ရန်ကုန်မှာ စက်သုံးဆီဝယ်ဖို့ ပြန်တန်းစီနေရကြောင်း မြို့ခံတွေ ပြော

RFA Burmese
2023.12.23
ရန်ကုန်မှာ စက်သုံးဆီဝယ်ဖို့ ပြန်တန်းစီနေရကြောင်း မြို့ခံတွေ ပြော ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ဆီဖြည့်ရန် တန်းစီစောင့်ဆိုင်းနေကြသည့် ယာဉ်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်းထဲက စက်သုံးဆီဆိုင်အများစုမှာ ဒီဇင်ဘာ ၂၁ ရက်ကစလို့ ပြန်လည်တန်းစီ ဝယ်ယူနေရပြီး တချို့ဆိုင်တွေဆိုရင် ပိတ်ထားတဲ့အခြေအနေ ပြန်ဖြစ်နေပြီလို့ ရန်ကုန်မြို့ခံတွေနဲ့ အငှားယာဉ်မောင်းသူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက် ဒီနေ့နေ့လယ်မှာ အလုံမြို့နယ်၊ သခင်မြပန်းခြံအနီး၊ ကမ်းနားလမ်း တစ်လျှောက် ဆီဆိုင်တွေနဲ့ ကမ္ဘာ့အေးဘုရားလမ်းနားက စက်သုံးဆီဆိုင်ကြီးတွေ အပါအဝင် စက်သုံးဆီဆိုင်အများစုမှာ တန်းစီဝယ်ယူနေရတယ်လို့ သခင်မြပန်းခြံအနီးမှာ ဆီဖြည့်ခဲ့တဲ့ အငှားယာဉ်မောင်းတစ်ဦးက RFA ကို ပြောပါတယ်။

“တန်းစီပြီးတော့ကို တစ်ခါတလေကျရင် ဆီကမရဘူး။ အခုလည်း တစ်ဝက်ပဲ ကုန်သေးတယ် တန်းစီဖြည့်နေတာ။ ဆီကုန်မောင်းပြီး တန်းစီရင်တော့ အဲဆီဆိုင်မှာ ဆီမရှိလည်း ရှိတဲ့အချိန်ထိ ငုတ်တုတ်ထိုင်စောင့်ပဲ။ ဆီမရှိတော့ တခြားဆိုင်သွားလို့ မရတော့ဘူးလေ။ သခင်မြပန်းခြံနားက ဆီဆိုင်လည်း တန်းစီရတယ်။ ကမ်းနားလမ်းက ဆီဆိုင်ဆိုရင် တန်းစီနေကြတာ တော်တော်ရှည်တယ်။ ကမ္ဘာအေးလည်း အဲအတိုင်းပဲ။ မြင်သလောက် အကုန်လုံး နီးပါးပဲ တန်းစီနေရတာ။ ဆီမရှိလို့ ပိတ်ထားတဲ့ ဆိုင်တွေလည်းရှိတယ်။ ဆီတန်းစီရတာကတော့ ပြီးခဲ့တဲ့ နှစ်ရက်ကတည်းက ပြန်စတာ”

ဒီနေ့မှာ အောက်တိန်း (၉၅ အမျိုးအစား) ဓာတ်ဆီတစ်လီတာ ၂၆၆၀ ကျပ်၊ အောက်တိန်း (၉၂ အမျိုးစား) ဓာတ်ဆီ တစ်လီတာ ၂၅၆၀ ကျပ်ရှိနေပြီး တန်းစီရပေမယ့် လိုသလောက်တော့ ဝယ်လို့ရနေသေးတယ်လို့ ဆိုပါတယ်။

စက်သုံးဆီ ဆိုင်ကြီးတချို့ဆိုရင် ဆီရှိပေမယ့် ဆိုင်ဝန်ထမ်းတွေကိုငဲ့ညှာပြီး မနက် ၆ နာရီကနေ ည ၉ နာရီအထိပဲ ဖွင့်ပေးတာမျိုးတွေ ရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

တချို့စက်သုံးဆီဆိုင်တွေမှာ အချိန်သတ်မှတ်ပြီး ရောင်းပေးနေတာမျိုးရှိတယ်လို့ နောက်ထပ် ရန်ကုန်မြို့ခံ အငှားယာဉ်မောင်းတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ (စက်သုံးဆီဆိုင်) က မနက် ၆ နာရီကနေစပြီးတော့ ပေးတယ်။ ပြီးရင် ညနေ ၄ နာရီ၊ ၅ နာရီလောက်ကျရင် တစ်ခေါက်ပြန်ပေးတယ်။ အဲလိုပုံစံမျိုး ဖြစ်နေတယ်။ တချို့ဆိုင်တွေကတော့ မသတ်မှတ်တာလည်း ရှိတယ်။ ကျွန်တော်တို့ ဒီသုဝဏ္ဏ၊ ကျောင်းလမ်းထိပ်ကဆိုင်ကတော့ အဲလိုမျိုးသတ်မှတ်ထားတယ်။ ဆီကတော့ လိုသလောက်တော့ ရတယ်ဗျာ။ ကားတစ်စီးကို ငါးသောင်းဖိုးဆိုရင် ငါးသောင်းဖိုး ထည့်ပေးတယ်။ တန်းစီရတာ အချိန်ကုန်တော့ လုပ်ကိုင်စားရတာ အဆင်မပြေဘူးပေါ့”

အများစုဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလို စက်သုံးဆီပြတ်လပ်မှာကို စိုးရိမ်စိတ်နဲ့ စက်သုံးဆီ ပြန်ဝယ်စုကြတာကြောင့် တန်းစီဝယ်ယူနေရတဲ့ အခြေအနေပြန်ဖြစ်နေတာဖြစ်ပြီး ပုံမှန်သုံးသာ ဝယ်ယူကြရင် တန်းစီစရာမလိုဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ဆီသင်္ဘောတွေ အဆက်မပြတ်ရောက်ရှိနေပြီး ဆီပြတ်လပ်မှု မရှိဘူးလို့ မကြာခဏ ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကလည်း ဒီဇင်ဘာလ ၁၈ ရက်နေ့က စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို အမေရိကန် ဒေါ်လာ ၉ ဒသမ ၇၂ သန်း ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။