ဝါးစိမ်းတောင်မှာ ယန်စီကုမ္ပဏီက သတ္ထုတူးဖော်မယ့်အရေး ဒေသခံများ ကန့်ကွက်


2019.07.03
warsanetaung-622.jpg စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ဝါးစိမ်းတောင်ဒေသကို တွေ့ရစဉ်
Photo: Wai Mar Tun/RFA

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝါးစိမ်းတောင်ဒေသမှာ ဓာတ်သတ္ထု စမ်းသပ်တူးဖော်ရေးကိစ္စကို ကန့်ကွက်ကြောင်း ဒေသခံရွာသူ၊ ရွာသားတွေက တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဒီနေ့ တင်ပြလိုက်ပါတယ်။

ယင်းမာပင်မြို့နယ်၊ ဝါးစိမ်းတောင်ဒေသမှာ ဓာတ်သတ္ထု စမ်းသပ်တူးဖော်ရေးကိစ္စနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က တောင်ဘုကျေးရွာအုပ်စု အိုးဘိုရွာဓမ္မာရုံမှာ ဒေသခံ ကျေးရွာသားတွေကို ဒီနေ့နေ့လယ်က တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ သပြေအေး ကျေးရွာသား ကိုသိန်းဇော်က ဆွေးနွေးပွဲကို တက်ရောက်လာသူအားလုံးက စီမံကိန်းကို သဘောမတူပဲ ကန့်ကွက်ကြောင်း ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက တိုင်းအစိုးရအဖွဲ့ ဝန်ကြီးတွေကို တင်ပြလိုက်တယ်လို့ RFA ကို ပြောပါတယ်။

"ဆိုးကျိုးကောင်းကျိုးတွေ ပြောပြီးတော့ စမ်းသပ်ခွင့် လုံးဝမပြုနိုင်ဘူးလို့ ပြောလိုက်တာဗျ၊ သောက်သုံးရေကအစ ထိခိုက်သွားနိုင်တယ်၊ မြေပေါ်ရေတွေ ခမ်းခြောက်သွားနိုင်တယ် အဲဒါတွေကြောင့်ပါ၊ ဒီဝါးစိမ်းတောင်ကိုပဲ အမှီပြုပြီးနေတာလေ၊ အပေါ် သယံဇာတပစ္စည်းတွေက ဒီဟာတွေလုပ်လိုက်ရင် အားလုံးက ပျက်စီးသွားမယ်လို့ လူထုက ဒီလိုပဲ ယုံကြည်ထားတယ်၊ နယ်မြေခံလူထုကို ပုံစံ ၇ တောင်းထားတာ မပေးဘဲနဲ့ ယန်စီကုမ္ပဏီကို လုပ်ပိုင်ခွင့်တွေပေးထားတော့ ဒီဟာတွေကို လူထုက မကျေနပ်တော့ သူတို့ကိုလည်း လုံးဝ လုပ်ခွင့်မပေးပါဘူးလို့ အဲလိုပဲ ပြောလိုက်တာ"

ဝါးစိမ်းတောင် သတ္ထုစမ်းသပ်တူးဖော်ရေးစီမံကိန်းကို ယင်းမာပင်မြို့နယ်ထဲက မြေဧရိယာ အကျယ်အဝန်း ဧက ၁ သိန်း ၁ သောင်းကျော်မှာ အကောင်အထည်ဖော်ဖို့ လျာထားတာပါ။

စီမံကိန်းနယ်မြေထဲမှာ အိုးဘို၊ ကျောက်ပြုတ်၊ သပြေအေး၊ တရော်ကျင်း၊ မိုးကောင်းစတဲ့ ကျေးရွာ ၁၂၀ ခန့် ပါဝင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဝါးစိမ်းတောင်ဒေသမှာ နေထိုင်တဲ့ ဒေသခံတွေဟာ မြေပဲ၊ ခရမ်းချဉ်၊ နှမ်း၊ ပဲစင်းငုံနဲ့ စပါးစတဲ့ သီးနှံတွေ စိုက်ပျိုးထုတ်လုပ်တာကို အဓိကထားလုပ်ကိုင်ကြတာဖြစ်ပြီး သတ္ထုတူးဖော်ရေးစီမံကိန်းကြောင့် စိုက်ပျိုးမြေတွေနဲ့ သောက်သုံးရေတွေ ပျက်စီးဆုံးရှုံးမှာကို စိုးရိမ်နေကြပါတယ်။

စမ်းသပ်တူးဖော်ဖို့ လုပ်ငန်းနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစီရင်ခံစာကို ပြည်ထောင်စုအစိုးရထံ တင်ပြနိုင်ဖို့အတွက် ဒေသခံတွေနဲ့ လိုက်လံတွေ့ဆုံနေတာလည်းဖြစ်ပါတယ်။

ဒီနေ့တွေ့ဆုံပွဲမှာ ဒေသခံတွေက ကန့်ကွက်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကို RFA က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရဲ့ ဖိတ်ခေါ်မှုကြောင့် ဆွေးနွေးပွဲကို လိုက်ပါသွားတဲ့ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင်ကတော့ အခုလို ကန့်ကွက်မှုတွေရှိပေမယ့် သက်ဆိုင်ရာနယ်မြေထဲမှာ ပါဝင်တဲ့ ဒေသခံအားလုံးရဲ့ သဘောထားကို ကောက်ယူဖို့လိုတယ်လို့ RFA ကို ပြောပါတယ်။

"အားလုံးသဘောတူညီမှုဆိုတာ ဘယ်ဟာမှမရှိဘူး၊ အကြမ်းအားဖြင့်တော့ အင်တာနေရှင်နယ်မှာ စံနှုန်းကတော့ ၆၇၊ ၆၈ ရာခိုင်နှုန်းပဲ အခုဟာက ဒီထဲမှာလာတာ ကန့်ကွက်သူတွေတင် စုတာလား သို့မဟုတ် တစ်နယ်လုံးကပါလား အဲဒါတွေကလည်း အရေးကြီးတယ်လေ၊  အဲ့စစ်တမ်းတွေက တကယ်ကောက်ရမှာပေါ့၊ နောက်ပိတ်ဆုံးဗျာ လျှို့ဝှက်မဲပေးတာတွေ လုပ်ရမှာလေ အခုတက်လာတာက သူတို့ နီးစပ်ရာခေါ်ပြီးတော့ ဆန့်ကျင်တဲ့သူပဲ တက်တာလား ဒါလည်းရှိသေးတာပေါ့"

သတ္ထုစမ်းသပ်တူးဖော်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယျံခန့် ကုန်ကျစရိတ် ခန့်မှန်းထားတာဖြစ်တယ်လို့လည်း ဒေါက်တာ သိန်းနိုင်က ပြောပါတယ်။

စီမံကိန်းလုပ်မယ့် နယ်မြေထဲမှာ ယင်းမာပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်မေရီရဲ့ ကျေးရွာလည်း အပါအဝင်ဖြစ်ပါတယ်။ ဒေါ်အောင်မေရီဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က ဝါးစိမ်းတောင်စီမံကိန်းနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ရာမှာ စီမံကိန်းကို ဒေသခံပြည်သူတွေလက်ခံမှ ဆောင်ရွက်သွားမှာဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့သဘောထား ရရှိမှသာ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေကို အသိပေးဆောင်ရွက်သွားမယ်လို့ အစိုးရအဖွဲ့က ပြန်လည်ပြောဆိုထားပါတယ်။

ဒါပေမဲ့ ဒီနေ့ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်ကို အသိပေးအကြောင်းကြားတာ မရှိတဲ့အတွက်  လွှတ်တော်တွင်းမှာ ပြောဆိုချက်နဲ့ ကွဲလွဲနေပြီး လွှတ်တော် ကိုယ်စားလှယ် မသိအောင် စည်းရုံးတဲ့ ပုံစံဖြစ်နေကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်မေရီက ထောက်ပြဆွေးနွေးခဲ့တယ်လို့ RFA ကို ပြောပါတယ်။

"ဝါးစိမ်းတောင်က ကျွန်မ မဲဆန္ဒနယ်မဟုတ်ဘူး၊ ဒါပေမဲ့ ရွာက ကျွန်မ ရွာဖြစ်နေတော့ တကယ်ဆိုလို့ရှိရင် တိုင်းအစိုးရလာမယ့်ကိစ္စ လွှတ်တော်ကိုယ်စားလှယ်ကို အကြောင်းကြားသင့်တယ်လေ သူတို့အနေနဲ့ ကုမ္ပဏီအတွက် ကိုယ်စားလှယ် မသိအောင် တိတ်တိတ်လေး လာစည်းရုံးတဲ့ ပုံစံဖြစ်နေတယ်လို့ ကျွန်မကပြောတယ်ပေါ့နော်၊ လွှတ်တော်ထဲမှာ ဖြေသွားတာနဲ့ မကိုက်ညီဘူးဆိုပြီး ကျွန်မက ဆွေးနွေးခဲ့ပါတယ်"

ဒီနေ့တွေ့ဆုံပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့က လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်နဲ့ ချင်းတိုင်းရေးသား ရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း တို့တက်ရောက်ခဲ့ကြပြီး ဒေသခံ ကျေးရွာသား ၄၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။

ဝါးစိမ်းတောင် စီမံကိန်းဟာ နှစ်ရှည်စီမံကိန်းဖြစ်ပြီး စမ်းသပ်ချက်အရ သတ္ထုတူးဖော်ထုတ်လုပ်ဖို့ အဆင်ပြေမယ်ဆိုရင် ပြည်ထောင်စုအစိုးရအနေနဲ့ ၅၁ ရာခိုင်နှုန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က ၁၉ ရာခိုင်နှုန်းနဲ့ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း အကျိုးအမြတ် ခွဲဝေယူပြီး အဲဒီထဲကနေ ဒေသခံတွေအတွက် ၂ ရာခိုင်နှုန်း ခွဲဝေခံစားခွင့်ပေးဖို့ လျာထားတယ်လို့လည်း ဒေါက်တာ သိန်းနိုင်က ပြောပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက သတ္ထုထွက်ရှိမှုကို အခြေခံ တွက်ချက်ထားမှုအရဆိုရင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ နှစ်စဉ် မြန်မာကျပ်ငွေ ၃၀ ဘီလီယံ ရရှိမှာဖြစ်ပြီး ဒေသခံတွေက ၃ ဘီလီယံခန့်ရရှိနေမယ်လို့လည်း ပြောပါတယ်။

အဲဒီ ဝါးစိမ်းတောင်ဒေသမှာ သတ္တုကြောတစ်ခု ရှာဖွေတွေ့ရှိထားပြီး တရုတ်နိုင်ငံ ယန်စီကုမ္ပဏီက တူးဖော်ထုတ်လုပ်ခွင့်ရဖို့အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ လုပ်ကိုင်ခွင့်တင်ထားတာဖြစ်ပါတယ်။ ယန်စီကုမ္ပဏီဟာ လက်ရှိအချိန်မှာ စံပါယ်တောင်နဲ့ ကြေးစင်တောင်တွေမှာ သတ္ထုတူးဖော်ရေး လုပ်ကိုင်နေတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။