အငှားယာဉ်စနစ်ကို ပြုပြင်ပြောင်း လဲမယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ပြော
2017.01.14

အများပိုင်ယာဉ်လိုင်းစနစ်တွေ ပြုလုပ်ပြောင်းလဲပြီးနောက်ပိုင်း ယာဉ်ကြောပိတ်ဆို့မှုတွေ ကင်းဝေးအောင် အငှားယာဉ်တွေနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲသွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော ပါတယ်။
လာမယ့် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စတင်ပြေးဆွဲမယ့် အများပြည်သူပိုင် ယာဉ်လိုင်းစနစ်အကြောင်း ဒီနေ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် နယ်ကားနံပါတ်တွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲသွားမယ်လို့လည်း ပြောခဲ့ပါတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့ကစပြီး မထသ ခေါင်းစဉ်အောက်က လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းသွားမှာဖြစ်ပြီး မထသ စာရင်းရှင်းလင်းပြီးပါက အများပြည်သူသိရှိအောင် ပွင့်လင်းမြင်သာစွာ ချပြသွားမယ်လို့လည်း ပြောပါတယ်။
အများပိုင်ယာဉ်လိုင်း ဝန်ဆောင်မှုလုပ်ငန်းထဲကို ဝင်ရောက်လုပ်ကိုင်တာမျိုးမရှိတဲ့ ယာဉ်လုပ်ငန်းပိုင်ရှင်တွေကို ဇန်နဝါရီလ ၁၅ ရက်နေ့က ညပိုင်းကစပြီး CNG တွေ ထုတ်ပေးတော့မဟုတ်ဘူးလို့လည်း သိရပါတယ်။
လာမယ့် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စတင်ပြောင်းလဲပြေးဆွဲမယ့် အများပိုင်ယာဉ်လိုင်းအသစ်တွေကို စီးနင်းမယ့် ခရီးသွားပြည်သူတွေ အခက်အခဲမရှိအောင် ကူညီပေးဖို့အတွက် လုပ်အားပေးလူငယ်တွေက ဒီကနေ့ ရန်ကုန်မြို့ မပာာဗန္ဓုလပန်းခြံမှာ စာရင်းပေးသွင်းနေကြပါတယ်။
လုပ်အားပေးလူငယ်တွေဟာ မနက်ဖြန်အထိ စာရင်းပေးကြမှာဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်ကနေ ၅ ရက်ကြာ ကူညီပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ကူညီပေးမယ့် လူငယ်တွေဟာ ဘတ်စ်ကားမှတ်တိုင်တွေမှာ စောင့်ဆိုင်းပြီး ခရီးသွားပြည်သူတွေ အခက်အခဲမရှိ ကားစီးနိုင်ဖို့အတွက် ယာဉ်လိုင်းတွေနဲ့ပတ်သက်တာတွေကို ရှင်းပြပေးကြမှာဖြစ်ပါတယ်။ မြို့နယ်တစ်ခုမှာ ကိုယ်စားလှယ် ၂ ဦးစီနဲ့ တာဝန်ခံ ၃ ဦးစီ ရှိမှာဖြစ်ပြီး အဲဒီ ၅ ဦးက ကားမှတ်တိုင်တစ်ခုစီမှာ တာဝန်ယူမယ့် လုပ်အားပေးလူငယ် ၁ ဦးစီကို ကြီးကြပ်ရမှာဖြစ်ပါတယ်။