လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ နှစ်လအတွင်း လူ ၃၀ သေဆုံး

2022.10.21
လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ နှစ်လအတွင်း လူ ၃၀ သေဆုံး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာရှိ စာသင်ကျောင်းအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
ဒီပဲယင်းမြို့နယ် - စစ်ရှောင် - ထောက်ပံ့ရေး

စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သြဂုတ်နဲ့ စက်တင်ဘာ နှစ်လအတွင်း လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် နဲ့ ချင်းပြည်နယ်က မြို့နယ် ၂၄ ခုမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့ပါတယ်။

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းတွေအရ ဒီနှစ်လအတွင်း လေကြောင်း တိုက်ခိုက်မှု ၁၀၅ ကြိမ် ရှိခဲ့ပြီး ကလေးငယ် ရှစ်ဦး အပါအဝင် အရပ်သား ၃၀ သေဆုံးခဲ့ပါ တယ်။ နောက်ထပ် ၂၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

တိုက်ခိုက်ခံရမှု အများဆုံးက ကယားပြည်နယ်ဖြစ်ပြီး သေဆုံးထိခိုက်မှု အများဆုံးကတော့ စစ်ကိုင်းတိုင်း ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း မြို့နယ် ၁၄ ခုက ဒေသခံတွေဟာ လေကြောင်း တိုက်ခိုက်မှုပေါင်း ၂၇ ကြိမ်ကို ကြုံခဲ့ရပြီး ကလေးငယ် ရှစ်ဦးအပါအဝင် ၂၉ ဦး သေဆုံးခဲ့ တာပါ။

"အရပ်သားပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်တယ်ဆိုတာ သက်သေပြနိုင်ရင် စစ်ရာဇဝတ်မှုပဲ"

ဒါဟာ ဒီ နှစ်လအတွင်း နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ စုစု ပေါင်းရဲ့  ၉၆ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာက စက်တင်ဘာလ ၁၆ ရက် လေကြောင်းတိုက်ခိုက်မှုဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ်ပါတယ်။

စစ်တပ်က လက်ယက်ကုန်းရွာကို ရဟတ်ယာဉ်နှစ်စင်းနဲ့ တစ်နာရီကျော်ကြာအောင် ရက်ရက်စက်စက် ပစ်ခတ်ခဲ့တာလို့ ကိုယ်တိုင်ကြုံခဲ့တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ပစ်တာ ပစ်တာမှ တစ်နာရီလုံးလုံးကို ပစ်တာ။ တစ်ချိန်လေးမှကို မနားဘူး။ နှစ်စင်းနဲ့ ဟိုဘက်က ပတ်ပစ်လိုက်။ ဒီဘက်က ပတ်ပစ်လိုက် အဲ့လိုကို ဝဲပစ်တာ။ ရက်ရက် စက်စက် ဒီလောက် အပေါ်ကနေ လေယာဉ်နဲ့ ပစ်သွားတာ။ သူတို့ (စစ်သားတွေ) က ပြောတယ် မှားတာတဲ့။ ကျမတို့ လက်ယက်ကုန်းရွာလို နောက်ထပ် မဖြစ်စေချင် တော့ဘူး ”

ဒီလေကြောင်းတိုက်ခိုက်မှုမှာ ကလေးငယ် ခုနစ်ဦး အပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့ ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ မြေပြင် တိုက်ပွဲတွေမှာ အထိနာလာတာနဲ့အမျှ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိတယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

RFA ရဲ့ လေ့လာတွေ့ရှိချက်အရ ကယားပြည်နယ်မှာလည်း ပြီးခဲ့တဲ့ နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၃၆ ကြိမ်အထိ ရှိခဲ့ပါတယ်။ ဒါပေမဲ့ လူနေကျဲမှု၊ ကရင်နီ တပ်မတော် (KA) နဲ့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) တို့ရဲ့ ခုခံတိုက်ခိုက်မှု တွေကြောင့် စစ်ကိုင်းတိုင်းလောက် လူသေဆုံးထိခိုက် မများပါဘူး။

စစ်တပ်ဟာ လေကြောင်းကနေ တိုက်တိုင်း စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပစ်မှတ် တွေကိုလည်း တိုက်ခိုက်လေ့ရှိတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

"တချို့လေကြောင်းတိုက်ခိုက်မှုတွေက တိုက်ပွဲထဲကိုပဲ ပစ်မှတ်ထားတိုက်ခိုက်တာမျိုး မဟုတ်ဘဲနဲ့ တိုက်ပွဲမရှိဘဲနဲ့ လူထုတွေရှိနေတဲ့ရွာတွေ၊ ဆေးခန်းလိုနေရာမျိုးတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာမျိုးတွေလည်းရှိတယ်။ လွိုင်ကော်ဘက်မှာဆိုရင် တစ်ခါ တိုက်လေယာဉ်နဲ့ ဆေးခန်းကို အကြောင်းမဲ့ ပစ်သွားတာမျိုးတွေရှိတယ်။ သူတို့ဘက်က အကျအဆုံးများတဲ့တိုက်ပွဲမျိုးတွေမှာလည်း သူတို့ဘက်က လေကြောင်းတိုက်ခိုက်မှုကို အဓိက အသုံးပြုတယ်”

စစ်ကောင်စီတပ်က ကယားပြည်နယ် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့က ဆေးခန်း တစ်ခုကို သြဂုတ်လ ၉ ရက်က တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့လို့ အရပ်သား တစ်ဦး သေဆုံး ပြီး၊ နှစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဇူလိုင်လနောက်ပိုင်း နယ်မြေရှင်းလင်းရေးတိုင်းမှာလည်း စစ်ကောင်စီတပ်က အနည်းဆုံး စစ်ရဟတ်ယာဉ် နှစ်စင်းကို အသုံးပြုလေ့ရှိပါတယ်။

ကျေးရွာတွေကို ဝင်စီးတဲ့အခါ အရင်လို ကုန်းကြောင်းကနေ စစ်ကောင်စီတပ်သားတွေ တက်လာတာမျိုး မဟုတ်ဘဲ ကျေးရွာတွေအနီးကို စစ်တပ်က ရဟတ်ယာဉ်တစ်စင်းနဲ့ အရင်ဆုံးပစ်ခတ်ပြီး နောက်တစ်စင်းပေါ်ကနေ စစ်သားတွေကို မြေပြင်ပေါ် ချပေးပြီးမှ စီးနင်းချေမှုန်းလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

kayan.jpg
ဖရူဆို (ရီခီးဘူး) ဒုက္ခသည်စခန်းကို စစ်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အပြင်မှာမနေရဲဘဲ လိုဏ်ဂူထဲပြောင်းနေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: News Light in Karenni)

ကမ္ဘာ့နိုင်ငံပေါင်း ၉၈ နိုင်ငံက လေတပ်တွေအကြောင်း လေ့လာနေတဲ့ The World Directory of Modern Military Aircraft (WDMMA) ရဲ့ အချက်အလက်တွေအရ မြန်မာစစ်ကောင်စီတပ်မှာ တိုက်ခိုက်ရေး လေယာဉ် ၈၁ စင်းနဲ့ ရဟတ်ယာဉ် ၈၁ စင်း အပါအဝင် လေယာဉ် ၂၉၂ စင်း ရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကို ခုခံဖို့ လေယာဉ်ပစ်လက်နက်တွေ ပိုင်ဆိုင်ထားပြီလို့ အောက်တိုဘာလ ၇ ရက်နေ့က ပြောဆိုခဲ့ပါတယ်။ အသေးစိတ်အခြေအနေကိုတော့ NUG က ထုတ်မပြောပါဘူး။

နိုင်ငံတကာအနေနဲ့ စစ်ကောင်စီလေတပ်အတွက် လိုအပ်တဲ့ ပစ္စည်းနဲ့ လောင်စာဆီ မရောင်းချဖို့ကိုလည်း ကြိုးပမ်းနေတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က ပြောပါတယ်။

“ဒီလောက်အထိ အကြမ်းဖက်ရက်စက်နေတဲ့ စစ်ကောင်စီကို လက်နက်တွေ ပိတ်ဆို့ တာတင်မကဘဲ လေယာဉ်နဲ့ နည်းပညာ ပံ့ပိုးနေတာကို တားဆီးပေးဖို့ နောက်တစ်ခုက အခုလို လေကြောင်းကနေ ပျံသန်းပြီးတိုက်ခိုက်တဲ့ လေယာဉ်တွေကို ဖြည့်ဆည်းပေး မယ့် လေယာဉ်လောင်စာဆီတွေကို ဖြတ်တောက်အောင် ကျနော်တို့ ကြိုးစားနေတယ်။ ဒီလေကြောင်း ပျံသန်းတဲ့ လေယာဉ်တွေရဲ့ အဆက်အသွယ် အထောက်အပံ့အားလုံး ပြတ်အောင် ပြည်သူတွေရော၊ ကျနော်တို့အနေနဲ့ရော နိုင်ငံတကာကရော ဝိုင်းဝန်းလုပ် ဆောင်ဖို့ အရေးကြီးပါပြီ”

လေကြောင်းကနေ ပစ်ခတ်တာမှာ စစ်ကောင်စီတပ်ဟာ လက်နက်ကိုင်ခုခံသူနဲ့ အရပ်သား ကို မခွဲခြားဘဲ အားလုံးကို ရန်သူလို့ သဘောထားပြီး တိုက်ခိုက်နေတယ်လို့လည်း (NUG) လူ့အခွင့်အရေးဝန်ကြီးက ဝေဖန်ပါတယ်။

အရပ်သားကိုပစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ နိုင်ငံတကာ ဥပဒေရေးရာကျွမ်းကျင်သူ ဦးအောင်ထူး က ပြောပါတယ်။

“တကယ်တမ်းသာ အရပ်သားပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်တယ်ဆိုတာ သက်သေပြနိုင်ရင် စစ်ရာဇဝတ်မှုပဲ။ သို့သော်လည်းပဲ အဲ့ဒါကို ကြည့်ပြီးတော့မှ လောလောဆယ် ဘယ်လိုအရေးယူတရားစွဲဆိုမလဲ ဆိုတာ ICC နဲ့ အဓိက ဆိုင်သွားတယ်။ သို့မဟုတ်ရင်လည်း ကုလသမဂ္ဂကနေ ဖွဲ့စည်းပေးတဲ့ အထူးတရားရုံးတွေ ပေါ်လာတာ မျိုးလည်း ဖြစ်နိုင်တယ်။ တရားရုံးတွေ ပေါ်လာပြီး တော့မှ အရေးယူဆောင်ရွက်တဲ့အခါ မှာလည်း ဒီမှုခင်းတွေကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်မယ်။ အခုဟာတော့ ဖြစ် ရင် သေချာသတင်းအချက်အလက်စုဆောင်းတဲ့ အခြေအနေကလွဲပြီး ချက်ချင်းအရေးယူ ဆောင်ရွက်ဖို့ မလွယ်ဘူးလို့ထင်တယ်”

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သူတို့အနေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို လက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေ ရှိတဲ့နေရာတွေကိုပဲ ပစ်မှတ်ထား ပြီး လုပ်ဆောင်တာလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ သြဂုတ်လအတွင်း တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ ကလေးသူငယ်အပါအဝင် အရပ်သားတွေ၊ အရပ်ဘက်ဆိုင်ရာ ပစ္စည်း၊ အဆောက်အအုံတွေကို မတိုက်ခိုက်ဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီရို ဂူတာရက်စ်က စက်တင်ဘာလ ၂၀ ရက်မှာ ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းခဲ့ပါတယ်။ ဒါကိုမလိုက်နာရင် ကျူးလွန်သူတွေဟာ အရပ်သား သေဆုံးထိခိုက်မှုတွေအတွက်
တာဝန်ယူ၊ တာဝန်ခံရလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။