နှစ်ပတ်ခန့်ပိတ်ထားတဲ့ ရန်ကုန်- ပုသိမ် ကုန်တင်ကား ပြေးဆွဲခွင့်ပြန်ရ

RFA Burmese
2025.01.07
နှစ်ပတ်ခန့်ပိတ်ထားတဲ့ ရန်ကုန်- ပုသိမ် ကုန်တင်ကား ပြေးဆွဲခွင့်ပြန်ရ ဧရာ၀တီတိုင်း၊ မြောင်းမြမြို့ရှိ အဝေးပြေးကားဝင်းအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်- ပုသိမ်ကားလမ်းမှာ ပြေးဆွဲနေတဲ့ ကုန်တင်ကားတွေကို စစ်ကောင်စီက နှစ်ပတ်ခန့်ပိတ်ထားပြီးနောက် ဇန်နဝါရီလ ၃ ရက်နေ့ကစပြီး ပြေးဆွဲခွင့်ပြန်ရတယ်လို့ ပုသိမ်မြို့ခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်နယ်အစပ်မှာရှိတဲ့ ဧရာဝတီတိုင်းက စစ်ကောင်စီတပ်စခန်းတွေနဲ့ ရခိုင်ရိုးမအနီးက မြို့တွေကို ရိက္ခာပို့ဖို့အတွက် ခေါ်ယူတဲ့အပေါ် ကုန်ကားမောင်းနှင်သူတွေက ငြင်းဆိုတာကြောင့် ကားထွက်ခွင့်ပိတ်ခဲ့တာလို့ ဆိုပါတယ်။

ပုသိမ်မြို့က အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ ကုန်တင်ကားအသင်းတို့ ပြန်လည်ညှိနှိုင်းခဲ့ပြီး ဇန်နဝါရီလ ၃ ရက်နေ့ကစလို့ ကားထွက်ခွင့် ပြန်ရသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုသိမ်မြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ရိက္ခာပို့ဖို့ ခေါ်ရင်လိုက်မယ်၊ မလိုက်ဘူး။ အဲဒီလိုမျိုးကနေမှ ကုန်ကားတွေကို ပိတ်ခိုင်းလိုက်တာပေါ့။ အခုတော့ ရုံးနဲ့ ကုန်ကားအသင်းနဲ့ ပြန်ညှိလိုက်တယ်။ ပြန်ညှိပြီးတော့မှ မထွက်ဘူး၊ လျော်ကြေးပေးမယ်ဆိုတဲ့ဟာမျိုးနဲ့ အဆင်ပြေသွားတယ်။ သူတို့ကလည်း ကုန်ကားခေါ်တာ အခမဲ့ခေါ်တာ မဟုတ်ဘူး။ ပိုက်ဆံပေးတယ်”

စစ်ကောင်စီတပ်က ရိက္ခာပို့ဖို့လိုအပ်တဲ့အခါ ကုန်တင်ကားတွေဘက်က မဲနှိုက်ပြီး မဲပေါက်တဲ့သူလိုက်ဖို့ သဘောတူရသလို မလိုက်နိုင်ရင်တော့ လျော်ကြေးနှစ်ဆပေးရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ ပြေလည်မှုရခဲ့တာလို့ သူက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဇန်နဝါရီလ ၇ ရက်နေ့ ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိပါဘူး။

ဧရာဝတီတိုင်းကို အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်တွေ မရောက်ဖို့အတွက် စစ်ကောင်စီဘက်က ရခိုင်ရိုးမအစပ်က မြို့နယ်တွေမှာ စစ်ရေးပြင်ဆင်မှုတွေ ဆက်တိုက်လုပ်နေသလို ကုန်ကားတွေကို လေယာဉ်ကွင်းဖောက်လုပ်ရေးမှာ အသုံးပြုတာအပြင် ရိက္ခာသယ်ယူမှုတွေကိုပါ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။