ကိုရဲမင်းဦးကို အင်းစိန်ထောင်မှာ ဖမ်းဆီးထား
2013.04.03
မိဘတွေက လူပျောက်မှုနဲ့ ရန်ကုန်မြို့ ဗဟန်းရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတဲ့ ကျောင်းသားသမဂ္ဂများဖြစ်မြောက်ရေး အဖွဲ့ချုပ်က ကိုရဲမင်းဦးကို အင်းစိန်ထောင်မှာ ဖမ်းဆီးထားကြောင်း မိသားစုဝင်တွေက RFA ကို ဒီနေ့မှာပြောပါတယ်။
သူ့ကို အာဏာပိုင်တွေက ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုထားတာဖြစ်ကြောင်း၊ သူဟာအာဏာပိုင်တွေ စွပ်စွဲသလို ဆူပူအကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်မှု လုံးဝမရှိကြောင်း ပြောပြတယ်လို့ ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ ညီဖြစ်သူ ကိုရဲမင်းအောင်က ပြောပါတယ်။ ဒီနေ့ အင်းစိန်ထောင်မှာ ကိုရဲမင်းဦးကို မိသားစုဝင်တွေ ထောင်ဝင်စာတွေ့ခွင့်ရခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ ညက ရန်ကုန်မြို့ ကြေးသွန်းဘုရားကြီးရှေ့မှာ အရပ်ဝတ်လူတချို့က သူနဲ့စကားပြောဆိုပြီးနောက် ကားတစ်စီးနဲ့ ခေါ်သွားခဲ့တယ်လို့ သိရပါတယ်။
တစ်ပတ်လောက် ပျောက်ဆုံးနေပြီး မိသားစုတွေအနေနဲ့ ဧပြီ ၁ ရက်နေ့မှ ကိုရဲမင်းဦးကို အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရတယ်လို့ဆိုပါတယ်။ မနက်ဖြန်မှာ ကိုရဲမင်းဦးကို အနောက်ပိုင်းခရိုင်က တရားရုံးတစ်ခုမှာ ရုံးထုတ်စစ်ဆေးဖို့ရှိပါတယ်။
ကိုရဲမင်းဦးဟာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးဖြစ်ပြီး ရခိုင်လူငယ်ကွန်ရက်မှာလည်း လှုပ်ရှားဆောင်ရွက်နေသူတစ်ဦးလို့ မိသားစုဝင်တွေက ပြောပါတယ်။
ကိုရဲမင်းဦးရဲ့ညီ ကိုရဲမင်းအောင်ကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။