ဇာဂနာအကြောင်း မှတ်တမ်းရုပ်ရှင် လန်ဒန်မြို့ AI အဖွဲ့ ရုံးခန်းတွင် ပြသ
2012.06.25

ဒီဇာတ်ကား ရိုက်ကူးတဲ့ အချိန်နဲ့ စတင်ပြသစဉ်က ကိုဇာဂနာဟာ မြစ်ကြီးနား အကျဉ်းထောင်မှာ အကျဉ်းကျနေချိန်က ဖြစ်ပါတယ်။ ကိုဇာဂနာက ဒီဇာတ်ကားကို သူမြစ်ကြီးနားထောင်မှာ ရှိနေစဉ်က အခြားနိုင်ငံရေး အကျဉ်းသားတွေနဲ့ ထောင်ထဲမှာ ကြည့်ခွင့်ရတယ်လို့ အခုလို ပြောပြပါတယ်။
"အဲဒီဥစ္စာ ကျွန်တော် ကြည့်ပြီးသားပါခင်ဗျ။ ကျွန်တော်ထောင်ထဲမှာ နေကတည်းက ကြည့်ရတာပေါ့နော်။ ကျွန်တော်အနေနဲ့ကတော့ ကျွန်တော့်ကို အသိအမှတ်ပြုတယ်၊ နောက် ကျွန်တော့်နောက်ကို တကောက်ကောက် လိုက်ပြီးတော့ လိုက်ရှာတယ်၊ ဆိုတဲ့လူကို အရမ်းချီးကျူးမိတယ်။ သူ့ရဲ့စွန့်စားမှုပေါ့။ သူယူတဲ့ အန္တရာယ်ကို သူဝယ်ယူမှုကိုလည်း ကျွန်တော်လေးစား တယ်။ ဒီအတွက်ကြောင့် ကျွန်တော် ထောင်က ထွက်ထွက်ချင်း သူ့ကိုကျေးဇူးတင်ကြောင်းလည်း ကျွန်တော် ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူနဲ့ ကျွန်တော်နဲ့ လူချင်းတခါမှ မတွေ့ဖူးခဲ့ဘူး။ အခု ဒီအင်္ဂလန်ကို ရောက်တော့မှ ၆ ရက်နေ့ကစပြီး သူနဲ့ ကျွန်တော်နဲ့ စတွေ့ခဲ့တယ်။ တကယ့်ငယ်ပေါင်း ကြီးဖော်တွေလိုပဲ အရမ်းခင်သွားပြီးတော့ ဒီနေ့သူနဲ့ ကျွန်တော် ပြန်လည် ဆုံတွေ့ခန်း Happy Ending အဲတာလေး ကိုလည်း ဒီနေ့ ကျွန်တော်ပြမလို့ဗျ"
အခု ကိုဇာဂနာ လွတ်လွတ်လပ်လပ် သွားလာနေတာကို တွေ့ရတာဟာ လူသားတွေရဲ့ စည်းလုံးညီညွှတ်မှုကြောင့် ဖြစ်တယ်လို့ ဒါရိုက်တာ Rex Bloomstein က -
"ဒါက ကျွန်တော်တို့ နဲ့အတူ ကမ္ဘာ့ အနှံ့အပြားမှာရှိတဲ့ ရာနဲ့ချီတဲ့ လူတွေက ဇာဂနာ လွတ်မြောက်အောင် ကြိုးစားအားထုတ်ကြလို့သာ ဖြစ်တယ်။ ဒါက တနည်းပြောရရင် လူသားတွေရဲ့ စိတ်ဝိညာဉ်တွေ စည်းလုံးညီညွှတ်ကြတာပဲ ဖြစ်တယ်။ ကျွန်တော် သူ့ကို UK ကိုရောက်တော့ သီးသန့် တွေ့ဆုံခဲ့ပြီးပါပြီ။ သူက ထောင်ထဲက အတွေ့အကြုံတွေကို ပြောပြပါတယ်။ သူဟာ တကယ့်ကို သတ္တိရှိတဲ့သူ၊ အလေးထားရမယ့်သူ တစ်ယောက် ဖြစ်ပါတယ်" လို့ ပြောပါတယ်။
ဒီဇာတ်ကား ရိုက်ကူးတဲ့ အဲဒီ ဒါရိုက်တာနဲ့ အဲဒီဇာတ်ကားမှာပါတဲ့ ဂျာမန်လူမျိုး လူရွှင်တော် မိုက်ကယ် မှီတာမီရာတို့က နောက်နှစ်မှာ မြန်မာနိုင်ငံကို သွားရောက်ပြီး လူငယ်တွေကို မှတ်တမ်းရုပ်ရှင် ရိုက်ကူးရေး နည်းပညာတွေနဲ့ လူရွှင်တော်တွေ အနေနဲ့ ဘယ်လို ဟာသ အဓိပ္ပာယ် ရှာရတယ်ဆိုတာကို သင်ကြားပေးဖို့ ရှိတယ်လို့ သိရပါတယ်။