ပဇီကြီးရွာတစ်ဝိုက် လူငါးထောင်ကျော်ထွက်ပြေးရပြီး လေကြောင်းကနေထပ်တိုက်ခံရ
2023.04.20

လူနှစ်ရာလောက်သေဆုံးထားရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို ဧပြီလ ၂၀ ရက် နေ့လယ်မှာ စစ်ကောင်စီက လေကြောင်းကနေ ထပ်ပြီး ဗုံးကြဲသလို ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလိုဆက်ပြီး ထိုးစစ်ဆင်နေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ ဘေးရန်ကနေလွတ်အောင် ထွက်ပြေးနေတဲ့အတွက် ဒီတစ်ကြိမ်မှာတော့ လူထိခိုက်တာ မရှိဘဲ လက်ကျန် အဆောက်အအုံတွေလောက် ပျက်စီးတာပဲရှိတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။
"နှစ်နာရီခွဲက ပစ်သွားတယ်။ သူတို့ သုံးပတ် ပြန်လှည့်ပစ်တယ်။ ဖိုက်တာနဲ့ပစ်တာ။ ဖိုက်တာက ရှေ့ကလည်း မိုင်းချတယ်။ နောက်ကလည်း ပစ်သွားတယ်။ ပြည်သူတွေ တော့ ထိခိုက်တာမရှိပါဘူး။ ပြည်သူတွေကို ကျနော်တို့ ကယ်ထုတ်ထားတယ်ဆိုတော့။ ဒီအတိုင်းပဲ ရွာကိုလာပစ်သွားတာပါ"
ပဇီကြီး အပါအဝင် ရွာရှစ်ရွာက လူပေါင်း ငါးထောင်နီးပါးလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့မွန်းလွဲပိုင်းမှာ ပဇီကြီးရွာပေါ်ကို ဂျက်တိုက် လေယာဉ်တစ်စီးနဲ့ ဗုံးခြောက်လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့ အကြောင်းကို ဒေသခံတစ်ဦးဖြစ်တဲ့ ကိုမျိုးက ပြောပြပါတယ်။
"ဂျက်တိုက်လေယာဉ်နဲ့ ရွာကို နှစ်ပတ်ပတ်ပြီး ဗုံးခြောက်လုံးလောက် အတွဲလိုက် ကြဲချခံရတယ်။ ပေါက်ကွဲအား တော်တော် ပြင်းထန်ပါတယ်။ လောလောဆယ်တော့ ရွာကနေ မီးခိုးလုံးတွေ တက်လာတယ်။ အိမ်တွေ မီးလောင်ကုန်ပြီ ထင်တယ်။ ဒေသခံတွေကတော့ အစကတည်းက နေအိမ်တွေကနေ ရှောင်ထားလို့ ထိခိုက်တာ မရှိပါဘူး။ လောလောဆယ်တော့ နယ်မြေရှင်းလင်းရေး အနေအထားသဘော သက်ရောက်နေတာပေါ့။ ရောက်တာကတော့ မနေ့က ၁၂ နာရီဝန်းကျင်ကတည်းက သူတို့ရောက်တာ၊ ရွာထဲကို ညနေပိုင်းမှ ဝင်ကြတာ။ ဂျက်တိုက်လေယာဉ် နှစ်ခေါက်၊ Mi-35 က တစ်ခေါက်။ မနေ့က ရွာကိုဝင်မယ့်အချိန်ကျတော့ အပေါ်ကနေ ဝဲတာပေါ့။ ကင်းထောက်ပေးတဲ့ သဘောမျိုးပေါ့။ ဒီဘက်က ပြန်တုံ့ပြန်ရင် သူတို့လူတွေ ထိမှာစိုးလို့နေမှာပေါ့"
စစ်ဆင်ရေးလုပ်နေတဲ့ အဲဒီစစ်ကြောင်းဟာ မန္တလေးမြို့ကနေ တက်လာတဲ့ ရွှေဘို လေ့ကျင့်ရေးတပ်-၁၃ က ဖြစ်တယ်လို့ သူကပြောပါတယ်။ ဒီပြောဆိုချက်ကို RFA အနေနဲ့ သီးခြားလေ့လာ အတည်ပြုနိုင်ခြင်း မရှိပါဘူး။
ပဇီကြီးရွာက ဒေသခံ ၆၀၀ ကျော်ဟာ လူ ၂၀၀ နီးပါး သေဆုံးခဲ့တဲ့ ဧပြီ ၁၁ ရက် လေကြောင်းတိုက်ခိုက်မှု ဖြစ်ကတည်းက နီးစပ်ရာတောစပ်တွေမှာ ဖြစ်သလို ခိုလှုံ နေရတာကြောင့် စားနပ်ရိက္ခာနဲ့ သောက်သုံးရေ လိုအပ်နေတယ်လို့ အမည်မဖော်လိုတဲ့ ပဇီကြီးရွာသားတစ်ဦးက ပြောပါတယ်။
"စားနပ်ရိက္ခာ အခက်အခဲလည်းရှိတယ်။ အဓိကကတော့ တောစပ်တွေမှာ မိုးကာတွေထိုးပြီး နေရတာပေါ့။ စစ်ဘေးရှောင်ဆိုတာ သိတဲ့အတိုင်းပဲ ဖြစ်သလိုနေ၊ ဖြစ်သလို အိပ်ရတာပေါ့။ သောက်သုံးရေတောင် စမ်းချောင်းရှိတဲ့နေရာတွေမှာ သွားခပ်ရတာဆိုတော့ ထမင်းချက်ဖို့တောင် ခက်ခဲတယ်။ အဓိကကတော့ နာမကျန်း ဖြစ်ရင်တောင် ခက်ခဲတယ်။ စစ်ဘေးရှောင်တွေဆိုတာက ကိုယ့်အိမ်လောက် အဆင်မပြေဘူး၊ ကိုယ့်ဘာသာ အေးဆေးမအိပ်ရဘူး။ ကျီးလန့်စာစားနေရတာပေါ့။ ဘယ်အချိန်မှာ ဝင်စီးမလဲဆိုပြီး ဒီအတိုင်းနေနေရတယ်၊ ပြေးဖို့ ပြင်ထားရတယ်"
တိမ်းရှောင်နေရတဲ့ ဒေသခံတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး မကောင်းသူတွေ၊ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ပါဝင်တယ်လို့ သူက ပြောပါတယ်။
"လေယာဉ်နဲ့လည်း ပစ်ခံထားရတော့ လေယာဉ်သံကြားတိုင်း တထိတ်ထိတ် တလန့်လန့်နဲ့ ဟိုကြားထဲပုန်းရ၊ ဒီကြားထဲပုန်းရနဲ့ နေနေရတာဆိုတော့ အင်မတန်မှ ဒုက္ခရောက်တယ်"
စစ်ဘေးဒုက္ခသည်တွေအတွက် အစားအစာ၊ အမိုးအကာနဲ့ ဆေးဝါးလိုအပ်နေတဲ့အပြင် အဆိုးဆုံးက အခုရှောင်နေရတဲ့ နေရာတွေကိုပါ လေကြောင်းကနေ ဗုံးကြဲမှာကို ထိတ်လန့်နေရတယ်လို့ ကန့်ဘလူမြို့နယ် NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က ပြောပါတယ်။
"အဓိကကတော့ ဒီလိုရာသီဥတုမှာ စစ်ဘေးရှောင်တွေအတွက် အင်မတန်မှ ခက်ခဲပါတယ်။ ဆေးဝါး၊ သောက်သုံးရေကအစ နောက်တစ်ခုက အချိန်တိုင်းက စိုးရိမ်နေရတဲ့အတွက် လွတ်ရာကျွတ်ရာ ရောက်နေတယ် ဆိုပေမယ့် အလုံးစုံ လုံခြုံရေးအရ ပြည့်စုံနေတယ်ဆိုတာ မရှိဘူး။ မရှိတဲ့အခါကျတော့ ရင်တထိတ်ထိတ်နဲ့ နေရတာပေါ့။ လေယာဉ်နဲ့လည်း ပစ်ခံထားရတော့ လေယာဉ်သံကြားတိုင်း တထိတ်ထိတ် တလန့်လန့်နဲ့ ဟိုကြားထဲပုန်းရ၊ ဒီကြားထဲပုန်းရနဲ့ နေနေရတာဆိုတော့ အင်မတန်မှ ဒုက္ခရောက်တယ်။ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ ကျန်းမာရေး မကောင်းတဲ့သူတွေပေါ့။ ဒီရာသီဥတုက ကျန်းမာရေးကောင်းတဲ့သူတောင် အင်မတန်မှ ခံစားရခက်တာ။ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းသူတွေဆိုတာ တအားကို ဆိုးရွားတဲ့ အခြေအနေရောက်နေတာ"
ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ လက်ရှိမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်ကပါ စစ်ကြောင်း နှစ်ကြောင်း ခွဲပြီး အင်အားအလုံးအရင်းနဲ့ နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် ပဇီကြီးရွာ အနီးတစ်ဝိုက်မှာ စစ်ရေးအခြေအနေ အတော်တင်းမာနေတယ်လို့ ပြောပါတယ်။
"အဲဒီနယ်မြေက စစ်ရေးအခြေအနေအရ နယ်မြေတစ်ခုလုံးကို တော်တော်လေး တင်းမာနေတဲ့ အခြေအနေမျိုးပေါ့။ သူတို့ရချင်နေတာက ကျနော်တို့ရဲ့ နယ်မြေကို၊ နယ်မြေရှင်းလင်းရေး ဝင်လာခဲ့တာပေါ့ဗျာ။ ကျနော်တို့ရဲ့ ပြည်သူတွေကို အကြောက်တရားသွင်းဖို့ လာတာလို့ပဲ ထင်တယ်။ စစ်ကြောင်းက နှစ်ကြောင်း ထိုးနေတာ၊ ကန့်ဘလူ ခမရ- ၃၆၁ ကလည်း ဝင်တယ်။ ပဇီကြီးဘက်မှာလည်း တပ်မ - ၈၈ ကလည်း ရှိနေတယ်။ စစ်ကြောင်း နှစ်ကြောင်းနဲ့ အင်နဲ့အားနဲ့ ဝင်လာတဲ့ သဘောပဲ။ ဒီရက်ပိုင်းတွေထဲမှာတော့ စစ်ကောင်စီက လေကြောင်းကို တော်တော်လေး အားကိုးလာတာ တွေ့ရတယ်။ ဒါပေမဲ့ စစ်ဆိုတဲ့ အရာက ဝေဟင်ကနိုင်တိုင်း မြေပြင်က နိုင်မယ်လို့တော့ ပြောလို့ မရဘူး"
ပဇီကြီးရွာ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်ကောင်စီလက်အောက်ခံ သတင်းစာတွေမှာတော့ ပဇီကြီးရွာရဲ့ ပ.အ.ဖ ရုံးဖွင့်ပွဲကို စစ်ရေးပစ်မှတ်အဖြစ် ချေမှုန်းဆောင်ရွက်ခဲ့သလို နယ်မြေရှင်းလင်းရေးကိုလည်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။
ဧပြီ ၁၁ ရက်နေ့က စစ်ကောင်စီတပ်က ပဇီကြီးရွာကို ဂျက်တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၀၀ နီးပါး သေဆုံးခဲ့ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဧပြီလ ၁၉ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သန်း ရှစ်သိန်းကျော် ရှိနေပါပြီ။