မြန်မာနဲ့ တိုက်ရိုက် ပတ်သက်တဲ့နေ့တွေ ဖော်ထုတ်ပေးဖို့ တောင်းဆို
2010.10.02
စာပေးပို့တဲ့ ရည်ရွယ်ချက်ကို ရန်ကုန်အခြေစိုက် 'အကြမ်းမဖက် အမျိုးသားရေးလှုပ်ရှားသူများ (မြန်မာနိုင်ငံ)' အဖွဲ့က လူငယ်ခေါင်းဆောင်တဦး ပြောပြတာက
“အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ တို့၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနေ့တို့ ဒါမျိုးလေးတွေကတော့ နိုင်ငံပိုင် သတင်းစာတွေမှာ ဆော်သြပေးတာ တွေ့တယ်။ အစိုးရတွေ ကိုယ်တိုင်က ကမ္ဘာ့ကုလသမဂ္ဂမှာ အဖွဲ့ဝင် နိုင်ငံဖြစ်ပြီးတော့ ကုလသမဂ္ဂရဲ့ တလေးတစား ပြဋ္ဌာန်းထားတဲ့ နေ့ထူးနေ့မြတ်တွေကိုတော့ စနစ်တကျနဲ့ ပုံဖော်ပေးစေချင်တယ်။ ပုံဖော်တဲ့နေရာမှာလည်း နိုင်ငံပိုင်သတင်းစာတွေမှာ ဆော်သြမယ်၊ လှုပ်ရှားမှုတွေ လုပ်မယ်၊ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ ပြပွဲတွေ နောက် လူ့အခွင့်အရေး ဆိုလည်း လူ့အခွင့်အရေး ဘာကြောင့် ပေါ်ပေါက်လာရလဲ ဆိုတဲ့ အသိပညာပေးမှုလေးတွေ၊ ဒီအကြမ်းမဖက်ရေးနေ့မှာလည်း ဒီလိုပဲ အကြမ်းဖက်ခြင်းကြောင့်မို့ လူသားချင်း ဘယ်သူက ဘယ်သူ့ပဲ အကြမ်းဖက်ဖက် လူသားတွေပဲ နစ်နာကြတယ်ဆိုတဲ့ အကြောင်းတွေပေါ့။ ပညာရှင်တွေ ဖိတ်ခေါ်မယ် ဆောင်းပါးပြိုင်ပွဲတွေ ဝတ္ထုတို ပြိုင်ပွဲတွေ၊ သမိုင်းကြောင်းနောက်ခံနဲ့၊ လူတွေ ဒါမျိုးတွေဖြစ်ရင် ဘယ်လို နစ်နာတယ်၊ ငြိမ်းချမ်းရေးကို ဘယ်လို တည်ဆောက်ကြမလဲ၊ ဘယ်လို ဝိုင်းဝန်းဖော်ဆောင်ကြမလဲ စောင့်ရှောက်ကြမလဲ ဒါမျိုးလေးတွေပေါ့”
ဒီနေ့ ပေးပို့တဲ့စာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရှိတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂရုံးခွဲ အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကိုပါ လိပ်မူပြီး ပေးပို့ထားတယ်လို့ သိရပါတယ်။ ဒီလို နေ့ထူးနေ့မြတ်တွေကို မြန်မာနိုင်ငံသား အားလုံး သိသင့်ပြီး စစ်အစိုးရ၊ နိုင်ငံရေးပါတီတွေ အပါအဝင် လူထုလူတန်းစား အဖွဲ့အစည်း အားလုံးကလည်း လေးစားလိုက်နာပြီး မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးတွေ ထွန်းကားဖို့ ရည်ရွယ်ပြီး ရေးသား ပေးပို့တာဖြစ်ကြောင်း အဲဒီ လူငယ်က ပြောပါတယ်။ ဒါပေမယ့် စစ်အစိုးရ ကိုယ်တိုင်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်လို့ စွပ်စွဲခံထားရတဲ့အတွက် လူ့အခွင့်အရေးလို နေ့မျိုးကို စစ်အစိုးရ သတင်းစာက ဖော်ပြပါ့မလားလို့ မေးတဲ့အခါ
“ကျနော်တို့အမြင် ပြောရမယ်ဆိုရင် နိုင်ငံရေးက နိုင်ငံရေးပါ၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ အမျိုးသားရေး သမိုင်းကြောင်းမှာရှိတဲ့ နေ့ထူးနေ့မြတ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရမှာ ပါတီနိုင်ငံရေးမှာလည်း တာဝန်ရှိတယ်၊ လက်ရှိအစိုးရမှာလည်း တာဝန်ရှိပါတယ်။ အခု ကုလသမဂ္ဂအဖွဲ့ဝင် တနိုင်ငံ ဖြစ်ပြီးတော့ ဒီလို ငြိမ်းချမ်းရေးနေ့တို့ အကြမ်းမဖက်ရေးနေ့တို့ လူ့အခွင့်အရေးနေ့တို့ဆိုတာ နိုင်ငံရေးနဲ့ မသက်ဆိုင်ဘူးဗျ။ နိုင်ငံရေးဟာ နိုင်ငံရေးပဲ။ အဲဒီတော့ အပြည်ပြည်ဆိုင်ရာ အကြမ်းမဖက်ရေးနေ့တု့ိ လူ့အခွင့်အရေးနေ့တို့ ဆိုတာ လူသားအားလုံးနဲ့ သက်ဆိုင်တဲ့အတွက် ဒီကမ္ဘာကြီး ငြိမ်းချမ်းဖို့အတွက် အစိုးရတွေမှာလည်း ပိုပြီး တာဝန်ရှိတယ်လို့ မြင်ပါတယ်”
ရန်ကုန်အခြေစိုက် အကြမ်းမဖက် အမျိုးသားရေး လှုပ်ရှားသူများ (မြန်မာနိုင်ငံ) ဟာ ၂၀၀၇ ရွှေဝါရောင် သံဃာ့ အရေးအခင်းကာလက သံဃာတော်တွေနဲ့အတူ စီတန်း မေတ္တာပို့ရာမှာ ပါဝင် စောင့်ရှောက်ခဲ့သူ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။
အကြမ်းမဖက်ရေး လှုပ်ရှားမှုကို အုတ်မြစ် ချပေးခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး ခေါင်းဆောင် မဟတ္တမဂန္ဒီ ရဲ့ မွေးနေ့ အောက်တိုဘာလ ၂ ရက်နေ့ကို ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ အကြမ်းမဖက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။