လူငယ်တွေ ၄၄ လမ်းမှာ အသေခံခုန်ချခဲ့မှုကနေ ဘယ်လို သင်ခန်းစာယူမှာလဲ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2021.08.13

နွေဦးတော်လှန်ရေး မြေအောက်လှုပ်ရှားမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ ယူဆရတဲ့လူငယ် ငါးဦး သြဂုတ်လ ၁ဝ ရက်နေ့က ရန်ကုန်မြို့တိုက်ခေါင်မိုး အမြင့်တခုပေါ်ကနေ အသက်အသေခံပြီး ခုန်ချခဲ့ကြတဲ့သတင်းဟာ မြန်မာပြည်သူလူထုရဲ့ ရင်ထဲကို နက်နက်ရှိုင်းရှိုင်း ရိုက်ခတ်သွားခဲ့ပြီး အာဏာသိမ်းစစ်တပ်အပေါ် လူထုရဲ့ နာကျည်းမှုတွေ ပိုမိုမြင့်မားလာခဲ့ပုံကို နိုင်ငံတကာ မီဒီယာတွေက အကျယ်အပြန့် ဖော်ပြခဲ့ကြပါတယ်။

"တပ်စခန်းနေရာချတိုင်း ချတိုင်းမှာ ကိုယ်သည် ဘယ်နေရာကနေ ပြန်ထွက်မလဲ။ အဲဒီလို ပြန်ထွက်နိုင်ဖို့ အချိန်ဘယ်လောက်လိုမလဲ။ ဘယ်လိုအခြေအနေမျိုးကို ဖန်တီးရမလဲဆိုတာကို အမြဲတမ်း စဉ်းစားသုံးသပ်ပါ။ မပေ့ါပါနဲ့လို့ အကြံပေးချင်ပါတယ်"

ဒီဖြစ်ရပ်ကြောင့် မြန်မာပြည်သူတွေအတွင်း မြေအောက်လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ လူငယ်တွေအတွက် စိုးရိမ်ပူပန်မှုတွေ စာနာမှုတွေ အကြီးအကျယ်ပေါ်ထွက်ခဲ့ပါတယ်။ ထိခိုက်ဆုံးရှုံးမှုအနည်းပါးဆုံးဖြစ်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာဟာ တော်လှန်ရေး အင်အားစုတွေ အကြား မေးခွန်းတခုဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ ဗိုလ်ကြီး ညီသုတ ကတော့ မြို့ပြပြောက်ကျားလှုပ်ရှားမှုရဲ့ အသက်ဟာ စုဖွဲ့မှုဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“နေရာတစ်ခုမှာ သုံးယောက်ထက်ပိုပြီး စုမနေတာကတော့ အကောင်းဆုံးပဲ။ ဒါဟာမြို့ပြပြောက်ကျားရဲ့ စည်းမျဉ်းလို့တောင် ပြောလို့ရပါတယ်။ ဖြစ်နိုင်ရင်တော့ တယောက်တည်းနေ၊ တကယ်တမ်း စစ်ဆင်ရေး လုပ်တဲ့အခါကျတော့မှ သုံးယောက်တန်သည် ငါးယောက် တန်သည် Operation ကို အတူတူ လုပ်တာမျိုးပေါ့။ နောက်တစ်ခုကတော့ ကိုယ်နေတဲ့ တိုက်ခန်း၊ ကိုယ်နေတဲ့နေရာတွေကို တပ်စခန်းလိုပဲ သဘောထားပြီး ရန်သူဝင်လာနိုင်တဲ့ လမ်းကြောင်းတွေမှာ ကိုယ့်ကိုထောက်လှမ်းပေးမယ့် လူတွေ သို့မဟုတ် စနစ်တွေကို ထားဖို့ လိုပါတယ်။ စစ်တပ်ထဲမှာဆိုရင်တော့ ကင်း၊ ကျင်း၊ ထမင်း လို့ပြောတာပေါ့နော်။ ကျနော်တို့ ကင်းကို အရင်ချရတယ်။ ပြီးတော့မှ ကိုယ့်ရဲ့ အကာအကွယ်အတွက် ကျင်းတူးရတယ်။ ပြီးတော့မှ ထမင်းချက်။ ဆိုတော့ အခု ဒီပြောက်ကျားမှာလည်း ကိုယ်သည် ဒီတိုက်ခန်းထဲမှာ နေတယ်ဆိုပေမယ့် ဒါသည် စစ်ဆင်ရေးအရ ကိုယ့်ရဲ့ စခန်းလို့ပဲပြောရမယ်။ ဒါကြောင့် ကျနော်တို့က ပျောက်ကြားစနစ်နဲ့ ပတ်သက်ပြီး အကြံပေးတဲ့အခါမှာ အဖွဲ့စနစ် လိုတယ်လို့ ကျနော်တို့ အမြဲအကြံပေးပါတယ်။ တကယ်တန်း ဒီ စစ်ဆင်ရေးတခုကို လုပ်မယ့်သူဟာ သုံးယောက်ဖြစ်လိမ့်မယ်၊ ငါးယောက်ဖြစ်လိမ့်မယ်။ ဒါပေမယ့် ဒီ operation လုပ်မယ့်သူတွေကို ကူညီမယ့် အခြားသူတွေ အများကြီး လိုတယ်။ တကယ်လို့ ကိုယ်သည် လမ်းသွယ်တခုထဲမှာ ရှိနေမယ်ဆိုရင် ဒီလမ်းသွယ်လေးကို ဝင်လာနိုင်တဲ့နေရာတွေမှာ ကြိုသိနိုင်ဖို့အတွက် ကျနော်တို့အနေနဲ့ ထောက်လှမ်းနိုင်တဲ့ စနစ်တွေသော်လည်းကောင်း လူသော်လည်းကောင်း ရှိဖို့လိုပါတယ်။ ဒါမှပဲ ကျနော်တို့ဟာ ထွက်ပေါက်အတွက် ကြိုပြင်နိုင်မယ်။ ခွာဖို့အတွက်လည်း ကြိုပြင်နိုင်မယ်။ ဒါကြောင့် တပ်စခန်းနေရာချတိုင်း ချတိုင်းမှာ ကိုယ်သည် ဘယ်နေရာကနေ ပြန်ထွက်မလဲ။ အဲဒီလို ပြန်ထွက်နိုင်ဖို့ အချိန်ဘယ်လောက်လိုမလဲ။ ဘယ်လိုအခြေအနေမျိုးကို ဖန်တီးရမလဲဆိုတာကို အမြဲတမ်း စဉ်းစားသုံးသပ်ပါ။ မပေ့ါပါနဲ့လို့ အကြံပေးချင်ပါတယ် ခင်ဗျ”

မြို့ပြလှုပ်ရှားမှုမှာ ပါဝင်နေသူတွေ လက်ရှိ အဓိကရင်ဆိုင်နေရတဲ့ ပြဿနာတခုက ဘဏ္ဍရေးဖြစ်ပါတယ်။ ရန်ကုန်လို မြို့ပြတွေမှာ တိုက်ခန်းဌားခ ဈေးကြီးတဲ့အပြင် သုံးလ သို့မဟုတ် ခြောက်လ အနည်းဆုံးဌားရမ်းရတဲ့အတွက် ကုန်ကျစရိတ်ကြောင့် စုပေါင်းနေထိုင်ရတာတွေ၊ စာချုပ်ငှားရမ်းကာလ မပြည့်ခင် ပြောင်းရွှေ့ဖို့ အခက်တွေကြုံနေရတယ်လို့ ဆိုပါတယ်။

2021-07-14T085202Z_671685232_RC28KO9CK6WY_RTRMADP_3_MYANMAR-POLITICS.JPG
ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်တစ်ခုမှာ ပါဝင်ခဲ့ကြတဲ့ လူငယ်တွေကို ဇူလိုင်လ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ဒီကနေ့လူငယ်တွေကြုံတွေ့နေရတဲ့ အခက်အခဲတွေက ကြီးမားကျယ်ပြန့်လှတဲ့အတွက် တော်လှန်ရေးရဲ့ ကြမ်းတမ်းမှုတွေကို ကြိုတင်တွက်ဆပြီး ကြံ့ကြံ့ခိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။

“ကိုယ်မကြိုက် မနှစ်သက်တာကို တော်လှန်တဲ့အခါမှာ လွယ်လွယ်ကူကူ နဲ့ ဖြစ်ဖို့မရှိဘူး။ အခက်အခဲတွေ အများကြီးရှိနိုင်တယ်။ လုံခြုံရေးတွေ ရှိနိုင်တယ်။ ငွေရေးကြေးရေးတွေ ရှိနိုင်တယ်။ တရားဥပဒေကိစ္စတွေ ရှိနိုင်တယ်။ ဒါတွေကို ဆင်ခြင်ဖို့လိုတယ်။ ရှေးလူကြီးတွေရဲ့ အတွေ့အကြုံတွေ အများကြီးကို ဖတ်ဖို့လိုတယ်လို့ ထင်တယ်။ လူကြီးတွေကို မေးမြန်းပြီး ဆောင်ရွက်ဖို့လိုတယ်၊ နောက်ပြီး စိတ်ထင်တိုင်းလုပ်တာ မသင့်တော်ဘူး။ လုံခြုံရေးသတိလည်း အမြဲရှိဖို့ လိုတယ်”

3ec3792b-478a-44b1-ba73-8384e5037749.jpeg
ရန်ကုန်မြို့ ဗိုလ်တထောင် ၄၄ လမ်းမှာ တိုက်ပေါ်ကနေကျပြီး သေဆုံးခဲ့တဲ့ ကိုရဲမင်းဦးနဲ့ မဝေဝေမြင့် (ခ) ပန်းသီး။

တကသ ကျောင်းသားဟောင်းများ အင်အားစုက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနန်းလင်း ကလည်း အခုလို အသက်စွန့်သွားကြတဲ့ လူငယ်တွေကို သူအင်မတန် လေးစားပါတယ်။ သူတို့လို မိမိ စွန့်စားနိုင်ပါ့မလား ဆိုတာတောင် သံသယဖြစ်မိပါတယ်။ တပြိုင်နက်မှာ ဒီအဖြစ်အပျက်ကနေ သင်ခန်းစာ ယူကြရမှာပါပဲလို့ ပြောပါတယ်။

f1e9506c-368e-41ef-9338-69919a1a7386.jpeg“ရန်ကုန်မြို့တွင်းမှာ အခုနောက်ပိုင်း စစ်ကောင်စီက တော်တော်လေး တင်းတင်းကျပ်ကျပ်နဲ့ လူငယ်တွေကို ခြေရာခံပြီး ဖမ်းဆီးတာတွေ ပြင်းပြင်းထန်ထန် လုပ်နေတာကို ဒီရက်ပိုင်းမှာတွေ့ရတယ်။ ဖြစ်နိုင်မယ်ဆိုရင် လူငယ်တွေအနေနဲ့ စုဝေးနေထိုင်တာကို ရှောင်ကြဉ်ဖို့ လိုလာတယ်လို့ သုံးသပ်မိတယ်။ နေရေးထိုင်ရေး အခက်အခဲရှိတာ မှန်တယ်။ ဒါပေမဲ့ ဒီလိုမျိုး ရပ်ကွက်မှာရှိတဲ့ သတင်းပေးတွေ အပါအဝင် ပတ်ဝန်းကျင်က သတိထားမိပြီးတော့ ခုလိုမျိုး အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ သူတို့လဲ ဒီအပေါ်မှာ သိပြီးသားဖြစ်မယ်။ ဒါပေမဲ့ အခြေအနေအရ တော်တော်လေး ကျပ်ကျပ်တည်းတည်းဖြစ်လို့သာ ဒီလို ကြုံတွေ့ရတယ်လို့ ကျနော် မြင်တယ်။ နောက်ပိုင်းမှာ လူငယ်တွေအနေနဲ့ ကျနော်တို့ကြားမှာ ပိုပြီးချိတ်ဆက်မှု ခိုင်ခိုင်မာမာပုံစံတခု ရှိနေပြီးတော့ ဘယ်လို အခြေအနေမျိုးမှာ ဘယ်လို၊ ဘယ်အခြေအနေမှာ ဘယ်လို တုံ့ပြန်မယ်ဆိုတာမျိုး သတင်းစကား Code ပေါ့။ အဲဒါမျိုးထားရင် ပိုကောင်းမယ်လို့ ထင်တယ်။ ဘယ်လိုဖြစ်ဖြစ် အဖမ်းမခံရရင် အကောင်းဆုံးပဲ။ ကျနော်တို့ အပြင်မှာရှိနေသမျှ စစ်ကောင်စီကို နည်းလမ်းပေါင်းစုံ နဲ့ တိုက်ပွဲဝင်လို့ရတယ်”

အခုကိစ္စနဲ့ပတ်သက်ပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့လူငယ်တွေကို ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေက ဘယ်လို ကူညီကြမှာလဲ ဆိုတဲ့ မေးခွန်းဟာ မြန်မာလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။