ယင်းမာပင်မြို့ ကျောက်မှော်ရွာ ဒေသခံ ၄၀ ကျော် ဖမ်းဆီးခံရ

2022.07.23
ယင်းမာပင်မြို့ ကျောက်မှော်ရွာ ဒေသခံ ၄၀ ကျော် ဖမ်းဆီးခံရ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ကို Google Earth မှတွေ့ရစဉ်
Photo: Google Earth

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း ကျောက်မှော်ရွာက ဒေသခံ ၄၀ ကျော်ကို ဇူလိုင်လ ၂၃ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကော်စီတပ်သားတွေ ဖမ်းခေါ်သွားတယ်လို့ ကျော်မှော်ရွာ ဒေသခံတွေက ပြောပါတယ်။

ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ အင်အား ၃၀ နီးပါးရှိ စစ်ကြောင်းဟာ ဒီနေ့ မနက် အစောပိုင်း ၄ နာရီမှာ ကျောက်မှော်ရွာထဲ ဝင်ရောက်ခဲ့ပြီး ဒေသခံတွေကို ဖမ်းခေါ် သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်မှော်ရွာ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ဒီမနက် ၄ နာရီမှာ ရွာကိုဝင်လာတယ်။ ၆ နာရီ ၄၅ မှာ ရွာကပြန်ထွက်သွားပြီး ဒေသခံ ၄၀ ကျော်ကို ခေါ်သွားပါတယ်။ ရွာကိုဝင်လာတဲ့ အချိန်က သေနတ်တွေပစ်ခတ်ပြီးတော့ ထွက်ပြေးတဲ့ကောင် ပစ်မယ်၊ ဘာညာ အော်ပြောကြတယ်။ အဲဒီမှာ နိုးတဲ့သူတွေက နိုးပြီးတော့ ပြေးကြတယ်။ မပြေးနိုင်တဲ့သူတွေ ပါသွားကြတယ်။ ပြီးတော့ အိမ်တွေ အထဲက သိန်းရာနဲ့ချီ ယူသွားကြတယ်။ ရွှေ၊ ငွေ၊ ဖုန်း အကုန်မသွားကြတယ်"

အဲဒီအထဲက အသက် ၇၀ ကျော်အရွယ် သုံးဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့သူတွေ အားလုံးကိုတော့ ချင်းတွင်းမြစ်ကြောင်းကနေတဆင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ထဲကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

အဖမ်းခံရသူတွေမှာ ကလေးငယ်ရှိတဲ့ မိခင်တွေနဲ့ လူလတ်ပိုင်း အမျိုးသားနဲ့ အမျိုးသမီးတွေ ပိုများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ကျောက်မှော်ရွာဟာ အိမ်ခြေ ၄၀၀ ကျော်နဲ့ လူဦးရေ တစ်ထောင်နီးပါးရှိတဲ့ ရွာဖြစ်ပြီး လက်ရှိ ရွာထဲကနေအိမ် ၅၀ ကျော်လည်း ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။