပြီး အဲဒီအထဲက (၂၅၅) ဦးက ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ဖမ်းဝရမ်းထုတ်ခြင်းခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေသူ (၁၉၈၄) ဦးရှိပြီး သေဒဏ်ချမှတ်ခံထားရသူတွေ ကတော့ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦးအပါအဝင် စုစုပေါင်း (၆၅) ဦးရှိတယ်လို့လည်း ဖော်ပြ ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။