ကိုဇာဂနာနဲ့အဖွဲ့ တောင်ငူထောင်က နိုင်ငံရေးအကျဉ်းသားတွေကို လှူဒါန်း

ဟာသသရုပ်ဆောင် ကိုဇာဂနာနဲ့ အဖွဲ့ဟာ ပဲခူးတိုင်း တောင်ငူအကျဉ်းထောင်မှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသား ၅၉ ဦးအတွက် အနွေးထည်၊ ငွေကြေးနဲ့ ပြည်တွင်းထုတ် ဂျာနယ် ဝတ္ထုတွေကို ဒီကနေ့ မနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့ပါတယ်။

2011.12.24
zarganar-jailer-305 ဟာသ သရုပ်ဆောင် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇာဂနာနှင့် အဖွဲ့ သာယာဝတီထောင်ရှိ နိုင်ငံရေး အကျဉ်းသားများအတွက် အလှူငွေနှင့် စာစောင်၊ စာအုပ်များ သွားရောက်ပေးအပ်စဉ် ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က မှတ်တမ်းပုံဖြစ်ပါသည်။
Maung Thura/Facebook

လှူဒါန်းတဲ့ပစ္စည်းတွေကို အကျဉ်းထောင် အာဏာပိုင်တွေက တောင်ငူထောင် အကျဉ်းဦးစီး ရိပ်သာမှာ အခမ်းအနားနဲ့ လက်ခံခဲ့တယ်လို့ ကိုဇာဂနာက RFA ကို ပြောပါတယ်။

“တောင်ငူထောင်မှာ နိုင်ငံရေးအကျဉ်းသား ၅၉ ယောက် ရှိနေပါတယ်။ ချမ်းလည်း တော်တော် ချမ်းနေကြတယ်ဗျ။ ဒီ ၅၉ ယောက်အတွက် လုံလုံလောက်လောက် ဖြစ်အောင် ဆိုပြီး ကျနော်တို့ ဒီနေ့မနက်ပဲ အနွေးထည်အထည် ၆ဝ၊ နောက် တယောက်ကို ငွေတသောင်းခွဲစီနဲ့ ဂျာနယ်၊ မဂ္ဂဇင်း၊ ဝတ္ထုတွေ လာပေးတာ။ ကျနော်နဲ့အတူ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ကိုကိုကြီး (စမ်းချောင်း) ပါတယ်။ အနုပညာရှင်တွေထဲကတော့ ကိုဇင်ဝိုင်း၊ ကိုအရိုင်း၊ ကိုကင်းကောင်၊ ကိုငှက်ပျောကြော်၊ ကိုဂေါ်ဇီလာ၊ သီးလေးသီး စသဖြင့် အကုန်လုံးပါပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ လူချင်းတော့ မတွေ့ရဘူး၊ သို့သော်လည်း လက်ခံရရှိကြောင်း လက်မှတ်ကလေးတွေ ရခဲ့ပါတယ်”

ကိုဇာဂနာ ဦးစီးတဲ့ မြပုဏ္ဏမာနဲ့ သီးလေးသီး အငြိမ့်အဖွဲ့ကလည်း တောင်ငူမြို့ အမှတ် (၁) အထကကျောင်း အာစရိယ ပူဇော်ပွဲအတွက် ဒီကနေ့ညမှာ ကပြဖျော်ဖြေမှာ ဖြစ်ပါတယ်။

အဲဒီပွဲမှာ မြပုဏ္ဏမာ လူရွှင်တော်တွေအဖြစ် အရိုင်း၊ ကင်းကောင်၊ ငှက်ပျော်ကြော်၊ ဂေါ်ဇီလာနဲ့ သီးလေးသီး လူရွှင်တော်တွေဖြစ်တဲ့ စိန်သီး၊ ပန်းသီး၊ ဇီးသီး၊ ကြယ်သီးတို့ အပြင် အငြိမ့်မင်းသမီး ချောစုမျိုး၊ မြစပယ်ငုံနဲ့ သစ်သစ်လွင်တို့ ပါဝင်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။