မြ၀တီမြို့နယ်မှာ လက်နက်ကြီးကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

2022.03.24
မြ၀တီမြို့နယ်မှာ လက်နက်ကြီးကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ဦးခေါင်းပွင့်သေဆုံးခဲ့တဲ့ မဘလဲ့ချိုကို တွေ့ရစဉ်
Photo: CJ

ကရင်ပြည်နယ် မြ၀တီမြို့၊ ကော့ကရိတ် - မြဝတီ အာရှလမ်းမနားက ကွင်းကလေးရွာကို မတ်လ ၂၄ ရက် ဒီနေ့ မနက်အစောပိုင်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဦးခေါင်းပွင့်သေဆုံးပြီး သုံးဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

"မနက်အစောကြီး ၅ နာရီကျော်ကျော်လောက်မှာ လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ အပြင်ကွင်းကလေးရွာ ကရင်လို ထီးမူးထ ရွာပေါ့။ ယောကျ်ားလေး တစ်ယောက်ထိ တယ်။ မိန်းကလေး သုံးယောက်ထိတယ်။ အခုသေသွားတဲ့ ကောင်မလေး နာမည်က မဘလဲ့ချိုတဲ့။ ငယ်ငယ်လေး ရှိသေးတယ်။ နောက်ထိတဲ့ အမျိုးသမီးတစ်ယောက်လည်း ဗိုက်နဲ့ ခါးကို ထိထားသေးတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ သိပ်မစိုးရိမ်ရဘူး။ ဘာတိုက်ပွဲမှမဖြစ်ဘဲ ဒီတိုင်း ပစ်နေတာ"

ကရင်ပြည်နယ် အခြေစိုက် စကခ (၁၂) လက်အောက်ခံ ခမရ (၃၅၅) တပ်ရင်းက ပစ်ခဲ့ တာဖြစ်ပြီး လက်နက်ကြီးနဲ့ ၈ ချက်လောက် ပစ်ခဲ့သလို စက်သေနတ်သံတချို့လည်း ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ကလည်း ဒီနေ့ မနက် ၅ နာရီ ၄၅ မိနစ်မှာ စစ်တပ်က လက်နက်ကြီး၊ မော်တာတွေနဲ့ ပစ်ခတ်ခဲ့လို့ ဒူးပလာယာခရိုင် ဒူးပလာယာမြို့နယ်၊ ထီးမူးထရွာမှာ ဆယ်ကျော်သက် မိန်းကလေးတစ်ဦး သေဆုံးပြီး ရွာသားလေးဦး ဒဏ်ရာရ ရှိခဲ့သလို အရပ်သားအိမ်တွေနဲ့ အခြားပစ္စည်းတွေပါ ပျက်စီးခဲ့တယ်လို့ ဒီနေ့မှာပဲ သတင်း ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ နိုင်ငံခြားရေးရာတာဝန်ခံ ပဒိုစောတောနီးကတော့ ဒီမနက် ဒူးပလာယာ ဘက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က တမင်သက်သက် လက်နက်ကြီးနဲ့ပစ်တာမျိုး ဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။

"ကျနော်တို့လည်း အဲဒီသတင်းကြားပါတယ်။ ဒါပေမဲ့ ကျနော်တို့နဲ့ စစ်ကောင်စီနဲ့တော့ အဲဒီဘက်မှာ အခု လောလောလတ်လတ်ကတော့ တိုက်ပွဲအသံ မကြားပါဘူး။ တောင် ဘက်ခြမ်း မောခီးဘက်မှာပဲ ဖြစ်နေတာပါ"

ဒေသခံတွေရဲ့ ရွာထဲကို လက်နက်ကြီးနဲ့ ဘာကြောင့် ပစ်ခတ်ခဲ့လဲဆိုတာ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကိုလည်း လတ်တလော ဆက်သွယ်လို့ မရသေးပါဘူး။

စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ပြည်သူနဲ့အတူ ရပ်တည်မယ်လို့ KNU ဘက်က ကြေညာ ခဲ့ပြီး နောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ KNU အကြား နေ့စဉ်လိုလို တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

KNU မှာ တပ်မဟာ ၇ ခု ရှိတဲ့အနက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တပ်မဟာ (၅)၊ တပ်မဟာ (၃)၊ တပ်မဟာ (၆)၊ တပ်မဟာ (၁) နယ်မြေတွေမှာတော့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလျက်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။