အာဏာသိမ်း ၂၁ လကျော်အတွင်း အမျိုးသမီး ၄၀၀ နီးပါး အသတ်ခံရ

RFA Burmese
2022.11.25
အာဏာသိမ်း ၂၁ လကျော်အတွင်း အမျိုးသမီး ၄၀၀ နီးပါး အသတ်ခံရ စစ်ကောင်စီတပ်မှ သတ်ဖြတ်ခဲ့သည့် လွိုင်ကော်မြို့နယ် ထူဒူငံသရွာမှ သားအမိနှစ်ဦး၏ ရုပ်အလောင်းအား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က လူမှုကူညီရေးအသင်း သယ်ဆောင်လာစဉ်။
ဓာတ်ပုံ - ရွှေညောင်ပင်လူမှုကူညီရေးအသင်း

စစ်တပ်က အာဏာသိမ်းထားတဲ့ ၂၁ လကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ အမျိုးသမီး ၃၇၀ အသက်ဆုံး၊ ၃,၃၈၅ ဦး အဖမ်းခံထားရပြီး ၁၂၇ ဦး အဓမ္မပြုကျင့်ခံခဲ့ရကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက ပြောပါတယ်။

ဒီအချက်အလက်တွေဟာ နစ်နာသူ ကာယကံရှင်မိသားစုဝင်တွေကိုယ်တိုင် သက်သေ အထောက်အထားတွေနဲ့တကွ NUG ကို တိုင်ကြားလာတဲ့အပေါ် စနစ်တကျ စာရင်း ပြုစုထားတာလို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်နီးပါးအတွင်း နိုင်ငံတစ်ဝန်းက အမျိုးသမီးတွေဟာ စစ်ကောင်စီ တပ်သားတွေရဲ့ သတ်ဖြတ်မှု၊ ဖမ်းဆီးနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုတွေကို ရင်ဆိုင်နေရပေမယ့် ဥပဒေစိုးမိုးမှု မရှိတာကြောင့် ပြည်တွင်းမှာ ဘယ်သူ့ကိုမှ တိုင်ကြားနိုင်တဲ့ အခွင့်အရေး မရှိဘူးလို့ ပြောပါတယ်။

"အမျိုးသမီးတွေ စိတ်ပိုင်း၊ ရုပ်ပိုင်း ကျုးလွန်ခံရတဲ့ အခြေအနေကို နိုင်ငံတကာကို တိုင်တန်းသွားမှာ ဖြစ်ပါတယ်"

ဒါကြောင့် ဒီကာလအတွင်း အဖြစ်အပျက်တွေကို စနစ်တကျကောက်ယူပြီး ကုလသမဂ္ဂ တာဝန်ရှိသူတွေ၊ အဖွဲ့အစည်းတွေထံ ပေးပို့တိုင်ကြားထားတယ်လို့ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်ဆူဇန်နာလှလှစိုးက ပြောပါတယ်။

"ကျမတို့အနေနဲ့ အမျိုးသမီးတွေ စိတ်ပိုင်း၊ ရုပ်ပိုင်း ကျုးလွန်ခံရတဲ့ အခြေအနေကို နိုင်ငံတကာကို တိုင်တန်းသွားမှာ ဖြစ်ပါတယ်။ Report တွေလည်း တင်ထားပြီးသား ဖြစ်တယ်။ ဆက်လက်ပြီးတော့ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ်ကို Report တွေ ပေးထားပါတယ်။ ပြည်တွင်း တရားစီရင်မှုကို ထူထောင်ပြီးတော့ ပြည်တွင်း ဥပဒေတွေနဲ့ ပြစ်ဒဏ်စီရင် ချမှတ်သွားမှာဖြစ်ပါတယ်"

အမျိုးသမီးတွေဟာ စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေ၊ စစ်ကြောရေးစခန်းတွေနဲ့ မြေပြင်သပိတ်တွေ အကြမ်းဖက်ဖြိုခွဲခံရစဉ်မှာ သတ်ဖြတ်ခံခဲ့ရသလို တချို့က တိုက်ပွဲတွေမှာပိတ်မိရင်း စစ်သားတွေရဲ့ ပစ်ခတ်သတ်ဖြတ်တာကို ခံခဲ့ရတာလို့ နော်ဆူဇန်နာလှလှစိုးက ပြောပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်ဘက်ရွာက အသက် ၄၂ နှစ်အရွယ် သားသည်မိခင် မသန္တာဝင်းကတော့ ၂၀၂၁ ခုနှစ်အောက်တိုဘာလ ၁၄ ရက် မနက်စောစော ၁ နာရီခန့်မှာ ပျုစောထီးနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် အုပ်စုလိုက် အဓမ္မကျင့်ပြီးမှ ပစ်သတ်ခံခဲ့ရတာပါ။

အဖမ်းခံရပြီး နောက်တစ်ရက် အောက်တိုဘာ ၁၅ ရက် မနက် ၁၀ နာရီကျော်မှာ အဓမ္မကျင့် အသတ်ခံထားရတဲ့ မသန္တာဝင်းရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

"သူ့အမျိုးသား အရှေ့မှာပဲ ဖမ်းသွားတာ၊ မဆိုင်တဲ့သူ မလိုက်ခဲ့နဲ့ဆိုပြီး ဖမ်းတော့ မလိုက်ရဲကြဘူး။ ညတစ်နာရီမှာ ဖမ်းတယ်၊ လေးနာရီလောက်ကြတော့ ရွာအနောက် ဘက် တောင်ကုန်းပေါ်မှာ သေတယ်လို့ ကြားရတယ်။ နောက်စေ့ကနေ သေနတ်နဲ့ ပစ်ထားတာ မျက်နှာမှာရော၊ ပါးစပ်တွေရောပွင့်နေတယ်။ ပါးစပ်ပေါက်တောင် မတွေ့ရတေ့ဘူး။ ပြီးတော့ သူ့ရဲ့ပါးတွေကို ကိုက်ထားတဲ့ သွားရာတွေ တွေ့ရတယ်"

မသန္တာဝင်းဟာ မျိုးရိုးစဉ်ဆက် တောင်ယာအလုပ် လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ဘာအပြစ်မှ ကျုးလွန်ထားတာမရှိဘဲ အခုလို ရက်ရက်စက်စက် အသတ်ခံလိုက်ရတာလို့လည်း သူက ဆိုပါတယ်။

အာဏာသိမ်းခံထားရလို့ နိုင်ငံတစ်ဝန်း တရားရေးစနစ် ပြိုလဲနေချိန်မှာ နစ်နာသူတွေဟာ ဘယ်သူ့ကိုမှ တိုင်တန်းနိုင်တဲ့ အခွင့်အရေးမရှိဘူးလို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။

"အမျိုးသမီးတွေအပေါ်မှာ ဥပဒေအကာကွယ် ရှိလား၊ မရှိလားဆိုတာ အကုန်လုံးသိမှာပါ။ စစ်ကြောရေးတွေမှာ၊ ရွာတွေကို စီးနင်းတဲ့အခါမှာ အဖမ်းခံရတာ၊ သတ်ပစ်ခံရတဲ့အခါ ကျုးလွန်သူတွေကို တိုင်ကြားဖို့က ဘယ်မှာလဲ ကောင်းမွန်တဲ့ တရားရေးစနစ်။ တရား ရေးစနစ်မှာပဲ စစ်ကောင်စီအလိုကျ မိုးကျရွှေကိုယ်တွေရှိနေတာ။ ဘယ်လိုမှ မှန်ကန် ဖြောင့်မတ်နိုင်မှာ မဟုတ်သလို စစ်ကြောရေးလို နေရာတွေမှာလည်း အမျိုးသမီးတွေ အပေါ် ဥပဒေထက်ကျော်လွန်ပြီး လိင်ပိုင်းဆိုင်ရာ ကျုးလွန်စော်ကား စစ်ဆေးမေးမြန်းမှု တွေကိုလည်း ထိထိရောက်ရောက် တိုင်ကြားဖို့က အခွင့်အလမ်း မရှိပါဘူး"

မန္တလေးမြို့က CDM ဆရာမတစ်ဦးဖြစ်တဲ့ အသက် (၂၇) နှစ်အရွယ် ဒေါ်သက်ဆုလှိုင် ကတော့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့က သူပုန်းခိုနေတဲ့နေအိမ်မှာ ရဲနဲ့ စစ်တပ်ရဲ့ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခံရပြီး တပ်တွင်းဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ- ၅၀၅ (က)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ-၅၂ (က) နဲ့ ထောင် ရှစ်နှစ်ချမှတ်ခံထားရပါတယ်။

ဒေါ်သက်ဆုလှိုင်ဟာ ရိုးသားကြိုးစားပြီး ကျောင်းသားတွေအပေါ်မှာ စေတနာထားသူ ဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ဆရာမက သူ့လုပ်ငန်းခွင်မှာလည်း ကြိုးစားတဲ့သူ တစ်ယောက်၊ ကျောင်းသားတွေပေါ် လည်း စေတနာထားသူ တစ်ယောက်၊ ဒီလိုဆရာမကို အကြမ်းဖက်ပုဒ်မတွေနဲ့ မတရား ပုဒ်မတွေနဲ့ ထောင်ထဲမှာ ရှစ်နှစ် ထောင်ချထားတယ်။ ဒါ ဘယ်လိုမှ မဖြစ်သင့်တဲ့ အကြောင်းပဲ။ အခုအခြေအနေမှာတော့ သူက ဘယ်တုန်းကမှ စိတ်ဓာတ်ကျနေတာမျိုး မရှိဘူး။ လူဆိုတာတော့ စိတ်ခံစားချက်ကတော့ရှိတယ်၊ ဒါပေမဲ့ ဒီဖြစ်ရပ်အတွက် နောင်တရ၊ စိတ်ဓာတ်ကျနေတာတော့ မရှိဘူး"

NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ် ရေးရာဝန်ကြီး ဆူဇန်နာလှလှစိုးကတော့ အမျိုးသမီးတွေ အကြမ်းဖက် သတ်ဖြတ်ခံရ၊ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ အများဆုံးဖြစ်တယ်လို့ ပြောပါတယ်။

ဒီပြောဆိုမှုနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင် ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

thetsuhlaing.jpg
မန္တလေးမြို့မှ CDM အထက်တန်းကျောင်းဆရာမ ဒေါ်သက်ဆုလှိုင်အား တွေ့ရစဉ်။ (ဓာတ်ပုံ - အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ)

အာဏာသိမ်း စစ်တပ်ဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေကို အရင်က တိုင်းရင်သားဒေသတွေမှာ အများစု ကျုးလွန်လေ့ရှိပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ တော့ မြို့ပြနဲ့ ကျေးလက်ပါမကျန် စစ်လက်နက်သဖွယ် ကျူးလွန်လာတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) မနန်းမို့မို့ က ပြောပါတယ်။

"အထူးသဖြင့် စစ်ပွဲဖြစ်နေတဲ့ နေရာဒေသတွေမှာရော၊ မဖြစ်တဲ့ နေရာဒေသတွေမှာရော စစ်ကောင်စီတပ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေကို တကယ့်စစ်လက်နက် သဖွယ် အသုံးပြုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်လာတာ တွေ့ရတယ်။ သူတို့က ပြစ်ဒဏ်ကလည်း မရှိဘူးလေ။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ကလေးမွေးကင်းစ မိခင်တွေကအစ လိင်ပိုင်းဆိုင်ရာ ကျုးလွန်ခံရတယ်။ အဲဒီကျုးလွန်တဲ့သူတွေကိုတော့ အပြစ်မပေးဘူးလေ။ အများစုကျုးလွန်တာက လိင်ပိုင်းဆိုင်ရာတွေပါ။ ဒါတွေကိုပဲ စစ်လက်နက်သဖွယ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတယ်"

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ဆက်လက်ကျုးလွန်နေကြောင်း ၂၀၂၂ ခုနှစ် မေလက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ “ပဋိပက္ခနဲ့လိင်အကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံစာ” မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ စစ်တပ်ထဲမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျုးလွန်သူ တွေကို အရပ်ဘက်၊ စစ်ဘက်ဥပဒေတွေနဲ့ အမြင့်ဆုံးပြစ်ဒဏ်အထိ ချမှတ်နေတယ်လို့ တုံ့ပြန်ဖြေရှင်းထားပါတယ်။

ဒါပေမဲ့ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတစ်ဝန်း စစ်မက်ဇုန် ကျယ်ပြန့်လာ ချိန်မှာ အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီး၊ သတ်ဖြတ်၊ လိင်ပိုင်းဆိုင်ရာ ကျုးလွန်ရာမှာ အဓိက ပစ်မှတ်ထားခံရတဲ့သူတွေ ဖြစ်လာနေကြောင်း NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ် ရေးရာဝန်ကြီးဌာနနဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တာဝန်ရှိသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။