ကယားမှာ ဇူလိုင်လအတွင်း တိုက်ပွဲကြောင့် အရပ်သား ၁၂ ဦးသေ၊ ၂၂ ဦးဒဏ်ရာရ

RFA Burmese
2023.08.05
ကယားမှာ ဇူလိုင်လအတွင်း တိုက်ပွဲကြောင့် အရပ်သား ၁၂ ဦးသေ၊ ၂၂ ဦးဒဏ်ရာရ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။
DMO-Local PDF

စစ်ကောင်စီတပ်နဲ့ ဒေသခံ ကရင်နီလက်နက်ကိုင်တွေအကြား တိုက်ပွဲပြင်းထန်နေတဲ့ ကယားပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ်မှာ ဇူလိုင်လတိုက်ပွဲတွေအတွင်း အရပ်သား ၁၂ ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် ကယားပြည်နယ်မှာ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့ ညွှန်ကြားပြီးနောက် စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေ တိုးလာတာပါ။

အရပ်သားသေဆုံးမူတွေဟာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် အခုလို ထိခိုက်သေဆုံးခဲ့ကြတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ သြဂုတ်လ ၅ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

“ဟို ၂၁ ရက်နေ့တုန်းကတော့ နှစ်ယောက်ပစ်သတ်ခံရတာ အလောင်းကောက်မရဘူး"

ဇူလိုင်လ ၂၁ ရက်ကဆိုရင် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ပေါ်မှာ နေအိမ်ပြန်တဲ့ အရပ်သား အမျိုးသားနှစ်ဦး စစ်ကောင်စီပစ်ခတ်ခံတာခံရပြီး သေဆုံးသွားတယ်လို့ မိုးဗြဲဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဟို ၂၁ ရက်နေ့တုန်းကတော့ နှစ်ယောက်ပစ်သတ်ခံရတာ အလောင်းကောက်မရဘူး။ မြို့ပေါ်မှာပဲ။ အသက်ကြီး တစ်ယောက် သူက အိမ်ပြန်သွားတာ။ သူ့အိမ်နားရောက်တော့ သေနတ်သံထွက်ပြီး ပြန်မရောက်လာ။ မရောက်လာတာနဲ့ လူငယ်တစ်ယောက်က ထပ်သွားကြည့်တော့ အဲဒီတစ်ယောက်လည်း သေနတ်သံထွက်ပြီးနောက် သူလည်း ပေါ်မလာတော့ဘူး။ နှစ်ယောက်လုံး ယောက်ျားလေး။ တစ်ယောက်က အသက် ၆၀ ကျော်ပြီ၊ တစ်ယောက်က ၃၀ ဝန်းကျင်လောက်ပေါ့“

မိုးဗြဲမြို့ပေါ်မှာ ပြင်းပြင်းထန်ထန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးကတည်းက မြို့နေ လူဦးရေရဲ့ သုံးပုံနှစ်ပုံ၊ လူနှစ်သောင်းကျော်ဟာ ဒီနေ့ ဩဂုတ်လ ၅ ရက်နေ့အထိ နေရပ်မပြန်ရဲကြ သေးဘူးလို့ သူက ပြောပါတယ်။

မိုးဗြဲမြို့ရဲ့ အနောက်ဘက်ခြမ်းတစ်ခုလုံးကို စစ်ကောင်စီတပ်က သွားလာခွင့်ပိတ်ထားပြီး လက်နက်ငယ်ပစ်ခတ်သံတွေလည်း မကြာခဏကြားရလေ့ရှိတယ်လို့ သူက ပြောပါတယ်။

ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ် အပါအဝင် သေဆုံးသူ လေးဦး၊ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးရသူ ခုနစ်ဦးနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ တစ်ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့တာပါ။

အရပ်သား သေဆုံးရမှုတွေထဲမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုဟာ အဓိကပါဝင်နေပြီး ဒါတွေလျော့ချဖို့ဆို စစ်ကောင်စီဘက်က ရပ်တန့်မှရမယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ တည်ထောင်သူ ကိုဗညားက RFA ကို ပြောပါတယ်။

“စစ်ကောင်စီက လူထုတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ရပ်တဲ့အချိန်ကတော့ လူထုတွေရဲ့ အသက်ဆုံးရှုံးမှုဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေထဲမှာဆို ရပ်သွားနိုင်တဲ့အကြောင်းအရာထဲမှာ ရှိပါတယ်။ အဲဒါကြောင့်မို့ စစ်ကောင်စီက လူထုကို ပစ်မှတ်ထားတိုက်ခိုက်မှုကို ရပ်တဲ့အချိန်မှာတော့ လူထုအကြောင်းမဲ့သေဆုံးမှုကို ထိန်းသိမ်းနိုင်တယ်လို့ ပြောလို့ရတာပေါ့နော်။ ကျန်တဲ့ တော်လှန်ရေးကိစ္စနဲ့ ဆက်စပ်တဲ့ဟာကိုလည်း အများကြီးပို ထိန်းလို့ရမှာပါ”

ဒီအပြင် ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် နေအိမ် ၁၃ လုံး၊ ဘာသာရေးအဆောက်အအုံ နှစ်လုံး၊ ဆေးပေးခန်း တစ်လုံးနဲ့ စာသင်ကျောင်း နှစ်ကျောင်း ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်က တစ်ဆင့် ကယားပြည်နယ် ဖယ်ခုံမြို့နယ်၊ လွိုင်ကော်မြို့နယ်တွေကို စစ်ကား အစီး ၁၀၀ နဲ့ လက်နက်ခဲယမ်းနဲ့ စစ်အင်အားတွေ ပို့ထားတယ်လို့ KNDF က ပြောပါတယ်။

စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်ကို စစ်ကြောင်းထိုးနေသလို လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ မယ်စဲ့မြို့ကိုလည်း ပြန်လည်ရရှိဖို့ ကြိုးစားနေတယ်လို့ KNDF ရဲ့ စစ်ဦးစီးချုပ် ခွန်ဘီထူးက RFA ကို ပြောပါတယ်။

“အခုရက်ပိုင်းမှာဆိုရင် ဒီးမော့ဆိုဘက်မှာ စစ်ကောင်စီက ထိုးလာပြီးတော့ ဖရူဆို လမ်းမကြီးအတိုင်း သွားနိုင်ဖို့ ပြင်ဆင်နေသလို ဒီးမော့ဆိုနဲ့ ဘောလခဲ ဆက်တဲ့ လမ်းမကြီးကိုလည်း စစ်ကြောင်းတွေပို့နိုင်ဖို့ ရိက္ခာတွေပို့နိုင်ဖို့ကို လုပ်ဆောင်နေတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ တိုက်ပွဲတွေပြင်းထန်ပြီး သက်ဆိုင်ရာ တပ်ရင်းအသီးသီးက နယ်မြေတွေမှာ သွားလာတဲ့အခြေအနေတွေကိုလည်း တားမြစ်ထားတယ်။ လုံခြုံရေးအရ ထုတ်ပြန်ပေးထားတာတွေ ရှိပါတယ်ပေါ့နော်”

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်တို့မှာလည်း ဇူလိုင်လအတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု အများအပြားရှိနေတယ်လို့လည်း သူက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ဘေးဒုက္ခသည်စခန်းတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အမျိုးသမီးတစ်ဦးအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: DMO-Local PDF)
ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ဘေးဒုက္ခသည်စခန်းတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အမျိုးသမီးတစ်ဦးအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: DMO-Local PDF)

KNDF ရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ တစ်လအတွင်း တိုက်ပွဲ ၃၃ ကြိမ်ဖြစ်ခဲ့တယ်လို့ တွေ့ရပြီး အဲဒီမှာ စစ်ကောင်စီဘက်က ၈၄ ဦးသေဆုံးကာ KNDF ပူးပေါင်းတပ်ဖွဲ့ဘက်က နှစ်ဦး သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။

နှစ်ဖက်ထိခိုက်သေဆုံးမှုတွေကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ဆက်သွယ်ရာမှာ လက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်းပြီးကတည်းက တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ဩဂုတ်လ ၅ ရက်နေ့ ဒီနေ့အချိန်အထိ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံပေါင်း နှစ်သိန်းခွဲကျော်ရှိတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ နှစ်နှစ်ခွဲကျော်အတွင်း ကယားပြည်နယ်မှာ အရပ်သားပေါင်း ၃၇၅ ဦး သတ်ဖြတ်ခံရပြီး နောက်ထပ် စစ်ဘေးတိမ်းရှောင်ရင်း ၁၄၁ ဦးလည်း သေဆုံးခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။