တနင်္သာရီမှာ ခရီးသည်တင်ယာဉ် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး
2023.04.03

တနင်္သာရီမြို့နယ် မြိတ်- ကော့သောင်းလမ်းမပေါ်၊ လယ်တောင်ရွာနဲ့ တမုတ်ချုံးရွာကြားမှာ ဧပြီလ ၁ ရက်နေ့ ည ၈ နာရီကျော်က ခရီးသည်တင်ယာဉ်တစ်စီးကို PDF က မှားယွင်း ပစ်ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီကားဟာ ရန်ကုန်ကနေ ကော့သောင်းဘက်ကို မောင်းနှင်လာတဲ့ မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ်ဖြစ်ပြီး ခရီးသည် ၄၀ နီးပါး လိုက်ပါလာတယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ်ဟာ အသက်ခုနစ်နှစ်အရွယ်ဖြစ်ပြီး အမျိုးသမီးကတော့ အသက် ၄၀ ကျော်ဖြစ်တယ်လို့ မြိတ်မြို့မှာနေထိုင်တဲ့ ဒေသခံ ကိုဇွဲက RFA ကို ပြောပါတယ်။
"နာမည်တွေတော့ မသိရဘူးပေါ့နော်။ ကလေးကတော့ မိန်းကလေးပါ၊ အသက် ခုနစ်နှစ်အရွယ်ပဲ ရှိဦးမယ်။ အပစ်ခံရတဲ့ နေရာမှာတင်ပွဲချင်းပြီး ဆုံးကြတာပေါ့။ အမျိုးသမီးကတော့ ၄၀ ကျော်အရွယ်ပေါ့။ ဘုန်းကြီးတစ်ပါးနဲ့ ဒေသခံ အမျိုးသား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သူတို့တွေကိုတော့ ဆေးရုံပို့ထားပါတယ်"
ခရီးသည် ထိခိုက်သေဆုံးခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြတ်မန္တလာထွန်း ယာဉ်လိုင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးယဉ်ထွေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ပစ်ခတ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မြိတ်ခရိုင်) တပ်ရင်း (၂) ကတော့ စစ်ကောင်စီတပ်နဲ့ ခရီးသည်ယာဉ်ကို မှားယွင်းပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးသွားတဲ့ ဒေသခံတွေကို အနူးအညွတ်တောင်းပန်တယ်လို့ ဧပြီ ၂ ရက်နေ့က သတင်းထုတ်ပြန် ခဲ့ပါတယ်။
ယခုရက်ပိုင်းအတွင်း မြိတ်-ကော့သောင်းလမ်းမပေါ်ကို ညဘက်တွေမှာ ဖြတ်သန်းမသွားဖို့ ထုတ်ပြန်ကြေညာထားသလို မြတ်မန္တလာထွန်း ခရီးတင်ယာဉ်ဟာ လုံခြုံရေးအရ စစ်ဆေးတာကို မရပ်တန့်ဘဲ မောင်းပြေးတာကြောင့် ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။