မြစ်ဆုံ အပြီးရပ်ဆိုင်းဖို့ အတိုင်ပင်ခံနဲ့ တရုတ်သမ္မတထံ စာပို့မည်


2019.04.25
dassk-china-president-2019-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတရှီကျင့်ပင်တို့ ဘေကျင်းမြို့မှာ ၂ဝ၁၉ ခုနှစ် ဧပြီ ၂၄ ရက်နေ့က တွေ့ဆုံစဉ်
Photo: Myanmar State Counsellor Office

မစ်ဆုံစီမံကိန်းကို အပြီးရပ်ဆိုင်းပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင်းပင် တို့ဆီကို အိတ်ဖွင့်ပေးစာတွေ ပေးပို့မယ်လို့ လူငယ်အဖွဲ့အစည်းတွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အိုလံပစ်တာဝါမှာကျင်းပတဲ့ မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး သတင်းစာရှင်းလင်းပွဲကို လူငယ်အဖွဲ့အစည်းနဲ့ အရပ်ဖက်အဖွဲ့တချို့က ကျင်းပခဲ့တာပါ။

မြစ်ဆုံစီမံကိန်းကို နေရာပြောင်းရွှေ့တာ၊ အကျိုးအမြတ်နဲ့ အရွယ်အစားပြောင်းလဲတာတွေကို လက်ခံမှာမဟုတ်ဘဲ အပြီးတိုင်ဖျက်သိမ်းပေးဖို့ တရုတ်သမ္မတ ရှီကျင်းပင်ဆီ အိတ်ဖွင့်ပေးစာ ပေးသွားမှာလို့ အိတ်ဖွင့်ပေးစာ ပေးတဲ့ အဖွဲ့ထဲမှာပါတဲ့ အဓမ္မဝါဒီဆန့်ကျင်ရေးအဖွဲ့က ဦးမြတ်ကျော် က ပြောပါတယ်။

မြစ်ဆုံစီမံကိန်းဟာ အရင်အစိုးရလက်ထက်တုန်းက ပြည်သူလူထုရဲ့ သဘောဆန္ဒမပါဘဲ လုပ်ဆောင်ခဲ့တာဖြစ်တဲ့ အတွက် ဆက်ပြီးလုပ်မယ်ဆိုရင် နည်းလမ်းပေါင်းစုံနဲ့ ကန့်ကွက်၊ ဆန့်ကျင်သွားမှာဖြစ်တယ်လို့ အဲဒီစာမှာ ပါရှိပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုးလမ်းမစီမံကိန်းဖိုရမ်အတွက် တရုတ်နိုင်ငံကို ရောက်ရှိနေ တာဖြစ်ပါတယ်။

အဲဒီဖိုရမ်မှာ တရုတ်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီး မြစ်ဆုံနဲ့ပတ်သက်တဲ့ အခြေအနေတွေကို ပြည်သူတွေကို ပြောပြပေးဖို့ ၊ တရုတ်နိုင်ငံက ဘယ်ကုမ္ပဏီနဲ့ဖြစ်ပါစေ လုပ်ကိုင်ထားတဲ့ စီမံကိန်းကြီးတွေနဲ့ ပတ်သက်ပြီး အစိုးရမူဝါဒကို ပြောပြပေးဖို့၊ မြစ်ဆုံစီမံကိန်းစာချုပ်ကို ဘာကြောင့် ပြည်သူကို မပြောသေးတာ လဲဆိုတာ မေးမြန်းတဲ့စာကို ပေးပို့သွားမယ်လို့လည်း ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။