လယ်သမားတွေ နဲ့ ဇေကမ္ဘာကုမ္ပဏီဝန်ထမ်းတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွား
2014.05.05

ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် သင်္ဃန်း ကျွန်းကြီးရွာက လယ်သမားတွေနဲ့ ဇေကမ္ဘာ ကုမ္ပဏီ ဝန်ထမ်းတွေ မနေ့က သင်္ဃန်းကျွန်းကြီးရွာနားက လယ်မြေတွေနားမှာ နှစ်ဖက် ရုန်းရင်းဆန်ခတ်ဖြစ် ပွားခဲ့ရာမှာ ဒီနေ့ မင်္ဂလာဒုံမြို့နယ်ရဲစခန်းမှာ ဇေကမ္ဘာ ကုမ္ပဏီဘက်က လယ်သမား ၂ ဦးကို အမှုဖွင့်လိုက် ပါတယ်။
ပုဒ်မ ၃၂၅ ကိုယ်ထိလက်ရောက်ကျူးလွန်မှု နဲ့ မင်္ဂလာဒုံ မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခံရကြောင်း အမှုဖွင့်ခံရတဲ့ လယ်သမား ဦးအေးနိုင်က ပြောပါတယ်။
"ရုန်းရင်းဆန်ခတ်ဖြစ်ပြီးသွားချိန် မှာ ဇေကမ္ဘာ ဘက်ကသုံးယောက် ခေါင်းကွဲပြီးသွားပြီးတော့ သူတို့က ပုံကြီးချဲ့ပြီးတော့ ဆေးရုံကိုသွားပြီးတော့ အမှှုဖွင့်ပြီးတော့ ဆေးရုံတွေသွားတက်ကြတာပေါ့၊ ရွာဘက် ကတော့ လူငယ်ပိုင်းတွေက လေးခွတွေနဲ့ပစ်သွားကြလို့ သုံးလေးယောက်လောက် လေးခွတွေ ထိခိုက်မှန်တာရှိတာပေါ့ဗျာ၊အမှှုဖွင့်ခံရတာကတော့ ၃၂၅ နဲ့ အမှှုဖွင့်ခံရတာ"
ဇေကမ္ဘာကုမ္ပဏီက လုံခြုံရေးအင်အား ၄ဝ လောက်က သင်္ဃန်းကျွန်းကြီးရွာနားက လယ်ယာမြေတွေမှာ မနေ့က ခြံစည်းရိုးခတ်ဖို့ကြိုးစားရာက တောင်သူတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်ကစပြီး သင်္ဃန်းကျွန်းကြီးရွာက လယ်ဧက ၁ ထောင်ကျော်ကို ဇေကမ္ဘာကုမ္ပဏီ က သိမ်းဆည်းခဲ့ပြီး လယ်ဧက ၂ဝဝ လောက်အတွက်သာ လျော်ကြေးပေးခဲ့ကြောင်း လယ်သမားတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်က လယ်ယာမြေနဲ့အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် ကို လယ်သမားတွေက တင်ပြထားကြောင်းနဲ့ အဲ့ဒီလယ်မြေတွေမှာ ဝင်ရောက်လုပ်ကိုင်ခွင့်ကို တားမြစ်ကြောင်း ၂ဝ၁၃ ခုနှစ် ဇွန်လမှာ မင်္ဂလာဒုံ မြို့နယ်အုပ်ချုပ်ရေးမှူးက တရားဝင်စာထုတ်ခဲ့တယ်လို့လည်း သိရပါတယ်။