ကန့်ဘလူ ကျီစုရွာမှာ နေအိမ် ၅၀၀ ခန့် မီးရှို့ခံရပြီး ၁၀ ဦး သတ်ဖြတ်ခံရ

2022.07.20
ကန့်ဘလူ ကျီစုရွာမှာ နေအိမ် ၅၀၀ ခန့် မီးရှို့ခံရပြီး ၁၀ ဦး သတ်ဖြတ်ခံရ မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ နှောကုန်းကျေးရွာကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်‌နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ စုပေါင်းနေထိုင်ကြတဲ့ ကျီစုကျေးရွာမှာ စစ်ကောင်စီတပ်က ဇူလိုင်လ ၁၈ နဲ့ ၁၉ ရက် နေ့တွေက မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ရသလို ရွာထဲမှာ သတ် ဖြတ်ခံထားရတဲ့ လူ ၁၀ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီနေ့ ဇူလိုင်လ ၂၀ ရက် မနက်ပိုင်းက တွေ့ရှိခဲ့ကြတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

သတ်ဖြတ်ခံရတဲ့ လူ ၁၀ ဦးထဲက ခုနစ်ဦးဟာ မီးရှို့ခံထားရတာဖြစ်ပြီး ကျန်သုံးဦးကတော့ ရိုက်နှက်ဒဏ်ရာ၊ ကျည်ဒဏ်ရာတွေနဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းထဲမှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဘုန်းကြီးကျောင်းထဲမှာ သတ်ဖြတ်ခံထားရသူတွေဟာ အသက် ၂၀ အရွယ် ကိုမိုးသင်း၊ အသက် ၄၅ နှစ်အရွယ် ကိုတင်ရွှေနဲ့ အသက် ၄၀ အရွယ် ကိုမောင်ကြီးတို့ဖြစ်တယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေဟာ မပီပြင်တော့တဲ့အတွက် ရွာထဲက ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို စိစစ်နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကျီစုရွာကို ဇူလိုင်လ ၁၈ ရက်နေ့က စစ်ရဟတ်ယာဉ်တွေနဲ့ ရုတ်တရက် ဝင်ရောက်လာကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျီစုရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျီစုမှာ ထိုင်နေတုန်း လေကြောင်းကနေ ရဟတ်ယာဉ် နှစ်စင်းနဲ့ပစ်တယ်။ နှစ်စင်းက လူချတယ်၊ အကုန်လိုက်ဖမ်းတယ်၊ ပစ်တယ်။ ကုန်းလမ်းတစ်လျှောက်တက်လာပြီး မီးရှို့တယ်၊ အိမ်ခြေ ၅၀၀ လောက်ပါသွားတယ်၊ ညီအရင်းတစ်ယောက် သတ်ခံရတယ်၊ အကုန်ဆုံးရှုံးခဲ့ရတော့ ကမ္ဘာမကြေဘူး၊ မပြုတ်မချင်းတိုက်မယ်ဆိုပြီး စိတ်က ပိုပြင်းထန် လာတယ်"

သတ်ဖြတ်ခံရသူတွေထဲက အသက် ၂၀ အရွယ် ကိုမိုးသင်းဟာ သူ့ရဲ့ ညီဖြစ်ပြီး စိတ်ကျန်း မာရေး မကောင်းသူ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ကျီစုကျေးရွာဟာ နေအိမ် ၉၀၀ ဝန်းကျင်နဲ့ လူဦးရေ ၅၀၀၀ ဝန်းကျင်ရှိပြီး အများစုက အစ္စလာမ် ဘာသာဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွာရဲ့တောင်ပိုင်းမှာ အစ္စလာမ်ကိုးကွယ်သူတွေ နေထိုင်ကြပြီး ရွာမြောက်ပိုင်းမှာတော့ ဗုဒ္ဓ ဘာသာဝင်တွေ နေထိုင်ကြတာပါ။ အခုမီးရှို့ခံရတဲ့ အိမ်တွေဟာ အစ္စလာမ်ဘာသာဝင်တွေ နေထိုင်တဲ့ ရွာတောင်ပိုင်းမှာ ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တွေနေထိုင်တဲ့ ရွာမြောက်ဘက်ခြမ်း မှာတော့ မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ် ၁၀ လုံးခန့်ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါ တယ်။

ရွာထဲမှာ အစ္စလာမ်ဘာသာဝင်တွေနဲ့ စာသင်ကျောင်းနဲ့ အဆောက်အအုံတွေ ဦးတည်ဖျက် ဆီးခံခဲ့ရတာလို့ နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျီစုရွာခံတစ်ဦးက ပြောပါ တယ်။

“စစ်ကောင်စီက အတင်းဝင်ပစ်တယ်။ ဘုန်းကြီးကျောင်းကို ကျည်ဆန်တွေနဲ့ပစ်တယ်။ အဆောက်အအုံထဲက ပရိဘောဂတွေကို ရိုက်ခွဲသွားတယ်။ အရှေ့ဗလီက မွတ်စလင် စာသင်ကျောင်းကို မီးရှို့သွားတယ်၊ ဗလီကြီးရဲ့ အတွင်းထဲမှာရှိတဲ့ အဆောက်အအုံတွေ ကို သေနတ်နဲ့ပစ်သွားတယ်။ ရိုက်ခွဲသွားတယ်။ အနောက်ဗလီလည်း လုပ်သွားတယ်။ အများစုက မွတ်စလင်တွေချည်းပဲ၊ ဘာသာရေး အထိကရုဏ်းပုံစံဖြစ်အောင် ဖန်တီး သွားတယ်လို့ ယူဆတယ်"

ဇူလိုင်လ ၁၈ ရက်နေ့က ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဇူလိုင်လ ၁၉ ရက် မနေ့က ရွာထဲကနေ ပြန်လည်ထွက်ခွာသွားပြီးနောက် ကျေးရွာသားတွေက သူတို့ ရွာထဲ ပြန်ဝင်ကြည့်ရာမှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေနဲ့ မီးရှို့ဖျက်ဆီးခံ ထားရတဲ့ နေအိမ်တွေရဲ့ အခြေအနေကို မြင်တွေ့ခဲ့ကြရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ တချို့အိမ်တွေမှာ ဒီနေ့မနက်ကအထိ မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး ဝိုင်းဝန်း ငြှိမ်းသတ်နေကြရတယ်လို့လည်း ပြောပါတယ်။

“ကျီစုမှာ ထိုင်နေတုန်း လေကြောင်းကနေ ရဟတ်ယာဉ် နှစ်စင်းနဲ့ပစ်တယ်"

အဲဒီစစ်ကြောင်းဟာ အင်အား ၁၂၀ ခန့်ပါဝင်ပြီး ရွာထဲမှာ စစ်ယူနီဖောင်းတစ်စုံကို တွေ့ခဲ့ ကြရပေမယ့် ဘတ်တံဆိပ်ကို ခွာထားတာကြောင့် ဘယ်တပ်ကလဲဆိုတာကို အတည်မပြု နိုင်သေးဘူးလို့လည်း ကျေးရွာသားတွေက ပြောကြပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျီစုကျေးရွာက အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ် ဦးကတော့ နောက်ထပ် လူ ၅၀ ခန့် ပျောက်နေတယ်လို့ ပြောပါတယ်။

“ရွာကို ရုတ်တရက်ဝင်ဖမ်းလိုက်တာ လူ ၁၀၀ လောက် ဖမ်းခံလိုက်ရတယ်။ ဘုန်းတော် ကြီးကျောင်းထဲမှာ ထားတယ်။ လူအိုတွေကို ပြန်လွှတ်တယ်။ ၅၀ လောက်က လူပျောက် နေတယ်၊ ရွာက ရွှေဘို တူးမြောင်းဘေးမှာဆိုတော့ လယ်တွေက ရေဝင်နေပြီဆိုတော့ ဖြစ်သလိုပေါ့၊ လူငယ်တွေကတော့ ခံနိုင်ရည်ရှိတယ်။ ရွာက စစ်ဘေးဒုက္ခသင့်နေတာကို မြန်မြန်လွတ်ချင်ပြီ၊ အကူအညီတွေ လိုအပ်နေပြီ၊ လူဦးရေကလည်း တင်းကျပ်နေပြီ၊ စစ်ကောင်စီက လူသားချင်းလုံးဝမစာနာဘူး၊ ဒီထက်ယုတ်မာတာ ကမ္ဘာမှာ မရှိတော့ ဘူး"

airstrike.jpg
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း ပျံသန်းနေတဲ့ စစ်ရဟတ်ယာဉ်တစ်စင်းကို ၂၀၂၂ ဇန်နဝါရီ ၁၄ ရက်နေ့ကတွေ့ရစဉ် (Photo: CJ)

ကျီစုကျေးရွာက အခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ကို သိရဖို့ စစ်ကောင်စီပြော ခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ကန့်ဘလူမြို့နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ခင်ဦးမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် တစ်ဦးကတော့ ဒီလုပ်ရပ်ဟာ ပြည်သူတွေအပေါ် ရက်စက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

“ဒါတွေက လုံးဝကို မလုပ်ထိုက်ဘူး၊ တိရစ္ဆာန်နဲ့တောင် မနှိုင်းအပ်ဘူး၊ အဲ့ဒီရွာမှာ မောင်း ပြန်ဆိုတဲ့ အရာမျိုး တစ်လက်မှတောင်ရှိမယ်မထင်ဘူး၊ အင်အားအလွန်အကျွံလည်း သုံးစွဲတယ်။ မီးရှို့တယ်။ မီးရှို့ပြီး လူသတ်တယ်။ သတ်တဲ့နေရာမှာ ဘုန်းကြီးကျောင်း ဓမ္မာရုံအဝမှာတောင် ပစ်သတ်တယ်။ အမျိုးဘာသာ သာသနာကို အရိုးနဲ့ ခြံစည်းရိုး ထိုးမယ် ပြောတဲ့ မြန်မာ့စစ်တပ်က လုပ်ရပ်က အင်မတန်ကို စက်ဆုပ်ရွံစရာကောင်း ပါတယ်“

ဥပဒေမဲ့ လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ကို ရတဲ့နည်းလမ်းနဲ့ ခုခံတိုက်ခိုက်သွားမယ်လို့ လည်း သူက ပြောပါတယ်။

ဒီနေ့မှာလည်း စစ်ကောင်စီတပ်က ခင်ဦးနဲ့ ကန့်ဘလူမြို့နယ် အစပ်မှာရှိတဲ့ကျေးရွာတွေကို စစ်ကြောင်း သုံးကြောင်းခွဲပြီး ဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက် နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်း တစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ လူနေအိမ် ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။