ဝက်လက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ကိုးဦးသေဆုံး

2022.10.09
ဝက်လက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ကိုးဦးသေဆုံး ဝက်လက်မြို့နယ်၊ ရှားကွဲအုပ်စု၊ ချောင်းမီးတိုကျေးရွာကို စစ်ကောင်စီတပ်မှ မီးရှို့ခဲ့သည်အား ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်နေ့က တွေ့ရစဉ်။
Photo: Wetlet People's Defense Force Battalion 2

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် နေပူကုန်းရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၈ ရက် မနေ့ ၁၂ နာရီမှာ စစ်ရဟတ်ယာဉ်လေးစင်းနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက် ခဲ့လို့ အရပ်သား ကိုးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"နေပူကုန်းမှာတော့ ဟက်စကီးနဲ့ လူချပြီးတော့ စစ်ကြောင်းထိုးပြီး တဲတွေပါ မီးရှို့သွားတာ"

အသက်၂၀ အရွယ် အမျိုးသားလေးဦး၊ အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦး၊ အသက် ၄၀ အရွယ် အမျိုးသားသုံးဦး စုစုပေါင်း ကိုးဦး သေဆုံးခဲ့တယ်လို့ နေပူကုန်းရွာက အမည်မဖော် လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သေတဲ့သူက ကိုးယောက်၊ ဖမ်းခံရတဲ့ သူက ၁၅ ယောက်၊ ဒဏ်ရာပြင်းထန်တဲ့သူက တစ်ယောက်၊ ဒဏ်ရာပြင်းထန်တဲ့ ကလေးက ဆေးရုံပို့ရတယ် ပြောတယ်။ ဖိုက်တာနဲ့ ပစ်တာတွေက ဆုံးသွားတယ်။ အပေါ်ကနေ ဂျက်ဖိုက်တာနဲ့ ပစ်ချတာတွေက ဆုံးတာ၊ နေပူကုန်းမှာတော့ ဟက်စကီးနဲ့ လူချပြီးတော့ စစ်ကြောင်းထိုးပြီး တဲတွေပါ မီးရှို့သွား တာ"

သေဆုံးသူတွေရဲ့ နာမည်နဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ RFA က မသိရသေး ပါဘူး။

လေကြောင်းကနေ ပစ်ခတ်နေချိန်မှာပဲ နောက်ရဟတ်ယာဉ် နှစ်စင်းပေါ်ကနေ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ဆင်းလာပြီး ကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့ပါတယ်။ နေပူကုန်းရွာကို စီးနင်းချိန်မှာ အမျိုးသမီး ငါးဦးနဲ့ အမျိုးသား ၁၀ ဦး စုစုပေါင်း ၁၅ ဦးကို ဖမ်းဆီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူနေအိမ် ၃၅၀ နီးပါးရှိတဲ့ နေပူကုန်းရွာမှာ အရပ်သား ၉၀၀ ကျော်နေထိုင်ပြီး စစ်ကောင်စီတပ်က တိုက်ခိုက်တဲ့အတွက် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ နေပူကုန်းရွာအနီးက ငါးပန်ချောင်းရွာကိုလည်း မနေ့က လေကြောင်းကတိုက်ခိုက်သလို ကြည်းကြောင်းကနေလည်း ဝင်ရောက်စီးနင်းခဲ့တယ်လို့ ငါးပန်ချောင်းရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

"လေကြောင်းနဲ့ ရုတ်တရက် ဝင်ပစ်တဲ့အတွက်ကြောင့် ကျွဲ၊ နွားတို့ ပစွည်းတို့ ဒါတွေ ကတော့ မယူလိုက်နိုင်ဘူး၊ လူလွတ်ရုန်း ပြေးရတာပေါ့ဗျာ။ သက်ကြီး ဘိုးဘွားတွေ၊ သက်ငယ်ပိုင်းတွေ အကုန်အစုံပေါ့၊ ကျနော်တို့ အရှေ့ဘက်ခြမ်းဆိုရင်လည်း စစ်ကြောင်းထိုးရင် အလွန်ဆုံး သုံးရက်ပဲ၊ စစ်ကြောင်းက စစ်ကူလာမှ ကြာတက်တာ။ စစ်ကူမလာဘူး ဆိုရင်တော့ မြန်မြန်ဆုတ်သွားကြတယ်။ ရက်အရပြောမယ်ဆိုရင် သုံးရက်၊ လေးရက်ပေါ့ဗျာ"

ငါးပန်ချောင်းရွာမှာတော့ အရပ်သားတွေ ထိခိုက်သေဆုံးတာလည်း မရှိ၊ ဖမ်းဆီးချုပ်နှောင် ခံရတာလည်း မရှိဘူးလို့ သူက ပြောပါတယ်။

ရွာမှာ အိမ်ခြေ ၄၀၀ ကျော်နဲ့ ဒေသခံ ၁၁၀၀ နီးပါး နေထိုင်ပြီး ခုတော့ အရပ်သားတွေ အားလုံး ထွက်ပြေးနေရပါတယ်။

အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုဖို့ ငြင်းဆန်ပါတယ်။

လေကြောင်းက မတိုက်ခိုက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်ရဲ့ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer ကိုယ်တိုင် နေပြည်တော်မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြီးခဲ့တဲ့ သြဂုတ်အတွင်းက တိုက်တွန်းခဲ့ပေမယ့် လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

sagaing-refugees.jpg
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

အရပ်သားနဲ့ လက်နက်ကိုင်ကို မခွဲခြားတော့ဘဲ ရမ်းသန်းပစ်ခတ်တာနဲ့ ကျေးရွာတွေ အတွင်း လေကြောင်းကတိုက်ခိုက်တဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"အရပ်သားတွေကို ဒီလိုလေကြောင်းတိုက်ခိုက်မှုနဲ့ အများကြီးဆုံးရှုံးအောင်လုပ်တာက သိပ်ပြီးတော့ သဘာဝကျတဲ့လုပ်ငန်း မဟုတ်ဘူး။ အဓိကကတော့ အာဏာရေရှည် တည်မြဲအောင်လို့ အကြောက်တရားသွင်းပြီးတော့ ပြည်တွင်းခုခံစစ်သဘောမျိုးကို ဒီလောက်လေကြောင်းသုံးတာက သဘာဝမကျဘူးလို့ ကျနော်တော့မြင်တယ်။ ဒါဖြစ်လည်းဖြစ်သင့်တဲ့ အနေအထားလည်း မရှိဘူး"

လောလောဆယ်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တဲ့အတွက် ဝက်လက်မြို့နယ် အရှေ့ဘက် ငါးပန်ချောင်း၊ နေပူကုန်း၊ ဘုရားလေးကုန်း၊ ဆင်နင်း၊ တည်ပင်ကိုင်းနဲ့ မင်းရွာတွေက အိမ်ထောင်စု ရှစ်ထောင်ကျော်၊ ဒေသခံ နှစ်သောင်းသုံးထောင်နီးပါး ထွက်ပြေးနေရတယ်လို့ ဝက်လက်မြို့နယ်အတွင်းက စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် စစ်ကိုင်းတိုင်း အတွင်း အရပ်သား ငါးသိန်းခွဲဝန်းကျင် (၅၄၅,၂၀၀ ဦး) အိုးအိမ်စွန့်ခွာထွက်ပြေးနေရ တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၁ရက်က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။