ရခိုင့်တပ်တော် AA နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ အပစ်အခတ် ရပ်စဲ
2022.11.26

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က ရခိုင်ပြည်သူတွေကို သတ်ဖြတ်ဖမ်းဆီးမှုတွေအပြင် ကုန်သွယ်ရေးလမ်းကြောင်းတွေကိုပါ ပိတ်ဆို့ထားတဲ့အတွက် ရခိုင်ပြည်သူ နှစ်သန်းကျော် ဒုက္ခအခက်အခဲ ဖြစ်နေကြပါတယ်။
ရခိုင်ပြည်သူတွေ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့၊ လူသားချင်းစာနာမှုဆိုင်ရာတွေ ကူညီပေးနိုင်ဖို့အတွက် ကြားဝင်စေ့စပ်မှုတွေနဲ့ နိုဝင်ဘာ ၂၆ ရက်ကစပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီလိုက်တာလို့ AA ပြောရေးဆိုခွင့် ရှိသူဦးခိုင်သုခက ပြောပါတယ်။
“ရခိုင်ပြည်သူတွေရဲ့ လက်ရှိအခက်ခဲတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီးတော့မှ လူသားချင်းစာနာမှု ဆိုင်ရာ Informal အလွတ်သဘော သဘောတူထားတာတော့ ရှိတယ် ရက်ရှည်မလား မရှည်ဘူးလားဆိုတာ နှစ်ဘက်လိုက်နာမှု အပိုင်းနဲ့တော့ ဆိုင်တာပေါ့။ ဒီဟာကတော့ ကြားခံတွေကနေတစ်ဆင့် ညှိနှိုင်းလာတာဖြစ်ပါတယ်။ “
ရက္ခိုင့်တပ်တော် AA အနေနဲ့ အခုလိုအပစ်အခတ်ရပ်စဲထားပေမယ့် AAရဲ့ တော်လှန်ရေး လမ်းစဉ်နဲ့ နိုင်ငံရေးရည်မှန်းချက်ကတော့ ပျောက်ပျက်သွားမှာမဟုတ်သလို စစ်ကောင်စီတပ်တွေဘက်က အမှန်တကယ် လိုက်နာမှု ရှိမရှိ စောင့်ကြည့်သွားမှာဖြစ်တယ်လို့လည်း ဦးခိုင်သုခက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း AA နဲ့ အပစ်အခတ် ရပ်စဲလိုက်တာ မှန်ကန်ကြောင်း ပြည်ပသတင်းဌာနအချို့ကို ဖြေဆိုပါတယ်။
ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။
ရခိုင်ပြည်သူတွေရဲ့ အခက်အခဲ၊ အကျပ်အတည်းနဲ့ ငိုကြွေးနေတာတွေကို ULA/AA အနေနဲ့ ကြည့်မနေနိုင်တော့လို့ အပစ်အခတ်ရပ်စဲလိုက်တာ ဖြစ်နိုင်တယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။
“ULA/AA အနေနဲ့ကတော့ ဘီလူးမနဲ့သားမိခင် ဒါကဘီလူးမကကျတော့ ပြည်သူကမနာနာအောင်ပေါ့နော် ရက်ရက်စက်စက် လုတယ် မိခင်အရင်းကျတော့ သားရဲ့အော်သံကိုကြားပြီးတော့ လွှတ်ပေးလိုက်တယ်ပေါ့ ဒီသဘောပါပဲ လောလောဆယ်တော့ ပြည်သူတွေရဲ့ အသံတွေကို ULA/ AA ကထည့်သွင်း စဉ်းစားပြီးတော့ ဒုက္ခရောက်နေတဲ့အသံတွေ ငိုယိုနေတဲ့ အသံတွေကို ULA/ AA က ဦးစားပေးပြီး လုပ်လိုက်တယ်လို့ ကျနော်တော့ မြင်တယ်ဗျ။”
အခုလို အပစ်အခတ်ရပ်စဲလိုက်တဲ့အတွက် စစ်ရေးဖိအားရှိနေတဲ့ စစ်ကောင်စီကို အသက်ရှူချောင်သွားစေတယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဦးလှစောကတော့ ပြည်သူတွေရဲ့အခက်အခဲကို အရင်ဖြေရှင်းပြီးမှသာ စစ်ရေး၊နိုင်ငံရေး ဆုံးဖြတ်ချက်တွေကို ပြန်ချတာကောင်းတယ်လို့ ပြောပါတယ်။
“ပြည်သူတွေက တော်တော်လေး နင်လားငါလား မျက်နှာချင်းဆိုင်တိုက်ကြ ခိုက်ကြတာလည်း မဟုတ်တော့ လောလောဆယ် စစ်မတိုက်ဘဲ ရပ်တယ်ဆိုတာကတော့ ဘယ်ဘာသာရေး ရှုထောင့်က ကြည့်ကြည့် လူမှုရေး ရှုထောင့်က ကြည့်ကြည့် ကြိုဆိုရမယ့် ကိစ္စတစ်ခုပဲ နောက်မှနိုင်ငံရေး ပြဿနာတွေ ရှင်းပေါ့ဗျာ ပြန်တိုက်ရင်လည်း တိုက်ကြပေါ့ ရခိုင်ပြည်သူတွေကတော့ ဝမ်းသာကြမှာပါ ပိတ်ဆို့တာတွေ တားဆီးပိတ်ပင် ထားတာတွေ ကန့်သတ်ထားတာတွေက ပွင့်သွားမယ်ဆို လူတွေကတော့ နည်းနည်းအသက်ရှူချောင်သွားမှာပေါ့။”
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်နေရတဲ့ စစ်ကောင်စီအနေနဲ့ AA နဲ့ အပစ်အခတ်ရပ်စဲပြီး အခြားဒေသတွေကို စစ်ရေးတိုးမြှင့်တဲ့အခြေအနေ ဖြစ်ပေါ် လာနိုင်တယ်လို့ မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင် ဦးဖေသန်းကလည်း ခန့်မှန်းပါတယ်။
ဂျပန်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ရခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ် အကြား ဝင်ရောက်စေ့စပ်ပေးတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာတာ အခုဆိုရင် လေးလကျော်ကြာမြင့်ခဲ့ပြီး ဒီလေးလအတွင်း ဒေသခံ ၃၃ ယောက် သေဆုံးပြီး ၇၉ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။