စရဖ တပ်ကြပ် သေဆုံးမှု ဝရမ်းထုတ်ထားတဲ့ ရခိုင်လူငယ်တစ်ဦးကို ဖမ်းဆီး


2018.12.16
winhtike-622 သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ရတဲ့ အမှတ်(၁) စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်ဖွ့ဲ့က တပ်ကြပ် ဝင်းထိုက် ကို တွေ့ရစဉ်
Photo: Moe MIn

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်က တိုင်းရင်းသားကျေးရွာမှာ မနေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ်နေ့ အခမ်းအနားမှာ ရဲတပ်ဖွဲ့က ရခိုင်လူငယ်တစ်ဦးဖြစ်တဲ့ ကိုရဲကျော်(ခ) ကိုနီအောင်ကို ဖမ်းဆီးလိုက်ပါတယ်။

သူ့ကို ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ဘက်ဆိုင်ရာလုံခြုံရေး (စရဖ) တပ်ဖွဲ့က တပ်ကြပ် ဝင်းထိုက်(ခေါ်) ဖိုးလုံး သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အမှုနဲ့ပတ်သက်ပြီး သံသယရှိတာကြောင့် စစ်ဆေးခံဖို့ ဖမ်းဝရမ်းထုတ်ထားတာဖြစ်တယ်လို့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။

တပ်ကြပ်ဝင်းထိုက်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သံသယရှိတယ်ဆိုပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက စစ်တွေမြို့မှာ ဖမ်းဆီးစစ်ဆေးပြီး သက်သေမခိုင်လုံတာကြောင့် အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တဲ့ လူငယ် ၃ ဦးကို စစ်ဆေးစဉ် ကတည်းက သူ့ကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တပ်ကြပ် ဝင်းထိုက် သေဆုံးခံရမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေသူ ၁၀ ဦးခန့်ရှိပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ရဲမှူးကြီး ကြည်လင်းက မနေ့က ဖမ်းဆီးလိုက်တဲ့ ရခိုင်လူငယ် ကိုရဲကျော် ကိစ္စနဲ့ ပတ်သက်ပြီး မသိရသေးကြောင်းနဲ့ တပ်ကြပ် ဝင်းထိုက် သေဆုံးမှုကို အမှုဖွင့် စစ်ဆေးနေဆဲဖြစ်ကြောင်း ပြောပါတယ်။

သာကေတမြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းပေမယ့် အဆက်အသွယ်မရရှိသေးပါဘူး။

ဖမ်းဆီးခံထားရတဲ့ ကိုရဲကျော်(ခ) ကိုနီအောင်ကျော်ဟာ ရခိုင်အမျိုးသားပါတီဝင် တစ်ဦးဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။