မကွေးတိုင်းမှာ ဆယ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ရှိခဲ့

2022.09.12
မကွေးတိုင်းမှာ ဆယ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ရှိခဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းက စစ်ကောင်စီတပ်သားတွေ မီးရှို့သွားသည့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာက နေအိမ်တစ်လုံးကို တွေ့ရစဉ်
Photo: နှမ်းခါးလူငယ်အဖွဲ့

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ခုခံတိုက်ခိုက်မူတွေ ပြင်းထန်နေတဲ့ မကွေးတိုင်း အနောက် မြောက်ဘက်ခြမ်းက ဂန့်ဂေါ၊ ပေါက်၊ မြိုင်၊ ငဖဲ စတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေစလို့ ဒီနေ့အထိ ၁၀ လအတွင်း စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်မှု ၁၂ ကြိမ်အထိရှိခဲ့ တယ်လို့ ဒေသခံတွေနဲ့ PDF အဖွဲ့တွေက ပြောပါတယ်။

အဲဒီအထဲမှာ ဂန့်ဂေါမြို့နယ်မှာ ခုနစ်ကြိမ်အထိရှိခဲ့တဲ့အတွက်၊ လေကြောင်းကနေ တိုက်ခိုက်ခံရတာ အများဆုံး ဒေသဖြစ်ခဲ့ပါတယ်။ ပေါက်မြို့နယ်မှာတော့ သုံးကြိမ်၊ ငဖဲမြို့နယ်နဲ့ မြိုင်မြို့နယ်မှာ တစ်ကြိမ်စီ ရှိခဲ့ပါတယ်။

မကွေးတိုင်း ကလေး-ဂန့်ဂေါ ကားလမ်းပေါ်က အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ နှမ်းခါးရွာကို စစ်ကောင်စီတပ်က မြေပြင်ကနေ ဝင်ရောက်တိုက်ခိုက်တာ ၁၄ ကြိမ်ရှိခဲ့ပြီး၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ လေကြောင်းကနေ တစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့ နေ့လယ် ၁ နာရီလောက်က နှမ်းခါးရွာ စာသင်ကျောင်းမှာ အစည်းအဝေး လုပ်နေတဲ့အချိန် စစ်ကောင်စီတပ်က ရဟတ်ယာဉ်သုံးစီးနဲ့ လာရောက်တိုက်ခိုက်ခဲ့ရာမှာ PDF ခြောက်ဦး သေနတ် ကျည်ထိမှန်ခဲ့ပြီး အဲဒီ အထဲက လေးဦး သေဆုံးခဲ့တယ်လို့ PDF တွေကပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်ကလည်း ဂန့်ဂေါမြို့ရဲ့ တောင်ဘက် ၁၈ မိုင် အကွာလောက်မှာရှိတဲ့ ပြင်သာရွာ၊ မြစ်သာဆည်တမံအနားက PDF တွေစခန်းချနေတဲ့ ရိပ်သာအဆောက်အအုံ တစ်ခုကိုလည်း စစ်ကောင်စီ တပ်က လေကြောင်း အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်မှာတော့ PDF လေးဦး သေဆုံး ခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုလို လေကြောင်းအသုံးပြု တိုက်ခိုက်ပေမယ့် ခုခံစစ်အရှိန် လျော့ကျမသွားဘူးလို့ ဂန့်ဂေါ တပ်မဟာ PDF - ၇၀၁ က တပ်ဖွဲ့ဝင် ဦးဇော်ဇော်က ပြောပါတယ်။

" ပြင်သာဆည်မှာကျနော်တို့ ရဲဘော်တွေ စတေးလိုက်ရတယ်။ ဒါပြီးလို့ ရှိရင် နှမ်းခါး။ နှမ်းခါးမှာဆိုရင်လည်း လေကြောင်းနဲ့ အစည်းအဝေးတစ်ရပ်ကို လာပစ်သွားတာပေါ့။ ဒါပြီးရင် မြင်သား၊ တင်သား။ သူတို့က မထင်ရင် မထင်သလို ဒိုးနွယ်တို့ ဖြေဆည်း တို့လည်း ပစ်ချင် ပစ်သွားတာပေါ့။ ဝေါဆို လေယာဉ်သံကြားရင်ကို ပြည်သူတွေ ကြောက်နေ ရတော့တာ။ ပြည်သူတွေက အကြောက်တရားသွင်းလေ ပြည်သူတွေက ပိုပြီးခါမှ ခုခံစစ်က ပြင်းထန်လေပေါ့ ဒီလိုဖြစ်လာတာ"

ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ကလေး- ဂန့်ဂေါ လမ်းဆုံ အနောက်ဘက်ကို စစ်ကောင်စီ တပ်က ရဟတ်ယာဉ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဂန့်ဂေါမြို့နယ်မှာ အသုံးပြုတဲ့ စစ်ရဟတ်ယာဉ်တွေဟာ မုံရွာအခြေစိုက် အနောက်မြောက် တိုင်းစစ်ဌာချုပ် (နမခ)၊ ကလေးမြို့၊ ကျောမြို့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေက ဖြစ်တယ်လို့ သူကပြောပါတယ်။

မြိုင်မြို့နယ်မှာတော့ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ဗဟင်းကျေးရွာက ရဲကင်းစခန်း တစ်ခုကို PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ပြန်ပြီးတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး PDF တွေဘက်က နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ PDF အဖွဲ့တွေက ပြောပါတယ်။

မြေပြင်မှာ နှစ်ဖက်ယှဉ်ပြီးတိုက်ခိုက်တာမျိုးထက် လေကြောင်းကို အသုံးပြု တိုက်ခိုက် တာမျိုးကို လက်မခံနိုင်ဘူးလို့ မြိုင် PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

"ပုဇင်းလာတဲ့ တစ်ခါတုန်းကလည်း အဲ ဗဟင်းကို ထုတုန်းကလည်း ရမ်းထုတာပဲ။ အကုန်လုံး ဘယ်ရောက်ရောက် ဘယ်မှန်မှန် လျှောက်ထုတာပဲ။ သရက်ကန်စခန်းကို လာထုတုန်းကလည်း သူတို့ထင်တဲ့နေရာတွေ အကုန်လျှောက်ထုတာပဲ။ ဘယ်ရာမှ မမြင်ပဲနဲ့ ထင်ရာလျှောက်ထုတာဆိုတော့ ထင်ရာလျှောက်ထုလို့ မှန်မယ့် ဟာတော့ ရဲဘော်တွေက မခံနိုင်ဘူး။ ရှောင်တာပဲ။ တက်ယှဉ်ပစ်ခတ်လို့ မှန်တယ်ဆိုရင် မကြောက်ဘူး အဲဒီ သူတို့ဟာသူတို့ မသိပဲ လျှောက်လုပ်လို့ မှန်တာမျိုးကျတော့ အဲအဖြစ်ကို လက်မခံနိုင်ဘူးပေါ့ဗျာ။"

စစ်ကောင်စီတပ်ဖွဲ့တွေဟာ သူတို့အထိနာလာပြီး တိုက်ပွဲအချိန် ၂ နာရီကျော်လောက် ကြာလာတဲ့အခါမျိုးတွေမှာ ရဟတ်ယာဉ်နဲ့ လာရောက်တိုက်ခိုက်တာတွေ ရှိလာတတ်တယ် လို့လည်း သူကပြောပါတယ်။

magway-airstrike
(မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာမှာ စစ်ရဟတ်ယာဉ်တစ်စီးကို ၂၀၂၁ ဒီဇင်ဘာ ၁၇ ရက်နေ့က တွေ့ရစဉ်) ဓါတ်ပုံ - နှမ်းခါးလူငယ်အဖွဲ့)

PDF တွေကို လိုက်လံရှာဖွေတာ၊ လူနဲ့ လက်နက်အင်အားသယ်ယူပို့ဆောင်တာ၊ ထိခိုက် ဒဏ်ရာ ရသူတွေ သယ်ဆောင်တာတွေမှာလည်း ရဟတ်ယာဉ်ကို အသုံးပြုလေ့ ရှိတယ်လို့ ပြောကြပါတယ်။

ပေါက်မြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့က တောင်မြင့်ရွာနဲ့ ကျားပစ်ကန်ရွာ တွေအနီးမှာ တိုက်ပွဲတွေဖြစ်ပွားတဲ့အချိန်မှာ စစ်ကောင်စီက ရဟတ်ယဉ်တွေနဲ့ ရွာတွေကို လာရောက်ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ရပ်ရွာထဲကိုလာရောက်ပစ်ခတ်ချိန်မှာတော့ ကျေးရွာသားတွေအားလုံး အသက်လု ထွက်ပြေး ရလေ့ရှိတယ်လို့ တောင်မြင့်ရွာသား တစ်ဦးက ပြောပါတယ်။

"ကျနော်တို့က ပြည်သူတွေဆိုတော့ ပြေးရလွှားရတာပေါ့။ လေယဉ်နဲ့ ပစ်တဲ့ကိစ္စတွေက အတော်ကြီး ထိတ်လန့်ရတာပေါ့။ ကိုယ့်ခေါင်းပေါ်ပဲ ချတာလား ဘယ်လိုကြီးလဲဆိုတာ အတွေ့အကြုံလည်း မရှိတော့ ခက်တာပေါ့။ ဟယ်လီကော်ပတာလေ။ ပစ်တာတော့ ပက်ပက်စက်စက်ကို ပစ်တာဗျာ။ တစ်စက်ကလေးမှကို ကိုယ်ချင်းမစာပဲ ပစ်တာ။ ကျနော်တို့ သရဏဂုံပဲ တင်နေရတာ။ ကောင်းရာသုဂတိ လားပါစေဆိုပြီးတော့။ ရွာကိုပစ်မှတ်ထားပြီးတော့ကို ပစ်တာ။ ရွာထဲက အိမ်တွေလည်း မှန်တာပဲလေ။ တိုက်တွေလည်း မှန်တာပဲ"

ဇူလိုင်လ ၂၈ ရက်နေ့က တောင်မြင့်ရွာနဲ့ ကျားပစ်ကန်ရွာတွေအနီးတိုက်ပွဲမှာ PDF တွေက စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို ဝိုင်းထားချိန်မှာ ရဟတ်ယာဉ်တွေ ရောက်လာတာလို့ ပြောပါတယ်။

တောင်မြင့်ရွာထဲကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာအပြင် ရွာကိုနှစ်ကြိမ်တိုင် မီးရှို့ခံခဲ့ရတဲ့ အတွက် အိမ်ခြေ ၁၇၀ ဝန်းကျင်ရှိတဲ့အထဲက အိမ် ၅၀ လောက် မီးရှို့ခံခဲ့ရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

"လေယာဉ်သံကြားရင်ကို ပြည်သူတွေ ကြောက်နေ ရတော့တာ။"

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနော်လင်းဟေဇာက ဩဂုတ်လ ၁၇ ရက်နေ့က စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံတဲ့ အခါမှာ မြန်မာနိုင်ငံရဲ့နေရာဒေသအချို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ ပြည်သူလူထုနေတဲ့ ရပ်ရွာတွေ၊ နေအိမ် တွေကို မီးရှို့ဖျက်ဆီးတာတွေမလုပ်ဖို့ ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မိမိတို့တပ်တွေအနေနဲ့ လာရောက်တိုက်ခိုက် သူတွေ ရှိတဲ့နေရာကိုသာ ပြန်လည်ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပြီး သူတို့ဘက်က မတိုက်ခိုက်ရင် မိမိတို့ ဘက်ကလည်း စတင်တိုက်ခိုက်မှာ မဟုတ်ကြောင်းနဲ့ ပြည်သူလူထုနေထိုင်ရာ နေအိမ်တွေ၊ ရပ်ရွာတွေကို မီးရှို့တယ် ဆိုတဲ့ ကိစ္စဟာ လုံးဝမှားယွင်းကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ဒါပေမယ့် လက်တွေ့မှာ လေကြောင်းအသုံးပြုပြီး အရပ်သားတွေနဲ့ ရပ်ရွာတွေကို တိုက်ခိုက်တာဟာ နိုင်ငံတကာ ဥပဒေတွေအရ စစ်ရာဇဝတ်မှုကျူးလွန်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောပါတယ်။

"လေယဉ်တွေနဲ့ ဝေယဉ်ပေါ်ကနေ လေယဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ မြေပြင်ကနေ ဝင်ရောက်ပြီးတော့မှ ဖမ်းဆီးရိုက်နှက်စစ်ဆေးတာ နောက်တစ်ခါ သတ်ဖြတ်တာ နောက် နေအိမ်တွေကို ဥပမာအားဖြင့် ဒီရွာမှာ အိမ်ခြေ လေးရာရှိရင် ရွာလုံးကျွတ်ကြီး မီးရှို့ပစ်တာ မျိုးတွေဟာ ပြည်တွင်း ဥပဒေအရလည်း ရာဇဝတ်မှုတွေ ဖြစ်သလို နိုင်ငံတကာ ဥပဒေအရလည်း ဒါတွေဟာ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်လို့လည်း ဒီလိုပဲ မြင်ပါတယ်၊ ဒီလိုပဲ ကျနော်တို့ ဥပဒေရေးရာ အရ သုံးသပ်လို့ ရပါတယ်"

နိုင်ငံတကာ ဂျနီဗာကွန်ဗန်းရှင်းအရ ပြည်တွင်းမှာ ကိုယ့်နိုင်ငံသား အချင်းချင်းဖြစ်တဲ့ တိုက်ခိုက်မှုတွေမှာ လေကြောင်းက တိုက်ခိုက်တာတွေ၊ အကြီးစားလက်နက် အသုံးပြုတာတွေ၊ လူသားကို တိုက်ရိုက်ထိခိုက်နိုင်တဲ့ ဆင့်ကွဲဗုံးတွေ၊ ဓာတုဗေဒ ဗုံး လက်နက်တွေ သုံးစွဲခွင့်မပြုထားဘူးလို့လည်း သူကပြောပါတယ်။

ဒါပေမဲ့စစ်ကောင်စီက မြေပြင်တိုက်ခိုက်မှုတွေမှာ အခြေအနေမကောင်းလို့ လေကြောင်း ကနေတိုက်ခိုက် နေတာဖြစ်ပြီး၊ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ ဂျနီဗာကွန်ဗန်းရှင်းကို ကျော်လွန် လုပ်ဆောင်နေတာလို့ သူက ထောက်ပြပါတယ်။

မကွေးတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား စစ်ရေးပဋိပက္ခ ပြင်းထန်နေဆဲ ဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ပေါက်၊ ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ဂန့်ဂေါ စတဲ့ မြို့နယ်ငါးခုက ကျေးရွာပေါင်း ၁၀ ရွာ ကျော်မှာ နေအိမ် ၁၃၀၀ ဝန်းကျင် မီးရှို့ ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။