လက်နက်ကြီးကြောင့် တစ်လအတွင်း အရပ်သား ၁၇ ဦးသေ၊ ၃၀ ဒဏ်ရာရ

2022.06.28
လက်နက်ကြီးကြောင့် တစ်လအတွင်း အရပ်သား ၁၇ ဦးသေ၊ ၃၀ ဒဏ်ရာရ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ငံရိုးကျေးရွာမှ လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရသည့် အိမ်အား ၂၀၂၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က တွေ့ရစဉ်
Photo: DMO PDF

RFA က ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ ကယားဒေသတွေ မှာ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဇွန်လ ၁ ရက်နေ့ကနေ ဇွန်လ ၂၈ ရက် ဒီနေ့အထိ အချိန်တစ်လနီးပါးအတွင်းမှာ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် သေဆုံးတဲ့ အရပ်သား ၁၇ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူပေါင်း ၃၀ အထိ ရှိခဲ့ပါတယ်။

ထိခိုက်သေဆုံးမှုတွေဟာ အဲဒီဒေသလေးခုက မြို့နယ် ၁၂ ခုမှာရှိတဲ့ ကျေးရွာပေါင်း ၁၇ ရွာ မှာ လက်နက်ကြီး ပစ်ခတ်ခံရတဲ့ဖြစ်စဉ် ၁၆ ခုအတွင်း ကြုံခဲ့ကြရတာပါ။

"မဲမဲမြင်ရာပေါ့လေ မဆီမဆိုင် အပြစ်မဲ့တဲ့လူတွေကိုပါ သူတို့က လက်နက်ကြီးနဲ့ လှမ်းထုတာပေါ့နော်"

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က ချင်းပြည်နယ် မင်းတပ်အခြေစိုက် ခလ၇ (၂၇၄) က ပစ်ခတ် တဲ့လက်နက်ကြီးတွေဟာ မွီတွီရွာကို ကျရောက်ခဲ့တာကြောင့် အသက် ၇၀ နဲ့ ၆၀ အရွယ် သက်ကြီး အမျိုးသား၊ အမျိုးသမီးနှစ်ဦးနဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး၊ စုစု ပေါင်းသုံးဦး သေဆုံးပြီး နောက်ထပ် အရပ်သားတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မင်းတပ်မြို့ရဲ့ မြောက်ဘက် ခြောက်မိုင်အကွာမှာရှိနေတဲ့ စစ်ကောင်စီတပ်ကနေ မွီတွီရွာ ဘက်ကို ပစ်ခတ်ရာမှာ အရပ်သားတွေ ထိခိုက်ခဲ့တာလို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုယောမန်က RFA ကို ပြောပါတယ်။

“မြို့မြောက်ဘက်မှာရှိတဲ့ ရွာတွေကိုပစ်တာ။ တောင်တန်းကြီးနှစ်ခုကတော့ မျက်နှာချင်း ဆိုင်ပေါ့။ မွီတွီနဲ့ ၂၇၄က တည့်တည့် မျက်နှာချင်းဆိုင်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ၂၇၄ ကနေ ဒီဘက်မှာရှိတဲ့ ရွာတွေကို မှန်းပြီးပစ်တာ။ ရွာထဲမှာလည်း ကျတယ်။ ရွာနားမှာ လည်း ကျတယ်။ ဒဏ်ရာရတာ၊ သေဆုံးတာတော့ တောင်ယာထဲမှာ တောင်ယာလုပ်နေ ရင်းနဲ့ ထိသွားတာပေါ့။ မဲမဲမြင်ရာပေါ့လေ မဆီမဆိုင် အပြစ်မဲ့တဲ့လူတွေကိုပါ သူတို့က လက်နက်ကြီးနဲ့ လှမ်းထုတာပေါ့နော်။ ပြည်သူတွေ သေကြေအောင် လုပ်နေတာပေါ့”

ရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် လေးလုံးလည်း ပျက်စီးသွား တယ်လို့ သူက ပြောပါတယ်။‌

ချင်းပြည်နယ်လိုပဲ ခုခံစစ်တွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာလည်း အခုဇွန်လထဲမှာ လက်နက်ကြီးကြောင့် အရပ်သား ငါးဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်နဲ့ ရေဦးမြို့နယ် အစပ်မှာ နေရာ ယူထားတဲ့ စစ်ကောင်စီတပ်က ခင်ဦးမြို့နယ် မူးသာရွာနဲ့ ရေဦးမြို့နယ် ကုက္ကိုစုရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တစ်နှစ်ခွဲအရွယ်ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် ငါးဦး ဒဏ်ရာခဲ့ပါတယ်။

မူးသာရွာက တစ်နှစ်ခွဲအရွယ် မအင်ကြင်း အပါအဝင် မိဘတွေဖြစ်ကြတဲ့ အသက် ၅၂ နှစ်အရွယ် ကိုဦးဇော်နဲ့ အသက် ၅၀ အရွယ် ဒေါ်ရည်မွန်တို့လည်း လက်နက်ကြီးစ ထိမှန် ဒဏ်ရာတွေ ရခဲ့ကြတာပါ။

ကုက္ကိုစုရွာမှာတော့ နေအိမ်တွေပေါ် လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၅ နှစ်အရွယ် ဦးကျော်လှနဲ့ အသက် ၅၀ အရွယ် ဒေါ်တင်မာအေးတို့ လက်နက် ကြီးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က မထင်ရင်မထင်သလို ရပ်ထဲရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် လေ့ရှိတာကြောင့် ထိတ်လန့်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မူးသာရွာ သားတစ်ဦးက ပြောပါတယ်။

“ရမ်းသန်းပစ်တယ်လို့ ပြောပေမယ့် သူတို့တွေမှာ ပစ်မှတ်တွေတော့ တော်တော်တော့ သူတို့လည်း ထောက်ပြီး ပစ်ဟန်တူပါတယ်။ အရပ်သားတွေ၊ PDF တွေ၊ ဘာတွေ ညာ တွေ သူတို့ကတော့ ထည့်စဉ်းစားမနေတော့ဘူး။ တကယ့်ကို မလုံခြုံတော့ဘူးပေါ့ဗျာ။ ကျနော်တို့ ပြည်သူတွေကတော့ အဲဒီလိုနဲ့ပဲ နေနေရတာပဲ။ စိုးရိမ်စိတ်က အခုကိုယ့်အိမ် နဲ့ ကိုယ်နေတဲ့ဟာကို ဝင်ထိသွားတယ်ဆိုတော့ ဘယ်လောက်ထိ ဆိုးတုန်းဆို ဒီလိုတွေ သာပစ်ရင် ငါတို့တွေ မလွယ်ဘူး။ အခုမြေကြီးထဲကို ကျင်းတူးရမလား။ ဘာလုပ်နေရ မလားဆိုပြီး စဉ်းစားနေကြပြီလေ”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အရပ်သားတွေဆီကို ရည်ရွယ်ချက် ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်တာမရှိဘဲ PDF စခန်းတွေကိုသာ ပစ်ခတ်တာမျိုးရှိတယ်လို့ တုံ့ပြန်ပါတယ်။ သေဆုံးတဲ့သူတွေဟာလည်း PDF တွေဖြစ်ပေမယ့် သေတဲ့အခါ အရပ်သား လို့ သတင်းလွှင့်နေကြတာလို့ သူက ပြောပါတယ်။

PDF တပ်ဖွဲ့တွေဘက်က လက်လုပ်လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တဲ့အခါမှာ လည်း အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ စစ်ကောင်စီတပ်က ရွာတွေကို စစ်ကြောင်း ထိုးတာ၊ နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်တဲ့အခါ လက်နက်ကြီး အသုံးပြုတာတွေ ပိုများလာတယ်လို့ ပြောပါတယ်။

အဲဒီလိုအသုံးပြုရာမှာ စစ်ရေးနဲ့မဆိုင်တဲ့ ပစ်မှတ်တွေပါ ပစ်ခတ်ခံရတာတွေရှိနေတယ်လို့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစပ် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းထိုးပြီးတော့မှ ကုန်းတစ်ကုန်းမှာ အဲဒီလိုမျိုး ထိုင်တော့မယ်ဆိုရင် လက် နက်ကြီးကို သုံးပြီးလာတာ ပိုပြီးတော့မှများတယ်။ အဲဒီအနေအထားမှာရှိတယ်။ ရည် ရွယ်ချက်ရှိရှိလုပ်တယ်လို့ပဲ ပြောရမှာပေါ့။ ဘုန်ကြီးကျောင်းလည်း မရှောင်ဘူး။ ဘာ လည်းမရှောင်တော့ဘူး အဲဒါမျိုးထုပြီးတော့မှ ချီတက်လာတာ။ လူထုနေအိမ်တွေကို ဖြိုဖျက်ဖျက်ဆီးခြင်းအားဖြင့် ကျနော်တို့ PDF အဖွဲ့တွေကို လူထုတွေကပဲ ပြန်ပြီးတော့မှ ထိန်းချုပ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်မျိုး ပါနိုင်တယ်။ ခင်ဗျားတို့ကြောင့်မို့လို့ ကျနော် တို့အိမ် ပျက်စီးရတယ်ဆိုတဲ့ ဗျူဟာပုံစံမျိုးနဲ့ သွားနေတာပဲဖြစ်မယ်”

ကယားပြည်နယ် အပါအဝင် ကယားပြည်နယ်နဲ့ကပ်လျက် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အခုဇွန်လ တစ်လတည်း မှာပဲ အရပ်သား ငါးဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါဟာ လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ မိုးဗြဲမြို့နယ် သုံးခုက လက်နက်ကြီးတွေနဲ့ပစ်ခတ်ခံရတဲ့ ဖြစ်ရပ် ခုနစ်ခုမှာ သေဆုံးထိခိုက်ဒဏ်ရာရတဲ့ အရပ်သားအရေအတွက်လည်းဖြစ်ပါတယ်။

kale-weapon.jpg
စစ်ကိုင်းတိုင်း ကလေးမြို့၊ စက္ကန့်ရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် နေအိမ်အား ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ် (Photo: CJ)

အရပ်သားတွေကို လက်နက်ကြီးနဲ့ တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“အခုလိုမျိုး အရပ်သားတွေပေါ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်မှုကတော့ သာမန်လူ့ အခွင့်အရေး ချိုးဖောက်မှုတောင် ပြောလို့မရပါဘူး။ ဒါက လူသတ်မှု ဖြစ်ပါတယ်။ ရာဇဝတ်မှု ဖြစ်ပါတယ်။ နိုင်ငံတကာက သတ်မှတ်ထားတာ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကို ချိုးဖောက်မှုဖြစ်သလို အရပ်သားပြည်သူတွေကို အစုလိုက် အပြုံလိုက် သေကြေဖို့ ရည်ရွယ်တဲ့အတွက် လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေတဲ့ ရာဇဝတ်မှုဖြစ်ပါတယ်။ အဲဒါမျိုးတွေကို ကျနော်တို့ သာမန်စိုးရိမ်ပါတယ်၊ ပူပန်ပါတယ်ဆိုတာနဲ့ မရတော့ဘူး။ ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တဲ့အတွက် ရာဇဝတ်သားတွေကို ရာဇဝတ်မှု ခုံရုံးတွေမှာ တင်ပြီးတော့ အပြစ်ပေးအရေးယူဖို့အတွက် အထူးအရေးကြီးနေပါတယ်”

စစ်တပ်ရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC အပါအဝင် နိုင်ငံ တကာတရားရုံးတွေမှာ တရားစွဲနိုင်ဖို့ အင်တိုက်အားတိုက် ကြိုးစားနေတယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းတစ်နှစ်ကျော်အတွင်း မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ် လက်နက်ပစ္စည်း (UXO) ကြောင့်လည်း ကလေးငယ် ၁၁၅ ဦးထိ သေဆုံး၊ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ဇွန်လ ၂၄ ရက် နေ့က ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း အာဏာရှင်ဆန့် ကျင်ရေး လှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၂၀၃၂ ဦး အသတ်ခံရပြီး ၁၄,၃၀၄ ဦး ဖမ်းဆီးခံခဲ့ ရတယ်လို့ ဆိုပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။