လောင်းလုံးက စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး
2024.12.28

တနင်္သသာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေက RFA ကို ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့ ပြောပါတယ်။
ကျောက်နီမော်ရွာက စစ်ကောင်စီတပ်စခန်းတွေကို ဒီဇင်ဘာ ၂၃ ရက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က ကျောက်နီမော်ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို လေကြောင်းနဲ့ ရေကြောင်းကနေပါ တိုက်ခိုက်တာကြောင့် ဒေသခံ တစ်ထောင်ခန့်နဲ့ အနီးနားရွာတွေက ဒေသခံတွေပါ ထွက်ပြေးနေကြရတာလို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်နီမော်ရွာ ဒေသခံ တစ်ဦးကတော့ တစ်ရွာလုံးနီးပါး ထွက်ပြေးရတာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီလိုတယ်လို့ RFA ကို ပြောပါတယ်။
“ကျောက်နီမော်ရွာက ပြည်သူတွေတော့ နီးစပ်ရာရွာကို ထွက်ပြေးတိမ်းရှောင်နေရတာ ရှိတာပေါ့။ တစ်ရွာလုံးနီးပါး ထွက်ပြေးနေရတယ်ဗျ။ ရွာထဲမှာ တိုက်ပွဲဖြစ်နေတယ်ဆိုတော့ ရွာထဲမှာ နေလို့မှမရတာ။ လက်ရှိအခြေအနေရ အခက်အခဲကတော့ သူတို့အတွက် စားဖို့သောက်ဖို့ပေါ့နော်။ အဲဒါပဲ သူတို့မှာ ခက်ခဲတယ်ပေါ့။ ပြီးတော့ ဆေးဝါးခက်ခဲတယ်”
ကျောက်နီမော်ရွာမှာ စစ်ကောင်စီတပ်ဘက်က စစ်ကူထပ်မံအင်အားဖြည့်တင်းထားသလို ရေတပ်ကနေလည်း အင်အားဖြည့်တင်းထားတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေပြီး ဒေသခံတွေအနေနဲ့ နေရပ်မပြန်နိုင်သေးဘူးလို့ သူကပြောပါတယ်။
စစ်ကောင်စီဘက်က ကျောက်နီမော်ရွာကို မီးရှို့ဖျက်ဆီးခဲ့တာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က ဒီဇင်ဘာ ၂၈ ရက် ဒီနေ့ ဆက်သွယ်ပေမဲ့ ဖုန်းစက်ပိတ်ထားပါတယ်။
အောက်တိုဘာလ ၁၂ ရက်ကစပြီး လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စုကို စစ်ကောင်စီက ရှစ်ရက်ကြာ စစ်ကြောင်းထိုးဝင်ရောက်စီးနင်းပြီး အရပ်သား ငါးဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီ ဒေသဆိုင်ရာ အချက်အလက်တွေကို ဖော်ပြတဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi ရဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း တိုက်ပွဲကြောင့် ဒေသခံ ၆၈,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဖော်ပြပါတယ်။