ယိုးတရုတ် စစ်ဘေးဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာပြတ်လပ်နေ

RFA Burmese
2023.12.16
ယိုးတရုတ် စစ်ဘေးဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာပြတ်လပ်နေ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာအား တွေ့ရစဥ်။
Photo: RFA

စစ်ကောင်စီတပ်က သွားလာခွင့် ပိတ်ထားတာကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်ထဲက ယိုးတရုတ် စစ်ဘေးဒုက္ခသည်စခန်းအတွက် အလှူရှင်မရှိဖြစ်လာပြီး စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ အဲဒီ စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။

လူလေးရာလောက်ရှိတဲ့ ယိုးတရုတ် စစ်ဘေးဒုက္ခသည်စခန်းကို အလှူရှင်တွေနဲ့ ဒေသလူမှုကူညီရေး အဖွဲ့တွေ မလာတာ တစ်လကျော်လောက်ရှိနေတာကြောင့် စားနပ်ရိက္ခာပြတ်နေပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ယိုးတရုတ် ဒုက္ခသည်စခန်းမှာ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်တပ်က သွားလာခွင့်တွေပိတ်တော့ ကျွန်တော်တို့ ဒုက္ခသည်စခန်းကို ဘယ်သူမှ မလာကြတော့ဘူး၊ စားနပ်ရိက္ခာတွေလည်း ပြတ်လပ်နေပါပြီ။ ဘယ်အဖွဲ့ကမှလည်း ပေးတာမရှိဘူး။ စားဝတ်နေရေးက တစ်အားအခက်အခဲဖြစ်နေပါတယ်။ ဒုက္ခသည်စခန်းမှာ ရှိတာတွေပေါင်နှံ၊ ရောင်းချပြီး စားနေကြတယ်”

ဒါ့ကြောင့် မိုခါမုန်တိုင်းအပြီး လူမှုအဖွဲ့အစည်းတွေက အကူအညီပေးထားတဲ့ အိမ်အသုံးအဆောင် ပစ္စည်းတွေပါ ပြန်ရောင်းစားနေရတယ်လို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့နဲ့ မိုင်နှစ်ဆယ်လောက်ဝေးတဲ့ ယိုးတရုတ် စစ်ဘေးဒုက္ခသည်စခန်းကို ဘယ်အဖွဲ့အစည်းကမှ စားနပ်ရိက္ခာ အကူအညီတွေ မပေးတာကြောင့် နောက်တစ်လ အတွင်း ထမင်းရည်ပဲ သောက်ရတော့မယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက်ကစပြီး ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေစဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ခရီးသွားလာခွင့်တွေကို ကန့်သတ်ခဲ့ပါတယ်။

အဲဒီနောက် ရခိုင်ပြည်နယ်ထဲမှာ ဆန်ပြတ်လပ်မှုဖြစ်လာသလို စားနပ်ရိက္ခာတွေလည်း အဆမတန် ဈေးနှုန်းမြင့်တက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာပြတ်လပ်တာနဲ့ စစ်ကောင်စီတပ်က သွားလာခွင့် ကန့်သတ်ထားတဲ့အကြောင်း အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ ၂၀၁၈ ကနေ ၂၀၂၀ ပြည့်နှစ်အထိဖြစ်ခဲ့တဲ့ တိုက်ပွဲကာလအတွင်းမှာ ထွက်ပြေးရပြီး အခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးတဲ့ စစ်ဘေးဒုက္ခသည် ၆၄,၀၀၀ ဝန်းကျင်ရှိနေပါတယ်။

ဒါ့အပြင် တစ်ကျော့ပြန် ရခိုင်တိုက်ပွဲ တစ်လတာအတွင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တောမြို့နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ မြို့နယ်တွေမှာ စစ်ဘေးဒုက္ခသည် သုံးသောင်းနှစ်ထောင်ကျော် (၃၂,၅၀၀ ခန့်) ထပ်တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။