ဇေကမ္ဘာ ဦးခင်ရွှေတို့ သားအဖကို ဧပြီလဆန်းမှာ ရုံးထုတ်စစ်ဆေးမည်

2022.03.24
ဇေကမ္ဘာ ဦးခင်ရွှေတို့ သားအဖကို ဧပြီလဆန်းမှာ ရုံးထုတ်စစ်ဆေးမည် ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေ ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလက တွေ့ရစဉ်
Photo: RFA

ရှေးဟောင်း အဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ - ၂၄ နဲ့ ဖမ်းဆီး ခံထားရတဲ့ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေနဲ့ သားဖြစ်သူ ဇေသီဟ တို့ကို လာမယ့် ဧပြီလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ရုံးထုတ်စစ်ဆေးဖို့ ရှိတယ်လို့ ဗဟန်းရဲစခန်းနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

"လာမယ့် ဧပြီလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ သူတို့ နှစ်ယောက်စလုံးကို ရုံးထုတ် စစ်ဆေးမယ်။ အခုလောလောဆယ် ချုပ်ရက် ရမန် ယူထားတယ်။ အမှုက နှစ်မှု၊ ဗဟန်းမှာ တစ်မှု၊ မင်္ဂလာဒုံမှာ တစ်မှုပါ။ နှစ်ယောက်လုံးကို အင်းစိန်ထောင်ကို ပို့ထားတယ်။ ဦးခင်ရွှေရဲ့ ရှေးဟောင်းပြတိုက်ကိုလည်း ပိတ်ထားလိုက်ပြီ။ အဲဒီက လူတချို့ကိုလည်း ရဲက ခေါ်စစ်နေတာမျိုးရှိတယ်"

နှစ်ဦးစလုံးကို ရန်ကုန်မြို့တော်ဝန်အိမ်ဟောင်း၊ မြို့တော်ဝန်ဧည့်ဂေဟာ အပါအဝင် ရှေးဟောင်း အဆောက်အအုံ လေးလုံးကို ဖျက်ဆီးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး ခံထားရတာ ဖြစ်ပါတယ်။

အခုအမှုကိစ္စနဲ့ ပတ်သက်ပြီး ဇေကမ္ဘာ ဦးခင်ရွှေရဲ့ မိသားစုဝင်တွေနဲ့ ကုမ္ပဏီရဲ့ တာဝန်ရှိသူ တချို့ဆီကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆိုကြပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဇေကမ္ဘာ ကုမ္ပဏီဟာ စစ်ထောက်ချုပ်ရုံးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်စည်းကမ်းတွေကို ချိုးဖောက်တာ၊ သာသနာရေး နဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရဘဲ ၁၉၀၀ ပြည့်နှစ်နဲ့ ၁၉၂၀ ခုနှစ်တွေမှာ တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံတချို့ကို ဖြိုချခဲ့လို့ ရှေးဟောင်း ဥပဒေ ပုဒ်မ - ၂၄ အရ အရေးယူရတာဖြစ်တယ်လို့ ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

"ပုဒ်မ - ၂၄ မှာတော့ အဲဒီပြစ်မှုကို ကျူးလွန်ခဲ့ရင် ဒါဟာ ရာဇဝတ်မှုကို ကျူးလွန်တာ ဖြစ်တယ်။ အနည်းဆုံး ဘယ်လောက် ပြစ်ဒဏ်ချရမယ်ဆိုတာ ပြဋ္ဌာန်းထားတာ ရှိပါတယ်။ ဒါကြောင့်မိုလို့ ကျနော်တို့ အနေနဲ့ ၁၁ ရက် ၂ လ ၂၀၂၂ ရက်နေ့မှာ ဗဟန်း မြို့မ ရဲစခန်းမှာ အမှုဖွင့်လှစ်ခဲ့ပါတယ်။ ဒါကြောင့် ပုဒ်မ - ၂၄ အရ ရဲအရေးပိုင်တဲ့ ပြစ်မှု ဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်လှစ် စွဲဆိုခဲ့ပြီးတော့ ဒါနဲ့ ပတ်သက်ပြီးတော့ ဥပဒေအရ စီရင်ဆောင်ရွက်နိုင်ရန်အတွက် ဆက်လက် ဆောင်ရွက်ခြင်း ဖြစ်တယ်"

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလမှာ ဇေကမ္ဘာကုမ္ပဏီနဲ့ စစ်ထောက်ချုပ်ရုံးတို့ဟာ ရန်ကုန်မြို့၊ ပုလဲလမ်းမှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနပိုင်၊ မြရိပ်ညိုဟိုတယ်မြေဖြစ်တဲ့ မြေဧက ၁၃.၇၉၄ ဧကပေါ်မှာ လုပ်ငန်းတွေလုပ်ဖို့ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

MOU စာချုပ်တွေအရ ဇေကမ္ဘာကုမ္ပဏီအနေနဲ့ စစ်တပ်ကာကွယ်ရေးဝန်ကြီးဌာနဆီကို အမေရိကန်ဒေါ်လာ ၄၁.၃၈၂ သန်းကို (၅) ကြိမ် ပေးသွင်းရမှာ ဖြစ်သလို (၆) လအတွင်းမှာ BOT စာချုပ် ချုပ်ဆိုနိုင်ရေး ဆောင်ရွက်ရမှာ ဖြစ်ပေမယ့် လက်တွေ့မှာ မြေအသုံးချမှု ပရီမီယံကြေး (၂) ကြိမ် အမေရိကန်ဒေါ်လာ ၁၆.၅၂ သန်းကိုသာ ပေးသွင်းခဲ့တယ်လို့ စစ်တပ်ဘက်က ပြောပါတယ်။

ငွေဆက်မသွင်းတာကြောင့် စစ်တပ်က ဇေကမ္ဘာ ကုမ္ပဏီဆီကို (၈) ကြိမ်တိုင်တိုင် အကြောင်းကြားခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ဘဲ အဲဒီကာလအတွင်းမှာ ဇေကမ္ဘာကုမ္ပဏီက နိုင်ငံခြားကုမ္ပဏီတစ်ခုကိုခေါ်ပြီး အကျိုးတူ ပူးပေါင်းမယ်ဆိုကာ ကာကွယ်ရေး ဝန်ကြီးဌာန ဘက်ကို တင်ပြလာကြောင်း၊ သူတို့ဘက်ကလည်း သဘောမတူကြောင်း ပြန်ကြားခဲ့တယ် လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ခွင့်မပြုနိုင်ဘူးဆိုတာ အကြောင်းပြန်ခဲ့တဲ့ အချိန်မှာပဲ ရှေးဟောင်းအဆောက်အအုံ စာရင်းမှာပါတဲ့ အဆောက်အအုံ လေးခုကို ဖြိုဖျက်ခဲ့လို့ ၂၀၁၈ ခုနှစ် ဧပြီလမှာ စစ်တပ်က ဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်ခဲ့ပေမယ့် အဲဒီကာလက NLD အစိုးရ အုပ်ချုပ်နေတဲ့ အချိန်ဖြစ်လို့ အရေးယူလို့ မရခဲ့ပါဘူးလို့ ဆိုပါတယ်။

အဲဒီအချိန်က မြို့တော်ဝန်အိမ်နဲ့ ဧည့်ဂေဟာကို ရှေးဟောင်းစာရင်း ဝင်၊ မဝင် စစ်ဆေး ပေးဖို့ ဆိုပြီး ဇေကမ္ဘာ ကုမ္ပဏီဘက်က သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကို တင်ပြခဲ့ရာမှာလည်း သူရဦးအောင်ကို ဝန်ကြီး တာဝန်ယူထားတဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်း အဆောက်အအုံထဲမှာ မပါဘူးလို့ အကြောင်း ပြန်ခဲ့တာပါ။

စစ်တပ်ဘက်တော့ ရှေးဟောင်းအဆောက်အအုံတွေကို လက်ရာမပျက် ပြန်ဆောက်ပေးဖို့ ပြောတဲ့အခါ ဇေကမ္ဘာ ကုမ္ပဏီဘက်က ပြန်ဆောက်ပေးဖို့ သဘောတူညီခဲ့ပြီး စစ်တပ်က ခွင့်ပြုချက်မရှိဘဲနဲ့ နိုင်ငံခြားကုမ္ပဏီတစ်ခုနဲ့ အကျိုးတူ ဆောင်ရွက်မယ့် MOU ကို ဖျက်သိမ်းဖို့ ၂၀၁၈ ခုနှစ်မှာပဲ ဆုံးဖြတ်ခဲ့ပါတယ်။

နောက်ပိုင်း အဲဒီမြေနေရာမှာ တရားမဝင်နေထိုင်သူတွေနဲ့ ပရိဘောဂတွေကို စစ်တပ်က ဖယ်ရှားခဲ့တဲ့အတွက် ဇေကမ္ဘာ ကုမ္ပဏီဘက်က နစ်နာဆုံးရှုံးတယ်ဆိုပြီး စစ်တပ်ကို ပြန်ပြီး တရားစွဲခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၂ ရက်နေ့မှာ စစ်တပ်က ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို အကြံပြုချက်တောင်းပြီး တရားမဥပဒေ ကျင့်ထုံးတွေအရ တရားမဝင်တဲ့အတွက် စစ်တပ် အနေနဲ့ ပေးလျော်စရာ အကြောင်းမရှိဘူးလို့ အကြောင်းပြန်ခဲ့တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။