ကြိုးပြင်ကာကွယ်တောဧရိယာထဲ ပါသွားတဲ့မြေတွေပြန်ရဖို့ ဆန္ဒပြ
2019.03.03

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာက တောင်သူ ၁၆၉ ဦးရဲ့ လယ်ယာမြေဧက ၁၆ဝဝ ကျော်ဟာ ဝါးစိမ်းတောင် ကြိုးပြင်ကာကွယ်တော ဧရိယာသတ်မှတ်တဲ့အထဲ ပါသွားတဲ့အတွက် မူလလယ်မြေတွေ ပြန်လည်ရရှိဖို့ ဒေသခံတောင်သူသုံးရာလောက် မုံရွာမြို့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
သစ်တောဦးစီးဌာနက အဲဒီ ဝါးစိမ်းတောင် ကြိုးပြင်ကာကွယ်တော ဧရိယာကို ကွင်းဆင်းစစ်ဆေးတာ မရှိဘဲ ဧက ၁ သောင်းကို ကြိုးပြင်ကာကွယ်တော ဧရိယာအဖြစ် ၂၀၀၅ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့တာလို့ ဆန္ဒပြရာမှာပါဝင်တဲ့ တောင်သူ ကိုလှမင်းနိုင်က ပြောပါတယ်။
အဲဒီဧက ၁ သောင်းထဲမှာ ဒေသခံတောင်သူ ၁၆၉ ဦးရဲ့ လယ်မြေဧက ၁၆၀၀ ကျော် ပါဝင်သွားတဲ့အတွက် လယ်ယာမြေပြန်လည်ရရှိဖို့ ဌာနဆိုင်ရာ အဆင့်ဆင့်ကို တင်ပြလျှောက်ထားခဲ့ပေမယ့် အခုချိန်ထိ ပြေလည်မှုမရှိတာကြောင့် ဒီနေ့မှာ ပထမဆုံးအကြိမ် ဆန္ဒပြတာလို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။