ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား မကွေးတိုင်း NLD လူငယ်များ ရှင်းပြ

စစ်အစိုးရကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ အမှာစကားကို မကွေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်တွေက ဒေသအတွင်းမှာ နေထိုင်တဲ့ ပြည်သူလူထုကို လှုပ်ရှားမှုတခုအနေနဲ့ လိုက်လံပြီး ရှင်းပြနေတယ်လို့ အင်န်အယ်လ်ဒီ လူငယ် ကိုနေမျိုးကျော်က RFA ကို ပြောပြပါတယ်၊

2010.08.31
nld_youths_305_z.jpg အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်နှစ်ဦး NLD လက်ပတ်နီများ စည်းနှောင် ပြင်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

“ကျနော်တို့ အင်န်အယ်လ်ဒီဟာ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုတဲ့ မက်ဆေ့ကို လူထုကို ရှင်းရှင်းလင်းလင်း ပြောပြပါတယ်၊ အဲဒီလို သပိတ်မှောက်တယ် ဆိုတဲ့နေရာမှာ ဥပဒေအရ မဲဆန္ဒရှင်များဟာ မဲပေးပိုင်ခွင့်ရှိသလို မဲမပေးပဲနဲ့ နေပိုင်ခွင့်ရှိတဲ့ အကြောင်းကို ကျနော်တို့ သေသေချာချာ ပြည်သူလူထုကို ပြောပြပါတယ်။ အဲလိုပဲ အင်န်အယ်လ်ဒီကိုမှ မဲပေးချင်ပါတယ်၊ အင်န်အယ်လ်ဒီ မရှိရင် ဘာလုပ်ရမလဲဆိုတဲ့ စဉ်းစားနေတဲ့လူတွေကိုလဲ အင်န်အယ်လ်ဒီ မပါလို့ရှိရင် မဲမပေးချင် မပေးပဲ နေနိုင်တယ် ဆိုတဲ့ မက်ဆေ့ကို ကျနော်တို့က ကျေးရွာအများထိ ရောက်အောင် ပြောပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ လာမဲ့ ရွေးကောက်ပွဲအပေါ် မြင်တဲ့အမြင်နဲ့ သဘောထားတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်တဦးလည်း ဖြစ်တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းနဲ့ မကြာခင်ကတွေ့ဆုံစဉ်မှာ ထုတ်ဖော် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

တချို့နေရာတွေက သေသေချာချာ သိချင်လို့ ဖိတ်ခေါ်တဲ့အတွက် သွားပြီး ရှင်းပြရတာတွေရှိသလို မကွေးတိုင်းအတွင်း နေရာအတော်များများမှာ အင်န်အယ်လ်ဒီ လူငယ်တွေက လုပ်ဆောင်ခဲ့တဲ့အကြောင်း ပြောပြပါတယ်။

“စကုမှာဆိုရင်တော့ လက်ခုပ်ပင်တို့၊ ထနောင်းတောတို့၊ ဖြူကုန်းတို့၊ မြို့နားနီးတဲ့ ရွာတွေဆိုရင်တော့ ကျောင်းရွာတို့ ဒါမျိုးနေရာတွေ လုပ်ပါတယ်၊ အဲဒီလိုပဲ တခြား မကွေးတိုင်း အင်န်အယ်လ်ဒီ လူငယ်များကလည်း သက်ဆိုင်ရာ မြို့နယ်များမှာ ပခုက္ကူမှာဆိုရင် မြစ်ချေတို့၊ ကန်မတို့၊ ချောက်ဖက်မှာဆို ချောက်မြို့နယ်တို့ မကွေးမှာဆို မကွေးမြို့တွေမှာ ရှိပါတယ်၊ ဒါမျိုးတွေ နီးစပ်ရာ လိုက်လံ ရှင်းပြတာတွေ ရှိတယ်၊ ပြည်သူလူထုက သိချင်တာကို ရှင်းရှင်းလင်းလင်း လုပ်ဆောင်နေတယ်လို့ ပြောလို့ရပါတယ်ခင်ဗျ။”

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှု ရှိမှာ မဟုတ်ဖူးလို့ ပြည်တွင်းနဲ့ ပြည်ပက နိုင်ငံရေးအဖွဲ့အစည်းတွေက ပြောဆိုနေကြသလို နိုင်ငံတကာကလည်း အလားတူ ထောက်ပြ ဝေဖန်မှုတွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။