မွန်၊ ကရင်၊ ပအိုဝ်း သုံးပါတီပူးပေါင်းမဲဆွယ်ပွဲ

မင်းခိုင်စိုးလင်း
2020.10.22

တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်အများအပြား  လွှတ်တော်အတွင်း ရောက်ရှိမှ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟာ လက်ရှိအခြေအနေထက် ပိုရှေ့ရောက်လာနိုင်မယ်လို့ တိုင်းရင်းသားပါတီတွေက ပြောဆိုနေကြပါတယ်။

မွန်ပြည်နယ်အတွင်းမှာဆိုရင် မွန်ညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီတွေကို အောင်နိုင်ရေးအတွက် မွန်၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားတွေ ပူးပေါင်းပြီး မဲဆွယ်စည်းရုံးနေကြပါတယ်။

ပြည်မနဲ့ တိုင်းရင်းသားဒေသတွေကြား တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်ပြီး၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ််တွေ လွှတ်တော် အသီးသီးမှာ အချိုးအစားများများ ပါဝင်လာဖို့ တိုင်းရင်းသားတွေဘက်က လှုပ်ရှားမှုတွေ ရှိနေတာပါ။

ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ ရွေးကောက်ပွဲအောင်နိုင်ဖို့ တိုင်းရင်းသားပါတီအချင်းချင်း ဝန်းရံမှုတွေ ရှိလာနေပါတယ်။ အခုလ ၁၈ ရက်နေ့ကဆိုရင် မွန်ပြည်နယ် သထုံမြို့နယ်နဲ့ ပေါင်မြို့နယ်တွေမှာ မွန်ညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီတွေကို အောင်နိုင်ရေးအတွက် မွန်၊ ကရင်၊ ပအိုဝ်း တို့က ပူးပေါင်းပြီး အင်အားပြခဲ့ကြပါတယ်။

ပေါင်မြို့နယ်မှာ နေထိုင်တဲ့ မင်းလှိုင်ထောက တိုင်းရင်းသားပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းတွေကသာ ဖက်ဒရယ်ပြည်ထောင်စုကို အကောင်အထည်ဖော်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၀၁၅ မှာ တိုင်းရင်းသားအမတ်တွေ လွှတ်တော်ထဲမှာ မရောက်ရှိခဲ့ဘူး။ ကျွန်တော်တို့ လိုလားတောင်းတ နေတဲ့ဖက်ဒရယ်ပြည်ထောင်စုဆိုတာ လွှတ်တော်ထဲမှာ တိုင်းရင်းသားအမတ်တွေ ရောက်ဖို့လိုတယ်။ တကယ့်တကယ်ဆိုရင် လွှတ်တော်ထဲမှာ တိုင်းရင်းသားပါတီကိုယ်စားပြု လွှတ်တော်ထဲမှာ ရောက်စေချင်တယ်။ ရောက်မှသာ တိုင်းရင်းသားတွေလိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အဲဒါမှ တည်ဆောက်နိုင်မယ်”

တဖက်မှာလည်း ကရင်နိုင်ငံရေး ပါတီဝင်မပြိုင်တဲ့နေရာတွေမှာ မွန်နိုင်ငံရေးပါတီနဲ့ ပအိုဝ်းနိုင်ငံရေးပါတီတွေကို မဲပေးကြဖို့ ကရင်လူငယ်ကွန်ရက်က တိုက်တွန်းထားပါတယ်။ မွန်နိုင်ငံရေးပါတီ ဝင်မပြိုင်တဲ့နေရာနဲ့ ပအိုဝ်းနိုင်ငံရေးပါတီဝင်မပြိုင်တဲ့နေရာမှာ ကရင်နိုင်ငံရေးပါတီကို မဲပေးကြဖို့ တိုင်းရင်းသားလူငယ်အဖွဲ့တွေက အပြန်အလှန်တိုက်တွန်းနေကြတာတွေရှိပါတယ်။

အပြန်အလှန်ထိန်းကျောင်းမှု အားကောင်းလာစေဖို့  တိုင်းရင်းသားပါတီကိုလည်း မဲပေးသင့်တယ်လို့ သထုံမြို့က ပအိုဝ်းလူငယ် ခွန်သက်မျိုးအောင်က ပြောပါတယ်။

“လွှတ်တော်မှာ တိုင်းရင်းသားပါတီတွေ မရှိဘူးဆိုရင် ဒါကတော့ ကျွန်တော်ထင်တယ်။ ပြောတာပဲ ဒီမိုကရေစီစနစ်ကျင့်သုံးတယ်လို့ပဲ ပြောတယ်။ ဒါပေမယ့် တိုင်းရင်းသားပါတီတွေမရှိရင် တစ်ပါတီစနစ်နဲ့ အုပ်စိုးသွားရင် အာဏာရှင်ဆန်သွားတာပေါ့လေ ”


လက်ရှိအစိုးရ သက်တမ်းအတွင်းမှာ မွန်ပြည်နယ်မှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပေးမှုနဲ့ တခြားပြည်နယ်တွေမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထု တည်ဆောက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး လူနည်းစု တိုင်းရင်းသားတွေက အစိုးရနဲ့ အာဏာရပါတီ NLD အပေါ် ထောက်ပြစရာအချက် ဖြစ်လာခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေရဲ့  သမိုင်းဝင်တဲ့၊ အစဉ်အလာရှိတဲ့ ခေါင်းဆောင်တွေကိုလည်း အလေးထား ဂုဏ်ပြုသင့်တယ်လို့ သူတို့က ထောက်ပြပါတယ်။

တိုင်းရင်းသားပါတီထဲက ကိုယ်စားလှယ်လောင်းတွေ လွှတ်တော်ထဲသို့ မရောက်ရင် တိုင်းရင်းသားတွေရဲ့ အသံတွေ လွှတ်တော်အတွင်း ရောက်ရှိနိုင်မှာ မဟုတ်ဘူးလို့ ပေါင်မြို့နယ်၊ ကရင်စာပေနဲ့ယဉ်ကျေးမှုအဖွဲ့ က စောတင်ဝင်းက ပြောပါတယ်။

“တိုင်းရင်းသားပါတီထဲက ကိုယ်စားလှယ်လောင်းတွေ လွှတ်တော်ထဲမှာ မရောက်ရှိနိုင်ခဲ့ရင် ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့အသံအမှန်ကို မရောက်နိုင်ဘူးပေါ့။ ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ်ကိစ္စလေးလည်း တောင်းဆိုပေးဖို့က မဖြစ်နိုင်တော့ဘူး။ တခြားအင်အားကြီးပါတီထဲက ရှိတဲ့ တိုင်းရင်းသားတွေက ကျွန်တော်တို့ တိုင်းရင်းသားအစစ်အမှန် မဟုတ်ဘူးလို့ ကျွန်တော်တို့ တိုင်းရင်းသားတွေက ခံစားရပါတယ်”

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက်လည်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်အများစု လွှတ်တော်အတွင်း ရောက်ဖို့ လိုအပ်တယ်လို့ သူက ယူဆနေပါတယ်။

သူနဲ့ အမြင်မတူသူက မုဒုံမြို့ခံ ဒေါက်တာသိန်းထွေးပါ။ အခြေခံဥပဒေကို ပြင်ဆင်ချင်တယ်ဆိုရင်တော့ NLD ကိုသာ ဆက်လက်ရွေးချယ်ရမှာဖြစ်တယ်လို့ ဒေါက်တာသိန်းထွေး ကပြောပါတယ်။

“ကျွန်တော်တို့ ဒီလွန်ခဲ့တဲ့ ၅ နှစ်သက်တမ်းမှာ NLD အစိုးရတက်လာတယ်။ NLDအစိုးရတက်လာတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အခြေအနေမရခဲ့ဘူး။ ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်စေချင်တဲ့ဆန္ဒရှိတယ်။ ဒါမှပဲ အစိုးရကနေပြီးတော့ တစ်နိုင်ငံလုံးကို အစိုးရတစ်ရပ်ကို အုပ်ချုပ်မိမှာပေါ့။ အားလုံးကို အစိုးရတစ်ရပ်အနေနဲ့ပဲ ပေးရှိစေချင်တဲ့ဆန္ဒရှိတယ်။ အဲဒီအထဲမှာ အမေကို ဦးဆောင်တာ လိုချင်တာပေါ့။ အမေစုကို ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။ သူ့ရဲ့သမာဓိပညာကို အားကိုးတယ်။ ပြည်သူတွေအပေါ်မှာ ထားတဲ့စေတနာကိုအားကိုးတယ်။ အဲဒါကြောင့် NLD အစိုးရကို ကျွန်တော်တို့ မဲပေးရတဲ့ရည်ရွယ်ချက်ပဲ”

မွန်ညီညွတ်ရေးပါတီကတော့ သူတို့ပါတီဟာ မွန်လူမျိုးတစ်မျိုးတည်းကို ကိုယ်စားပြုတာမဟုတ်ပဲ ပြည်နယ် အတွင်းက လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့  ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်နေတဲ့ ပါတီတစ်ခုဖြစ်တယ်လို့ ပြောဆို မဲဆွယ်စည်းရုံးမှုတွေလည်း ရှိနေပါတယ်။

မွန်ပြည်နယ်မှာ နိုင်ငံရေးပါတီပေါင်း ၁၆ ပါတီက ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

-------------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။