ပေါက်မြို့နယ်မှာ သားအမိနှစ်ဦး အသတ်ခံရပြီး ၂၉ ဦးအဖမ်းခံထားရ

2022.03.10
ပေါက်မြို့နယ်မှာ သားအမိနှစ်ဦး အသတ်ခံရပြီး ၂၉ ဦးအဖမ်းခံထားရ မကွေးတိုင်း ပေါက်မြို့နယ် လက်ပံလှကျေးရွာတွင် ၂၀၂၂ ခုနှစ် မတ်လ ၃ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်များကို တွေ့ရစဉ်။
Photo: Citizen Journalist

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အင်းငယ်ဒေါင့်ကျေးရွာကို ရဲ၊ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ဝင် ၇၀ လောက်ဟာ မတ်လ ၅ ရက်နေ့က ရုတ်တရက် ဝင်ရောက်လာတာကြောင့် ဒေသခံ အားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြပါတယ်။

အဲဒီနောက် ကလေးသုံးယောက်မိခင် အသက် ၄၂ နှစ်အရွယ် ဒေါ်အေးအေးဝင်းလည်း အသက် လေးနှစ်သာ ရှိသေးတဲ့ အငယ်ဆုံးသမီး မရတီမိုး နဲ့အတူ ထွက်ပြေးရပြီး၊ လမ်းခုလတ်မှာ အဖမ်းခံလိုက်ရပါတယ်။ ညနေပိုင်းမှာတော့ ပြင်းထန်ဒဏ်ရာတွေနဲ့အတူ အသတ်ခံထားရတဲ့ သူတို့သားအမိ နှစ်ဦးရဲ့ ရုပ်အလောင်းကို ရွာလယ်ကဇရပ်မှာ ဒေသခံတွေ တွေ့ခဲ့ရတာပါ။

ဒေါ်အေအေးဝင်းရဲ့ ခန္ဓာကိုယ်မှာ အဝတ်အစားတွေ စုတ်ပြဲနေတာကြောင့် CDM ဆရာဝန် တစ်ဦးနဲ့အတူ စစ်ဆေးကြည့်ရာမှာ အသက်မသေခင် အဓမ္မပြုကျင့်ခံခဲ့ရတယ်ဆိုတာကို အဲဒီဆရာဝန်က အတည်ပြုပေးခဲ့ကြောင်း စစ်ဆေးရာမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဒေသခံက RFA ကို ပြန်ပြောပြပါတယ်။

"ညနေပိုင်းကျတော့ ကျနော်တို့က ရွာပြန်ဝင်ကြတယ်။ ပြန်ဝင်လို့ရတယ် သူတို့ ပြန်ဆုတ်သွားပြီပေါ့။ အဲဒီအချိန်မှာ အသတ်ခံရတယ်ဆိုတာကို တွေ့တယ်။ နောက် သူက ညှဉ်းပန်းနှိပ်စက်တာတွေ ခံထားရတယ်။ ဒဏ်ရာတွေလည်း တွေ့တယ်။ ပြီးတော့ အဝတ်အစားတွေလည်း စုတ်ပြဲနေတဲ့ဟာမျိုး တွေ့ရတယ်။ အဲဒီမှာ ကျနော်တို့ အဝတ်အစားတွေ စုတ်ပြဲနေတာ ဘာကြောင့်လဲ ဆိုပြီးတော့ စစ်ဆေးကြည့်တော့မှာ အဓမ္ မကျင့်ခံရတယ်ဆိုတာကို ဆရာဝန်တွေက အတည်ပြုပေးတာပါဗျ"

ဒေါ်အေးအေးဝင်းရဲ့ ခန္ဓာကိုယ်မှာ လှံစွပ်နဲ့ ထိုးသွင်းထားတဲ့ ဒဏ်ရာလေးချက်အပြင် အဓမ္မပြုကျင့်ခံခဲ့ရတဲ့ သဲလွန်စတွေ တွေ့ခဲ့ရပြီး၊ လေးနှစ်အရွယ် သမီးငယ် မရတီမိုးရဲ့ ဘယ်ဘက်နောက်ကျောမှာလည်း ထိုးသွင်းဒဏ်ရာ တစ်ချက်ကို တွေ့ခဲ့ရတယ်လို့ စစ်ဆေးခဲ့တဲ့ CDM ဆရာဝန်က အတည်ပြုပေးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

ဒေါ်အေးအေးဝင်း တို့ မိသားစုဟာ မကြာသေးခင်ကမှ ဆိတ်ရောင်းထားတဲ့ ငွေသိန်း ၅၀ ရှိတဲ့အတွက် ပျူစောထီးအဖွဲ့တွေက သတင်းရပြီး ဖမ်းဆီးငွေညှစ်ရာကနေ အသတ် ခံလိုက်ရတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"အကာအကွယ် ယူပြီးတော့မှ ရွာထဲကိုဝင်တယ်။ မအေးအေးဝင်း အိမ်နောက်ဘက်က ဒလန်ကနေ သတင်းပေးထားတဲ့ သိန်း ၅၀ ရှိတယ်ဆိုတဲ့သတင်းတွေ၊ ဘာတွေနဲ့ မအေးအေးဝင်း ကို စစ်သားအချို့နဲ့ ဒလန်၊ ပျုစောထီးတွေပါဝင်ပြီး သိန်း ၅၀ တောင်းတယ်။ တောင်းတဲ့အချိန်မှာ လေးနှစ်သမီးကို ရင်ခွင်မှာ ပွေ့ပြီးတော့မှ လေးနှစ်သမီး ရတီမိုးလေးကို အရင်ဆုံး သတ်ပြတယ်။ သိန်း ၅၀ ကို ထုတ်မပေးရင် ဒီလိုသတ်တယ်ဆိုပြီး သတ်ပြတယ်။ သတ်ပြပြီးတော့မှ နှိပ်စက်ညှဉ်းပန်းပြီး သေနတ်နဲ့ ပစ်သတ်သွားတယ်။ ၁၁ နှစ် သမီး အလတ်မလေးကိုလည်း ဖမ်းပြီးခေါ်သွားတယ်။ တချို့ကလည်း ချောင်းဘေးမှာ အလောင်းတွေ့တယ်ပြောတယ်။ တချို့ကလည်း မတွေ့ဘူးပြောတယ်။ ခုလက်ရှိ အနေအထားကတော့ နှစ်ယောက်ပဲ သင်္ဂြိုဟ် ရသေးတယ်ပေါ့နော်"

letpanhla-village-fireburn.jpg
၂၀၂၂၊ မတ် ၃ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ လက်ပံလှကျေးရွာက နေအိမ်များကို တွေ့ရစဉ် (Photo: CJ)

အခင်းဖြစ်တဲ့ မတ်လ ၅ ရက် ညနေပိုင်းမှာ သားအမိနှစ်ဦး အသတ်ခံရတဲ့အပြင် သေဆုံးသူ ဒေါ်‌အေးအေးဝင်းရဲ့ ၁၁ နှစ်အရွယ် သမီးကြီး၊ အသက် ရ၀ ကျော်အရွယ် ယောက္ခမ နှစ်ဦး အပါအဝင် ဒေသခံ ၂၉ ဦးလည်း အဖမ်းခံထားရတယ်လို့ သူက ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့အထဲမှာ အမျိုးသမီး ၁၂ ဦး၊ အမျိုးသား ရှစ်ဦးနဲ့ ကလေး ကိုးဦး ပါဝင်ပြီး အခု ငါးရက်ကြာတဲ့အထိ ဘာသတင်းမှ မကြားရတာကြောင့် စိုးရိမ်ပူပန်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒိကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဒီနေ့ ညနေပိုင်းအထိ အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

လက်ရှိမှာ စစ်တပ်နဲ့ ပျုစောထီးအဖွဲ့ဝင်တွေဟာ သူတို့ကို ထောက်ခံမှု အများဆုံးဖြစ်တဲ့ ပေါက်မြို့နယ် အင်းငယ်ဒေါင့်ရွာအနီးက ဝန်းခြုံရွာမှာ တပ်စွဲထားပြီး အဲဒီရွာကနေ အနီးအနားရွာတွေကို လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မတ်လ ၅ ရက်နေ့က အင်းငယ်ဒေါင့်ရွာကို တပ်မ ၈၈ လက်အောက်ခံ စစ်သားတွေနဲ့ ပျူစောထီး အဖွဲ့တွေပေါင်းပြီး အင်အားအလုံးအရင်းနဲ့ ရုတ်တရက် ဝင်လာခဲ့တာကြောင့် နှစ်ဘက် တိုက်ပွဲဖြစ်ခဲ့ပေမယ့် အင်အားမမျှတာကြောင့် ရွာကို မကာကွယ်နိုင်ခဲ့ဘူးလို့ ဒေသကာကွယ်ရေး ပြည်သူ့စွမ်းအား တပ်ပေါင်းစုက တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။

"အင်းငယ်ဒေါင့်ကျေးရွာကို ရဲတွေနဲ့ တပ်မ ၈၈ ဘက်တံဆိပ်ပါတဲ့ စစ်ကောင်စီတွေ၊ ပျုစောထီးတွေ ပါတယ်။ သူတို့ဝင်လာတော့ ပြည်သူတွေက ဟိုတကွဲ၊ ဒီတကွဲ ပြေးကြတယ်။ ကျနော်တို့ တိုက်ပွဲတွေ ဖြစ်တယ်။ သူတို့ရွာကိုဝင်မွှေတဲ့အချိန်မှာ PDF တွေရှိတဲ့ ဒီဘက်အခြမ်းရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ စက်လက်နက်တွေနဲ့ ပစ်တယ်။ ကျနော်တို့ဘက်ကလည်း အချိန်မီ အင်းငယ်ဒေါင့်ရွာကို မကာကွယ်လိုက် နိုင်ဘူးပေါ့နော်"

နှစ်နာရီနီးပါး ကြာမြင့်ခဲ့တဲ့ အဲဒီ တိုက်ပွဲမှာ ဒေသခံကာကွယ်ရေးအဖွဲ့က လေးဦး သေဆုံးပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သူက ဆိုပါတယ်။

စစ်တပ် ပြန်ထွက်ချိန်မှာ နေအိမ် ၂၄ လုံး၊ ကျေးရွာ ရေပေးစက်နဲ့ မီးစက်တွေကို မီးရှို့ခဲ့ပြီး၊ ဆိုင်ကယ် ၁၅ စီးနဲ့ အခြားတန်ဖိုးရှိ ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကိုယ့်အသက်ကို ကာကွယ်ဖို့ ရရာလက်နက်လေးတွေနဲ့ တော်လှန်ရတော့မယ့် အနေအထားကို ရောက်ကို ရောက်နေပြီဆိုတာ လူတိုင်းရဲ့ အသိစိတ်ထဲမှာ ဝင်နေပြီ"

မကွေးနဲ့ စစ်ကိုင်းတိုင်းထဲက လက်ရှိ ပြည်သူတွေ ရင်ဆိုင်နေရတဲ့အခြေအနေဟာ အဆိုးဆုံးကို ရောက်နေပြီလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပြည်သူကို စောင့်ရှောက်ရမယ့် စစ်တပ်က မစောင့်ရှောက်ဘဲ PDF ဆို PDF ကို မတိုက်ဘဲ မြင်သမျှလူကို သူတို့နဲ့ ဆန့်ကျင့်တဲ့ လူမှန်သမျှ မဲမဲသဲသဲ ရွာတစ်ရွာကို ဝင်ပြီဆိုရင် မြင်မြင်သမျှကို သတ်လိုက်၊ ဖြတ်လိုက်၊ လူသားဒိုင်းလုပ်လိုက်နဲ့ နှိပ်စက် လိုက်၊ အနိုင်ကျင့်လိုက်၊မီးရှို့လိုက်နဲ့ ပစ္စည်းတွေ လုယူလိုက်နဲ့ လုပ်နေတာကြီးတွေက ဘယ်လိုပြောရမတုန်းဆိုတော့ လူတိုင်းကလေ ဒီအတိုင်း နေလို့မရတော့ဘူး။ ကိုယ့် အသက်ကို ကာကွယ်ဖို့ ရရာလက်နက်လေးတွေ ရှိတဲ့ဟာလေးတွေနဲ့ တော်လှန် ရတော့မယ့် အနေအထားကို ရောက်ကို ရောက်နေပြီဆိုတာ လူတိုင်းရဲ့ အသိစိတ်ထဲမှာ ဝင်နေပြီ၊ နောက်ပြီး နာကျည်းစိတ်၊ ခံပြင်းစိတ်၊ မလုံခြုံစိတ်တွေနဲ့ အကုန်လုံးက ရောထွေးပြီးတော့မှ လက်ရှိအနေအထားက အဆိုးရွားဆုံး အနေအထားကို ရောက်နေပြီလို့ ပြောချင်ပါတယ်"

အင်းငယ်ဒေါင့်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ တစ်ထောင်နီးပါး နေထိုင်ပါတယ်။ လက်ရှိမှာတော့ သူတို့က အိမ်မပြန်ရဲသေးပဲ ဘေးလွတ်ရာမှာ စစ်ရှောင်နေရတယ်လို့ သူကပြော ပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်ထဲက အင်းငယ်ဒေါင့်၊ လက်ပံလှ၊ လယ်ယာ၊ ကင်းမရွာတို့ အပါအဝင် ၁၂ ရွာက ဒေသခံ သုံးထောင်ကျော်ဟာ စစ်ကောင်စီ ရန်ကနေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

လက်ရှိမှာတော့ ရာသီဥတု ပူပြင်းတဲ့အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။