ပြန်ထွက်မယ့် စွမ်းအင်ကုမ္ပဏီတွေနေရာမှာ ရုရှားကို အစားထိုးဖို့ စစ်ကောင်စီ ကြိုးစားနေ

2022.05.06
ပြန်ထွက်မယ့် စွမ်းအင်ကုမ္ပဏီတွေနေရာမှာ ရုရှားကို အစားထိုးဖို့ စစ်ကောင်စီ ကြိုးစားနေ မုတ္တမပင်လယ်ကွေ့ရှိ ရဲတံခွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းကို တွေ့ရစဉ်
Photo: Yetagun Mates

ထိုင်းအခြေစိုက် PTTEP၊ မလေးရှား Petronas နဲ့ ဂျပန် Eneos ကုမ္ပဏီတို့ဟာ မုတ္တမ ပင်လယ်ကွေ့ရှိ ရဲတံခွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းကနေ လုပ်ငန်းတွေ ပြန်ရုပ် သိမ်းတော့မယ့်အကြောင်း ဧပြီလ ၂၉ ရက်နေ့မှာ အသီးသီးထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီ့မတိုင်ခင်တုန်းကလည်း တနင်္သာရီတိုင်း ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှာ လုပ်ကိုင် နေတဲ့ ပြင်သစ် Total နဲ့ အမေရိကန် Chevron၊ ရခိုင်ကမ်းလွန်ပင်လယ်ပြင်မှာ လုပ်ကိုင် နေတဲ့ သြစတြေးလျ Woodside ကုမ္ပဏီတို့ သူတို့ရဲ့လုပ်ငန်းတွေကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။

"တိုင်းပြည်ကို တည်ငြိမ်အောင် မထိန်းသိမ်းထားနိုင်တဲ့ အစိုးရတစ်ရပ်ဆီမှာ ဘယ်ရင်းနှီးမြှုပ်နှံသူမှ မလုပ်ချင်တော့ဘူး"

တည်ငြိမ်မှုမရှိတဲ့ တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံရင် ကုမ္ပဏီရဲ့ပုံရိပ်ကျလာပြီး တစ်ကမ္ဘာလုံး မှာရှိတဲ့ သူတို့ရဲ့ စတော့ရှယ်ယာတွေလည်း ဈေးကျလာတာကြောင့် အခုလို ပြန်ထွက်ဖို့ ဆုံးဖြတ်ကြတာလို့ စီးပွားရေး ဆောင်းပါးရှင် ဦးသန်းစိုး ခေါ် သန်းစိုး (ဘောဂဗေဒ) က ပြောပါတယ်။

“ဒီလိုမျိုး ဂယောက်ဂယက်ဖြစ်နေတဲ့ နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုလုပ်လို့ရှိရင် သူတို့က ဘာနဲ့သွားကြည့်လဲဆိုတော့ တာဝန်ယူမှု၊ တာဝန်ခံမှုပေါ့။ တာဝန်ယူမှု၊ တာဝန်ခံမှု မလုပ်နိုင်ဘူးဆိုရင် သူတို့ရဲ့ နိုင်ငံတကာမှာရှိတဲ့ ရှယ်ယာတွေက ဈေးကျတယ်။ အဲဒီဒဏ်ကို သူတို့ မခံနိုင်ဘူး။ မြန်မာနိုင်ငံမှာပဲ ရင်းနှီးမြှုပ်နှံတာ မဟုတ်ဘူး၊ တစ်ကမ္ဘာလုံးမှာ ရင်းနှီးမြှုပ်နှံထားတော့ စတော့ရှယ်ယာတွေ ကျတဲ့အတွက် ဒါကို သူတို့က မခံနိုင်တော့ မြန်မြန်ထုတ်ပြီး မြန်မြန်ထွက်သွားတာပေါ့”

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့က မလေးရှားလွှတ်တော် အမတ် Charles Santiago ကလည်း ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းလိုက် ကတည်းက မြန်မာနိုင်ငံက အခြေအနေတွေ ဆိုးရွားလာတာကြောင့် စွမ်းအင်ကုမ္ပဏီတွေ ဆက်အလုပ်လုပ်လို့မရတော့ဘဲ အခုလို ပြန်ထွက်နေကြတာလို့ မေလ ၄ ရက်နေ့က နိုင်ငံတကာ သတင်းမီဒီယာတွေကို ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အမေရိကန်၊ အီးယူနဲ့ အိမ်နီးချင်းနိုင်ငံက စွမ်းအင်ကုမ္ပဏီတွေ ပြန်ထွက်သွားတာ ဆိုတဲ့အချက်ကို လက်မခံပါဘူး။

နိုင်ငံရေး ဖိအားတွေကြောင့် ဒီကုမ္ပဏီတွေ ပြန်ထွက်တာမျိုး ရှိနိုင်ပေမယ့် အဓိကအချက်က ရဲတံခွန်စီမံကိန်းမှာ သူတို့ရဲ့ စီးပွားရေးအကျိုးအမြတ် နည်းလာတာကြောင့် ပြန်ထွက်တာ လို့ RFA ကို မေလ ၅ ရက် မနေ့က ပြောပါတယ်။

ဒီကုမ္ပဏီတွေ ပြန်ထွက်လို့ လုပ်ငန်းတချို့ ယာယီရပ်နားသွားပေမယ့် မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ရုရှားက မကြာခင် ဝင်ရောက်လာလိမ့်မယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍနဲ့ ပတ်သက်ပြီး ကျနော်တို့ မိတ်ဆွေနိုင်ငံတွေ၊ မိတ်ဆွေ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ရုရှားနိုင်ငံနဲ့ မကြာခင်အချိန် အတွင်းမှာ လက်တွေ့ဖြစ်နိုင်မယ့်၊ အမြန်ဆုံးလုပ်ဆောင်သွားနိုင်မယ့် ကုန်းတွင်းရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို အမြန်ဆုံး တိုးချဲ့လုပ်ဆောင်သွားမှာဖြစ်ပါတယ်”

စွမ်းအင်ကဏ္ဍဟာ နိုင်ငံတိုင်းရဲ့ လိုအပ်ချက်ဖြစ်တာကြောင့် မြန်မာ့ရေနံနဲ့ သဘာဝဓာတ် ငွေ့လုပ်ငန်းမှာ ဝင်လုပ်ချင်တဲ့ မိတ်ဆွေနိုင်ငံတွေရှိနေပြီး အမြန်ဆုံး ဆောင်ရွက်သွားမယ် လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒီမိုကရေစီနိုင်ငံတွေက စီးပွားရေးအရ စစ်အစိုးရကို ဆက်ဆံရေးဖြတ်တောက်ချိန်မှာ ဒီမို ကရေစီနဲ့ လူ့အခွင့်အရေးစံတွေကို တန်ဖိုးမထားတဲ့ နိုင်ငံတွေ ဝင်ရောက်လာမှာဟာ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည် ဇင်စိုးက ပြောပါတယ်။

“ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းက ဒီစစ်အစိုးရနဲ့ စီးပွားရေးပိတ်ဆို့မှုတွေ၊ ဆက်ဆံမှု တွေကို ဖြတ်တောက်တာတွေလုပ်တဲ့အချိန်မှာ စည်းမျဉ်းစည်းကမ်းတွေ၊ စံနှုန်းတွေကို တန်ဖိုးမထားတဲ့နိုင်ငံ၊ စီးပွားရေးအဖွဲ့အစည်းတွေက သူတို့ရဲ့ အကျိုးအမြတ်အတွက် ချိတ်ဆက်ပြီးတော့ လုပ်မယ်ဆိုတဲ့ဟာပါ။ အဲဒါက နိုင်ငံတော်တော်များများမှာလည်း ဖြစ်ခဲ့ဖူးတယ်။ မြန်မာနိုင်ငံသမိုင်းမှာလည်း အဲဒီလိုဖြစ်စဉ်မျိုးတွေ ရှိခဲ့ဖူးတယ်”

ရုရှားဟာ စွမ်းအင်ကဏ္ဍမှာ အင်အားရှိတဲ့နိုင်ငံတစ်ခုဖြစ်ပေမယ့် မြန်မာ့စွမ်းအင်ကဏ္ဍမှာ အစားထိုး ဝင်ရောက်လာမယ့်ကိစ္စဟာ ချက်ချင်းတော့ မဖြစ်နိုင်သေးဘူးလို့ အမည်မဖော် လိုတဲ့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

“ရေနံလောကမှာ ရုရှားက တော်တော်လေး အင်အားရှိတဲ့နိုင်ငံပဲ။ ရုရှားကုမ္ပဏီတွေ၊ ဘာတွေနဲ့ ညှိနှိုင်းပြီး လုပ်နိုင်တာတော့ရှိတာပေါ့။ ဒါပေမဲ့လည်း ရုတ်တရက် အစားထိုးဖို့ မလွယ်ပါဘူး။ အစားထိုးဖို့ ကြိုးတော့ကြိုးစားလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုကြိုးစားတဲ့ဟာ က ချက်ချင်းတော့ အရာထင်မှာ မဟုတ်ဘူး”

နိုင်ငံတကာကုမ္ပဏီတွေ အခုလို အစုအပြုံလိုက် ထွက်ခွာဖို့ဆုံးဖြတ်ပြီး သိပ်မကြာခင် မေလ ၂ ရက်နေ့မှာ စစ်ကောင်စီက လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦးကို ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

စွမ်းအင်ကဏ္ဍ ပိုထိရောက်ဖို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကို နှစ်ခုခွဲထုတ်ပြီး လျှပ်စစ်စွမ်း အားဝန်ကြီးဌာနနဲ့ စွမ်းအင်ဝန်ကြီးဌာနတွေအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ ဖယ်ရှားခံရ တဲ့ ဦးအောင်သန်းဦးရဲ့နေရာမှာ ဝန်ကြီးအသစ် ဦးသောင်းဟန်ကို အစားထိုးလိုက်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ စွမ်းအင်ဝန်ကြီးဌာန နှစ်ခုစလုံးကို ကိုင်တွယ်အုပ်ချုပ်မှာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းကတော့ စွမ်းအင် ကုမ္ပဏီတွေ မြန်မာနိုင်ငံကနေ အခုလို ဆက်တိုက်ပြန်ထွက်ခွာနေတာဟာ နိုင်ငံရေးမတည် ငြိမ်မှုနဲ့ စစ်ကောင်စီရဲ့ တရားမဝင်မှုကို ပြသနေတယ်လို့ ပြောပါတယ်။

“ဒီလိုထွက်သွားတယ်ဆိုတဲ့ သဘောကိုက De Jure (ဥပဒေအရ တရားဝင်အစိုးရ) အဆင့်လည်း မရှိဘူး။ De Facto (နိုင်ငံကို ထိန်းချုပ်ထားနိုင်တဲ့အစိုးရ) အဆင့်လည်း မရှိဘူး။ ဥပဒေအရလည်း ဘောင်မဝင်ဘူး၊ တိုင်းပြည်ကို တည်ငြိမ်အောင် မထိန်းသိမ်း ထားနိုင်တဲ့ အစိုးရတစ်ရပ်ဆီမှာ ဘယ်ရင်းနှီးမြှုပ်နှံသူမှ မလုပ်ချင်တော့ဘူး။ မလုပ်ချင် လို့ ထွက်သွားတာပဲ။ ဒါက ရှင်းရှင်းလေးပဲ။ အဲတော့ ဒီဟာကတော့ စစ်အုပ်စုရဲ့ တရား ဝင်မှုကို အကြီးအကျယ် လျော့ကျသွားတဲ့ဟာကို ပိုပြီးပေါ်လွင်လာတယ်”

yetagun.jpg
မုတ္တမပင်လယ်ကွေ့ရှိ ရဲတံခွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းကို တွေ့ရစဉ် (Photo: Yetagun Mates)

မြန်မာနိုင်ငံက ပြန်ထွက်ကြတဲ့ စွမ်းအင်ကုမ္ပဏီတွေထဲမှာ ထိုင်း PTTEP ကုမ္ပဏီက အပြီး ထွက်ခွာသွားတာ မဟုတ်ဘဲ အကျိုးအမြတ်နည်းလာတဲ့ ရဲတံခွန်စီမံကိန်းကနေသာ ပြန်ရုပ် သိမ်းတာပါ။ တနင်္သာရီတိုင်းမှာရှိတဲ့ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှာ ဆက်လုပ်နေပြီး Total နဲ့ Chevron တို့ရဲ့ စီမံကိန်းတွေကိုပါ ထိုင်း PTTEP က လွှဲပြောင်းယူထားပါတယ်။

ရခိုင်ပြည်နယ် A6 သဘာဝဓာတ်ငွေ့စီမံကိန်းကနေ ပြန်ထွက်သွားတဲ့ သြစတြေးလျ Woodside ကုမ္ပဏီရဲ့ လုပ်ငန်းတွေကိုတော့ MPRLE & P Group က လွှဲပြောင်းရယူခဲ့ တယ်လို့ စစ်ကောင်စီရဲ့ ဧပြီ ၂၃ ရက်ထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ထိုင်း PTTEP ကုမ္ပဏီရဲ့ ဧပြီ ၂၉ ရက် ထုတ်ပြန်ချက်မှာလည်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က မုတ္တမပင်လယ်ကွေ့မှာရှိတဲ့ ရဲတံခွန်စီမံကိန်းကနေ တစ်နေ့ကို အရည်သွေးမြင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၇ သန်းနဲ့ ရေနံစိမ်း ပီပါ ၅၆၀ ထုတ်လုပ်ခဲ့ကြောင်း ဖော်ပြ ထားပါတယ်။

စွမ်းအင်ကဏ္ဍကနေ စစ်ကောင်စီအတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော် ရရှိနေတယ်လို့ Justice for Myanmar အဖွဲ့က ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီက အာဏာရှင်ဖီဆန်ရေးလှုပ်ရှားသူတွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးတွေမှာ ဒီငွေတွေကို အသုံးပြုနေတယ်လို့လည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြဝေဖန် ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။