ဇေကမ္ဘာကုမ္ပဏီက ပစ္စည်းတွေ ဖယ်ရှားပေးဖို့ တပ်စည်ပင် အကြောင်းကြား


2019.03.13
myayeiknyo-zaykabar-622.jpg မြရိပ်ညို ဟိုတယ်ဝန်းအတွင်းက ဇေကမ္ဘာကုမ္ပဏီပိုင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေကို တွေ့ရစဉ်
ဓါတ်ပုံ - တပ်စည်ပင်

တပ်မတော်ပိုင်မြေနေရာဖြစ်တဲ့ မြရိပ်ညို ဟိုတယ်ဝင်းအတွင်းမှာ ဇေကမ္ဘာကုမ္ပဏီက ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ဒီလ ၂၆ ရက်နေ့ နောက်ဆုံး ဖယ်ရှားပေးဖို့ တပ်မြို့စည်ပင်သာယာရေးကော်မတီက မနေ့က အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ဗဟန်းမြို့နယ်က တပ်မတော်ပိုင် မြရိပ်ညို ဟိုတယ်ဝင်းအတွင်း လုပ်ငန်းတွေကို သတ်မှတ်ရက်အတွင်းမှာ ဖယ်ရှားတာတွေ မလုပ်ဘူးဆိုရင် တရားစွဲဆိုသွားမယ်လို့ တပ်မြို့ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးမိုးမင်းဝင်းက RFA ကို ပြောပါတယ်။

တပ်မတော်ပိုင် မြရိပ်ညို ဟိုတယ်ဝန်းအတွင်းက မြေ ၁၃ ဧကကျော်မှာ စစ်ထောက်ချုပ်ရုံးနဲ့ ဇေကမ္ဘာကုမ္ပဏီတို့ ဟိုတယ်လုပ်ငန်းတွေ ဆောင်ရွက်ဖို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပေမယ့် နိုင်ငံတော်ကို မြေအသုံးပြုခ ပေးသွင်းဖို့ ပျက်ကွက်တာ၊ မြေပိုင်ရှင် ခွင့်ပြုချက်မရှိဘဲ ရှေ့ဟောင်းအဆောက်အအုံ ဖြိုဖျက်တာ၊ သက်တမ်းရင့် သစ်ပင်တွေကို ခုတ်လှဲတာ၊ တပ်မြို့ စည်ပင်ဥပဒေပြဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်တာတာကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက လုပ်ငန်းတွေ ဆက်မလုပ်ဖို့ တပ်မတော်က အကြောင်းကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေကို RFA က ဆက်သွယ်မေးမြန်းရာမှာ တပ်မြို့ စည်ပင်သာယာရေးကော်မတီရဲ့ ထုတ်ပြန်ချက်ကို အလေးထား တုံ့ပြန်ဖို့မရှိကြောင်း ပြောပါတယ်။

ဇေကမ္ဘာကုမ္ပဏီက ဆောက်လုပ်နေတဲ့ အဲ့ဒီစီမံကိန်းနေရာဟာ ရန်ကုန်မြို့တွင်း ရေစုဆောင်း သိုလှောင်တဲ့ ဗဟန်းရေလှောင်ကန်နဲ့ နီးစပ်တာကြောင့် ဗဟန်းမြို့နယ်တွင်း နေထိုင်သူတွေက မြရိပ်ညိုစီမံကိန်းကို ကန့်ကွက်တာတွေလည်း ရှိနေကြောင်း ဗဟန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသောင်းထွဋ်က RFA ကို ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျေ်ာလွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။