ရှစ်လေးလုံး ၃၃ နှစ်ပြည့်သည့်တိုင် မပြီးသေးတဲ့ စစ်အာဏာရှင် တော်လှန်ရေး

2021.08.08

ရဟန်း ရှင်လူ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ခဲ့တဲ့ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ဒီနေ့ သြဂုတ်လ ၈ ရက်နေ့မှာ ၃၃ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။

၃၃ နှစ်ပြည့်သည့်တိုင် မြန်မာနိုင်ငံဟာ စစ်အာဏာရှင်လက်အောက်မှာပဲရှိနေဆဲမို့ ဒီနေ့မှာလည်း ၈၈ မျိုးဆက် တွေရော၊ ဒီနေ့ခေတ်မျိုးဆက်သစ်လူငယ်တွေရော စစ်အာဏာရှင်ကို ဆက်ပြီး တော်လှန်နေကြရတုန်းဖြစ် ပါတယ်။

၁၉၈၈ ခုနှစ်က မအောင်မြင်ခဲ့တဲ့ အာဏာရှင်စနစ်တော်လှန်ရေးရော လက်ရှိ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး ပါ စစ်အာဏာရှင် မပြုတ်မကျမချင်း ရပ်တန့်သွားမှာမဟုတ်ဘူးလို့ နိုင်ငံရေးပါတီတွေနဲ့ ရှစ်လေးလုံးတော်လှန် ရေးမှာပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပြောကြပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးဟာ ၃၃ နှစ် ကြာခဲ့ပြီဖြစ်ပေမဲ့ တူညီတဲ့အချက်တွေကတော့ မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်နယ်၊ မြို့ရွာ၊ ရပ်ကွက် မကျန် ပြည်သူတွေ၊ လူငယ်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ပါဝင်လာကြတာပါပဲ။

“ပြည်သူတွေ သတင်းအချက်လက်ရရှိမှုက ၈၈ နဲ့ ဘာမှမဆိုင်တော့ပါဘူး"

၈၈ အရေးတော်ပုံနဲ့ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးမှာ တနိုင်ငံလုံး ပါဝင်လာတာချင်းတူပေမယ့် ဒီ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပါ ပါဝင်တိုက်ခိုက်လာတာကတော့ ထူးခြား ချက်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“ဒီနေ့ကာလကတော့ စစ်ကောင်စီရဲ့ တစ်ပြည်လုံးမှာလုပ်နေတဲ့ လူထုဆန့်ကျင်ရေး သတ်ဖြတ်မှုတွေ CDM ဖမ်းဆီးထောင်ချမှုတွေ ဖိနှိပ်မှုတွေ အပြင်းအထန်လုပ်လာတဲ့အခါကျတော့ စစ်ရေးလှုပ်ရှားမှုတွေဟာ မြို့ပေါ်ကနေတဆင့် တိုင်းရင်းသားဒေသတွေအထိ ကူးပြောင်းရောက်ရှိသွားပြီ။ တိုင်းရင်းသားဒေသတွေကို ကူးပြောင်းရောက်ရှိသွားတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ ပါဝင်ပူးပေါင်းတယ်။ စစ်ကောင်စီရဲ့ လုံခြုံရေးအင်အားစုတွေရဲ့ အလွန်အကျွံသတ်ဖြတ်မှုကြောင့် မခံမရပ်နိုင်တဲ့ လူထုတွေရဲ့ ပြည်သူ့ကာကွယ်ရေးလှုပ်ရှားမှုတွေ ဒေသအသီးသီးမှာ ပေါ်ပေါက်လာတဲ့ အခြေအနေပါ။ ဒီအခြေအနေက သမိုင်းမှာ တစ်ခါမှ မဖြစ်ဖူးတဲ့ အခြေအနေဖြစ်တယ်“

၈၈ အရေးတော်ပုံမှာရော ၂၀၂၁ နွေဦးတော်လှန်ရေးမှာရော စစ်အာဏာရှင်ကြောင့် ပြည်သူတွေ သွေး မြေကျခဲ့ရပါတယ်။

၈၈ မှာတုန်းက နည်းပညာ မထွန်းကားသေးတာ၊ ဆက်သွယ်ရေး မကောင်းတာ၊ သတင်းအချက်လက် အားနည်းတာတွေကြောင့် ပြည်သူ အနည်းဆုံး ၃ ထောင်လောက် သေဆုံးတယ်လို့သာ သိထားကြပြီး တိကျတဲ့ သတင်းအချက်လက် မကောက်ယူနိုင်ခဲ့ကြပါဘူး။

ပြည်သူတွေသွေးကွဲအောင်လုပ်တဲ့ စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေ မအောင်မြင်နိုင်တာကလည်း ၂၀၂၁ နွေဦး တော်လှန်ရေးရဲ့ အားသာချက်ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က လုံခြုံရေးအရ နာမည်မဖော်ချင်တဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“၂၀၂၁ ရဲ့ အားသာချက်သည် ဘယ်နေရာမှာ ဘာဖြစ်ဖြစ် မိနစ်ပိုင်း နာရီပိုင်းအတွင်း သိနိုင်တယ်၊ ဒါကြောင့်မို့ ဒီအချိန်မှာတော့ အာဏာရှင်တွေက အရင်ပုံစံမျိုး သွေးခွဲတာတွေ သပ်လျိုတာတွေ လုပ်လို့မရတော့ပါဘူး။ ပြည်သူတွေ သတင်းအချက်လက်ရရှိမှုက ၈၈ နဲ့ ဘာမှမဆိုင်တော့ပါဘူး“

၂၀၂၁ နွေဦးတော်လှန်ရေးမှာတော့ သတင်းအချက်လက် စီးဆင်းမှုအားကောင်းတာကြောင့် သေဆုံးသူ၊ အဖမ်းဆီးခံရသူတွေရဲ့ အရေအတွက်တွေကို ကောက်ယူနိုင်တာ တွေရှိနေပါတယ်။ RFA က ကောက်ယူ ထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးသူ ကိုးရာကျော်ရှိပါတယ်။

နောက်ထပ် ထူးခြားတာတစ်ခုကလည်း စစ်အာဏာရှင်ကို တော်လှန်ပြီးရင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးဆိုတဲ့ ရည်မှန်းချက်ပါ ပါဝင်လာတာ ဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်း ဦးဆောင်တဲ့စနစ်နဲ့ မကိုက်ညီဘဲ ဖက်ဒရယ်ပြည်ထောင်စုနဲ့သာ အကိုက်ညီဆုံး ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

“ကျွန်တော်တို့ တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရခဲ့တဲ့ အစိုးရအဆက်ဆက်က တိုင်းပြည်ကို ကောင်းမွန်အောင် လုပ်ခဲ့တာမရှိဘူး။ သူတိုရဲ့အတ္တတွေ၊ မာနတွေ အဖွဲ့အစည်းအကျိုးတွေအပေါ်မှာပဲ ကြည့်ခဲ့တာဖြစ်တယ်။ တကယ်တမ်း ဒီတိုင်းပြည်ရဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ အကျိုးစီးပွားကိုသာ တကယ်စဉ်းစားခဲ့မယ် လုပ်ခဲ့မယ် ကိုယ့်နိုင်ငံနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ နိုင်ငံရေးအုပ်ချုပ်မှုပုံစံ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တိုင်းပြည်ကိုသာ လုပ်ခဲ့မယ်ဆိုရင် အခုလိုမျိုး နှစ်ပေါင်း ၇၀ ကျော် ကျွန်တော်တို့တိုင်းပြည်က ချွတ်ခြုံကျ ခဲ့မှာ မဟုတ်ဘူး။ မကောင်းတာတွေနဲ့ ပြည့်နှက်ခဲ့မှာ မဟုတ်ဘူး။ ဒီတိုင်းပြည်ကို တကယ်ကောင်းမွန် အောင် ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်အောင် တည်ဆောက်နိုင်မှပဲ စုံလင်ကွဲပြားမှုတွေ ပြည့်နှက်နေတဲ့ ကျွန်တော်တို့တိုင်းပြည်ရဲ့ အဖြေကိုရှာလို့ တွေ့မယ်လို့ မြင်တယ်။ တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုက ဦးဆောင်တဲ့ စနစ်ဆိုရင်တော့ ဒီတိုင်းပြည်နဲ့ မကိုက်ညီဘူးလို့ ပြောလို့ရပါတယ်”

ရှစ်လေးလုံးအရေးတော်ပုံကြောင့် တစ်ပါတီအာဏာရှင်စနစ်ကနေ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် တဖြည်းဖြည်းရောက်လာပြီးနောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် အပါဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေ ရွေးကောက်ပွဲ အောင်နိုင်ပြီး လူထုဘက်ကနေ အောင်မြင်တာတွေ ရှိခဲ့ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံပြီးတဲ့နောက်မှာ တပ်မတော်ဘက်က အုပ်ချုပ်သူတေဟာ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လာခဲ့သလို အခုလက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လည်း အာဏာရှင်စနစ်ကို အသက်ပြန်သွင်းနေလို့ နိုင်ငံရေးလမ်းကြောင်းက မပြောင်းလဲဘဲရှိနေ တာတွေ့ရတယ်လို့ ၈၈ ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်သူ လက်ရှိပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးက ပြောပါတယ်။

“သို့သော် ကျွန်တော်တို့ဘက်မှာကတော့ ပုဂ္ဂိုလ်ရေး ဗဟိုပြုမှုနဲ့ပဲ လာလိုက်တာ အခုအချိန်ထိ ဖြစ်လာ တဲ့အခါကျတော့ တစ်ဖက်က institution ( အဖွဲ့အစည်း ) သဘောကို ဆောင်တယ်။ ဘာကြောင့်လဲ ဆိုတော့ လူတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားတယ်။ သူ့ရဲ့နိုင်ငံရေး လမ်း ကြောင်း နိုင်ငံရေးပုံစံက ရှိနေတယ်။ ကျွန်တော်တို့ဘက်မှာက ၃၃နှစ် ကြာလာတဲ့အထိ institution ပုံစံမျိုးကို မတည်ဆောက်နိုင်ခဲ့ဘူး။ ဒါကြောင့်မို့လည်း အခု ၂၀၂၁ အာဏာသိမ်းတဲ့အချိန်မှာ လူထုက ပြန်ပြီး ခုခံဆန့်ကျင်ရတဲ့အခြေအနေထိပြန်ရောက်လာတယ်လို့ မြင်ပါတယ်“

စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ ကြိုးစားရင်း နှစ်ပေါင်း ၃၀ ကျော်မှာ သံသရာတစ်ကျော့ပြန်လည်ပြီး နောက်ထပ်အာဏာရှင်စနစ် ပြန်ပေါ်လာတာကို စိတ်မကျေချမ်းနိုင်ဘူးလို့ ရှစ်လေးလုံး ကျောင်းသား ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပါဝင်ခဲ့တဲ့ ဦးမင်းဇေယျာက ပြောပါတယ်။

mdy-8888.jpg
(မန္တလေးမြို့က ရှစ်လေးလုံးနေ့ အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်ကို ၂၀၂၁ သြဂုတ် ၈ ရက်နေ့က တွေ့ရစဉ် - Photo: CJ)



“အခု ကျွန်တော်တို့ရဲ့ Gen Z တွေ အာဏာရှင်စနစ်ရဲ့ ဆိုးမွေတွေကို ထပ်ခံနေရတော့ ကျွန်တော်တို့ တွေ တာဝန်မကျေခဲ့ဘူးပေါ့နော်။ အာဏာရှင်စနစ်ရဲ့ဆိုးမွေဟာ ဘယ်လောက်ထိကြီးမားကြောင်းကို တကယ် တမ်းပြည်သူတွေ ထဲထဲဝင်ဝင် မသိသရွေ့ကာလပတ်လုံး၊ လက်ရှိနိုင်ငံရဲ့ တိုင်းရင်းသား ညီ အစ်ကို မောင်နှမတွေရဲ့ သူတို့ရဲ့ မူလရပိုင်ခွင့်တွေ ဖက်ဒရယ်ပြည်ထောင်စု ခံစားခွင့်တွေကို ခိုင်ခိုင် မာမာ မပေးသရွေ့ကာလပတ်လုံး ဒီဖက်ဒရယ်ပြည်ထောင်စုကြီး ခိုင်မာမှုအပေါ်မှာ အာမခံချက် မရှိသ၍ ကာလပတ်လုံး ဒီအာဏာရှင်စနစ်အပေါ်မှာ ကျွန်တော်တို့အားလုံးရဲ့ စစ်ကျွန်၊ အာဏာရှင် ကျွန် ဘဝကနေ လွတ်မှာမဟုတ်ဘူးလို့ခံစားရတယ်“

၂၀၂၁ အာဏာရှင်တော်လှန်ရေးမှာ ပါဝင်နေတဲ့ လူငယ်တွေကလည်း ၈၈ တုန်းက သွေးကြွေးဟောင်း ကို ၂၁ မှာ အပြီးတောင်းမယ်ဆိုတဲ့ သံန္နိဋ္ဌာန်နဲ့ စစ်အာဏာရှင်ကို ဆက်လက်တော်လှန်သွားမယ်လို့ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) ကျောင်းသားဟောင်းများ အင်အားစုခေါင်းဆောင် ကိုနန်းလင်းက ပြောပါတယ်။

“အဓိကခေါင်းစဉ်ရဲ့ရည်ရွယ်ချက်က ရှစ်လေးလုံးအရေးတော်ပုံကြီးက မပြီးပြတ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ သွေးကြွေးတွေ ကျွန်တော်တို့ရဲ့လိုလားချက်တွေကို ၂၁ ဒီတိုက်ပွဲမှာတော့ အဆုံးသတ်တိုက်ပွဲအဖြစ် ကျွန်တော်တို့တွေ သွားကြမယ်ဆိုတာကို ရည်ရွယ်တာဖြစ်တယ်။ ဒီသတင်းစကားကို ပြည်သူတွေဆီ ရောက်အောင် သတင်းစကားပေးပို့တာဖြစ်တယ်။ ဒီစိတ်ဓါတ်နဲ့ ခံယူချက်နဲ့ ၂၁ နွေဦးတော်လှန်ရေးကို ရှေ့ဆက်သွားဖို့ရှိတယ်“

ဒီနေ့ကျရောက်တဲ့ ၃၃ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံ တော်လှန်ရေးအထိမ်းအမှတ်နေ့မှာ လက်ရှိ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်နှိမ်နှင်းမှုတွေကြားကနေ စစ်အာဏာရှင်အမြစ်ပြတ်ဖို့၊ ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့၊ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ဖို့ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ တစ်ပြည်လုံးက မြို့အတော်များများမှာ ဆန္ဒပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။