ထိုင်းဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်
2011.12.17

နေပြည်တော်မှာကျင်းပမယ့် စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ မြန်မာနိုင်ငံကို သွားမယ့်ခရီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ ထိုင်းအစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတီတီမာချန်စိုင်းက RFA ကို ပြောပါတယ်။
“ထိုင်းဝန်ကြီးချုပ်နဲ့ အဖွဲ့ဟာ ရန်ကုန်မြို့ကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မိနစ် သုံးလေးဆယ်လောက် ကြာအောင် တွေ့ဖို့ ရှိပါတယ်။ ရန်ကုန်မြို့က ထိုင်းသံရုံးမှာ ညနေပိုင်း (၅) နာရီလောက်မှာ တွေ့ဆုံမှာပါ။ မြန်မာပြည်မှာ ဒီမိုကရေစီ တိုးတက်ပြောင်းလဲမှုတွေ ရှိလာတဲ့အတွက် သွားရောက်တွေ့ဆုံတာ ဖြစ်ပါတယ်”
မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဝန်ကြီးချုပ် မစ္စယင်လပ်နဲ့ အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ စွမ်းအင်ဝန်ကြီးနဲ့ စုစုပေါင်း ဝန်ကြီး ၆ ဦး လိုက်ပါသွားမယ်လို့ သိရပါတယ်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်- မြဝတီတံတား ဖွင့်လှစ်ပေးခဲ့တာကို ကြိုဆိုတဲ့အပြင် မြန်မာနိုင်ငံမှာ အကျဉ်းသား အမြောက်အမြား ပြန်လွှတ်ပေးခဲ့တဲ့ ကိစ္စကိုလည်း ထိုင်းနိုင်ငံအနေနဲ့ ကြိုဆိုကြောင်း၊ ဒါဟာ မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်ဆိုတာကို ပြသရာ ရောက်တယ်လို့မြင်ကြောင်း RFA က သီးသန့် ဆက်သွယ်မေးမြန်းစဉ်မှာ ထိုင်းအစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။