မောင်တောမှာ တပ်စခန်းနှစ်ခု အသိမ်းခံရပြီးနောက် စစ်ကောင်စီ အင်အားသုံး ထိုးစစ်ဆင်နေ

2022.09.13
မောင်တောမှာ တပ်စခန်းနှစ်ခု အသိမ်းခံရပြီးနောက် စစ်ကောင်စီ အင်အားသုံး ထိုးစစ်ဆင်နေ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: AFP

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ကြည်း၊ လေ အင်အား တွေသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၃၀ ရက်နေ့က မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် (၄၀) အနီးက စစ်ကောင်စီ နယ်ခြားစောင့် စခန်းနဲ့ စက်တင်ဘာ ၁၀ ရက်နေ့မှာ မောင်တောမြောက်ပိုင်း က စစ်ကောင်စီ ခမရ (၃၅၂) တပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ခဲ့ တာပါ။

“ရွာအနီးအနားမှာ လေယာဉ်တွေနဲ့ ဗုံးတွေကြဲတယ်။ ညဆိုရင်လည်း မအိပ်ရဘူး"

သိမ်းပိုက်ခံလိုက်ရတဲ့ တပ်စခန်းတွေနဲ့ အနီးအနားတောင်တန်းတွေကို စစ်ကောင်စီတပ်က နေ့စဉ် လက်နက်ကြီး တွေ၊ တိုက်လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်နေတာဖြစ်ပြီး မနေ့ ကညကလည်း တိုက်လေယာဉ် နှစ်စင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေဟာ မောင်တောမြို့နယ် မြောက်ပိုင်းတစ်လျှောက် ဖြစ်ပွားနေတာဖြစ်ပြီး ဒီနေ့အထိ ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ အမည်မဖော်လိုတဲ့ လောင်းဒုံကျေးရွာသား တစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲတွေဖြစ်တာကတော့ တောင်ပြို၊ ပြီးရင် ခမောင်းဆိပ် အထက်ကျေးရွာဒေသ တွေ အားလုံးမှာ ဖြစ်နေ တာ။ အဓိကဖြစ်တာကတော့ တောင်ပြိုဒေသမှာ လေယာဉ် တွေနဲ့ ပစ်ခတ်မှုတွေဖြစ်ခဲ့တာ။ အခုလည်း တိုက်ပွဲ တွေ မရပ်စဲသေးဘူး ပေါက်ကွဲသံ တွေ ကြားနေရတယ်။ အခု ကျနော်တို့ပြန်သွားလို့လည်း အဆင်မပြေတော့ဘူး။ ရွာထဲ မှာလည်း စစ်ကောင်စီတပ်က တပ်စွဲလို့ရှိတယ်။ ကျနော်တို့က ငါးရှာဖားရှာ လုပ်စား နေကြတာလေ။ လူတွေကလည်း မရှိတော့ဘူး”

ဒီတိုက်ပွဲတွေကြောင့် လောင်းဒုံကျေးရွာအပါအဝင် မောင်တောမြောက်ပိုင်းမှာရှိတဲ့ ခမောင်းဆိပ်၊ ရန်အောင်ပြင်၊ မီးတိုက် စတဲ့ ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံ ၈၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေဟာ ကျေးရွာအနီးအနားမှာ ကျရောက်နေ တာကြောင့် အခုလို ထွက်ပြေးလာရတာလို့ ရန်အောင်ပြင်ရွာကနေ မောင်တောမြို့ကို ထွက်ပြေးလာတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ရွာအနီးအနားမှာ လေယာဉ်တွေနဲ့ ဗုံးတွေကြဲတယ်။ ညဆိုရင်လည်း မအိပ်ရဘူး။ လက်နက် ကြီးသံလည်း အမြဲတမ်းကြားနေရတယ်။ တိုက်ပွဲက ပြင်းပြင်းထန်ထန် ဖြစ်နေတာ။ လေယာဉ်တွေနဲ့ပစ်တယ်လေ။ အဲဒါကြောင့် ရွာမှာလည်း မနေရဲတော့ ထွက်ပြေးလာခဲ့တာ”

ထွက်ပြေးလာကြတဲ့ဒေသခံတွေဟာ မောင်တောမြို့ သာသနာ့ဗိမာန်၊ အောင်ဗလ ဘုန်းကြီးကျောင်း၊ ၃ မိုင် ဘုန်းကြီးကျောင်း စတဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေနဲ့ နီးစပ်ရာ ကျေးရွာတွေမှာ ခိုလှုံနေကြရတာပါ။

လက်ရှိမှာတော့ ဒေသခံတွေဟာ ဖြစ်သလိုနေထိုင်နေကြရပြီး အထောက်အပံ့တွေမရရင် အချိန်ကြာလာတာနဲ့ အမျှ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့လည်း အကူအညီပေးနေ သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အချိန်နှစ်နှစ်နီးပါးကြာ တိုက်ပွဲတွေ ရပ်စဲနေရာကနေ အခုလို တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွား နေတာဟာ စစ်ကောင်စီတပ်က လမ်းတွေကို ပိတ်ထားတာတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေကြောင့်လို့ မောင်တောမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက ပြောပါတယ်။

“ဘာကြောင့် တိုက်ပွဲတွေစလဲဆိုတော့ စကစက လမ်းတွေကိုလည်းပိတ်ထားတယ်။ တိုက်ပွဲတွေဖြစ်တယ်။ ပြီးတော့ အပြစ်မဲ့ပြည်သူတွေကို လိုက်ဖမ်းတယ်။ အုပ်ချုပ် ရေးမှူးတွေကို လိုက်ဖမ်းတယ်။ မေးတယ်၊ ရိုက်တယ်၊ အဲဒီလို ပုံစံမျိုးတွေရှိတယ်ဗျ။ ဆိုတော့ ပြည်သူတွေအားကိုးနေတာက AA ကိုပဲ အားကိုးနေတာ တွေ့ရတယ်လေ။ ဆိုတော့ AA ကလည်း ပြည်သူအတွက်ဆို ဘာမဆိုလုပ်မယ့် အခြေအနေရှိတယ်လို့ မြင်တယ်။ အဲဒါကြောင့် တိုက်ပွဲတွေက တစ်စတစ်စဖြစ်လာတာ”

တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်ပြီး စစ်ကောင်စီတပ်က အလျှော့ပေးမှသာ တိုက်ပွဲတွေ ရပ်စဲမယ့် အခြေအနေရှိတယ်လို့လည်း ဦးမောင်အုန်းက ပြောပါတယ်။

မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြန်မာ စစ်တပ်ရဲ့ အင်အားသုံးနယ်မြေ ရှင်းလင်းမှုတွေကြောင်း ရိုဟင်ဂျာအများအပြား သတ်ဖြတ်ခံခဲ့ရသလို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေလည်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

rakhine reguess.jpeg
မောင်တောမြို့နယ်၊ အောင်ဗလ ဘုန်းကြီးကျောင်းကို ရောက်ရှိနေသည့် စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ် (Photo: CJ)

အခု မောင်တောမြို့နယ်အတွင်းမှာ စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာနေတာအပြင် စစ်ကောင်စီတပ်ရဲ့ အင်အားသုံး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာတွေအတွက် နေရပ်ပြန်ရေးအခြေအနေက အလှမ်းဝေးနေဦးမှာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ မောင်တောဒေသခံ ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။

“အခြေအနေအရ ကြည့်မယ်ဆိုရင်တော့ သူတို့မှာ အခက်အခဲရှိမှာပဲ။ လတ်တလော အခြေအနေမှာ ဒီမှာဖြစ်နေ တာက သူတို့လာမှာဆိုလည်း မလွယ်ဘူး၊ အခြေအနေက ဒီမှာသိပ်မကောင်းဘူးပေါ့။ လုံခြုံမှုမရှိဘူး။ တိုက်ပွဲ တွေဖြစ်နေတဲ့အခါမှာ လူတွေ ထွက်ပြေးနေရတာရှိတယ်။ ဒီလိုအခြေအနေမှာ သူတို့ပြန်လာလို့ ရမှာမဟုတ်ဘူး”

မောင်တောဒေသက တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစား ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် (၄၀) အနီးက နယ်ခြားစောင့်စခန်း လက်လွှတ်လိုက်ရတာနဲ့ ပတ်သက်လို့ ပြန်လည်ရယူဖို့ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန် ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ မောင်တောမြို့နယ် မြောက်ပိုင်းမှာ တစ်ကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားလာခဲ့တာပါ။ အဲဒီ နောက် ရသေ့တောင်၊ မြောက်ဦး စတဲ့ မြို့နယ် တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေ အထိ ကျယ်ပြန့်လာခဲ့တာဖြစ်ပါတယ်။

RFA ကရရှိထားတဲ့ အချက်အလက်တွေအရ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး စတဲ့မြို့နယ်တွေမှာ ဒီကာလအတွင်း ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းတစ်ထောင်ကျော်အထိ ရှိနေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။