ယုံကြည်ချက်အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ တိုက်တွန်း


2016.03.24
ai-620.jpg ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ မတ်လ ၂၄ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ သတင်းစာရှင်းလင်းစဉ်
Photo: Zarni Htun/RFA

နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရသူတွေ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ AI ခေါ် အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပတဲ့ AI အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့ရဲ့ အရှေ့တောင် အာရှ ဒါရိုက်တာ Ms. Champa Patel က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

"ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ မြန်မာ အစိုးရကို တိုက်တွန်းလိုပါတယ်၊ ဒါ့အပြင် လွတ်လပ်စွာပြောဆိုခွင့်၊ အဖွဲ့အစည်းဖွဲ့ခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေကို ချိုးဖေါက်တဲ့ တည်ဆဲဥပဒေတွေကို ရုပ်သိမ်းပေးဖို့ ဒါမှမဟုတ် နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီအောင်  ပြင်ဆင်ပေးဖို့ကိုလည်း အကြံပြုလိုပါတယ်လို့" Ms. Champa Patel က ပြောတာဖြစ်ပါတယ်။

သူရည်ညွှန်းတဲ့ ဥပဒေတွေက ငြိမ်းချမ်းစွာစုဝေးခွင့်ဥပဒေ၊ တရားမဝင်အဖွဲ့အစည်းများ ဥပဒေ၊ ၂ဝ၁၃ ဆက်သွယ်ရေးဥပဒေ ၊ ၁၉၂၃ နိုင်ငံတော်လှို့ဝှက်ချက်ဥပဒေတွေဖြစ်ပြီး အဲ့ဒီဥပဒေတွေကို ပြင်ဆင်တာ ဒါမှမဟုတ် ပယ်ဖျက်တာတွေလုပ်ဖို့ အကြံပြုတာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာကို လည်း ဖေါ်ပြထားပါတယ်။ သို့သော်လည်း ဖမ်းဆီးတာ လွှတ်ပေးတာတွေကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ အကျိုးအမြတ်ရှိမယ့်အချိန်မှာ ပြုလုပ်လေ့ရှိတယ်လို့လည်း ဝေဖန်ထားပါတယ်။

AI အဖွဲ့က "ထုတ်ဖော်မှုအသစ်များနှင့် ဖိနှိပ်မှုအဟောင်းများ" အစီရင်ခံစာကိုလည်း ဒီကနေ့ ထုတ်ပြန် လိုက်ပါတယ်။

လက်ရှိ အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူ အမိန့်ချပြီးသား ၉ဝ ကျော်နဲ့ အမှုရင်ဆိုင်နေရသူ ၄ဝဝ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။