ကျောမြို့ လျှပ်စစ်စက်ရုံ အင်ဂျင်နီယာမှူးကလွဲပြီး ကျန်တဲ့ဝန်ထမ်း ၂၃ ဦးပြန်လွတ်
2022.08.02
မကွေးတိုင်း ကျောမြို့က ပုထိုးလုံ ရေနံမြေဓာတ်အားပေးစက်ရုံက ဝန်ထမ်း ၂၄ ဦးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့မှာ ယောကာကွယ်ရေးတပ် (YDF) ဖမ်းဆီးခဲ့ပြီးနောက် အင်ဂျင်နီယာမှူး ကလွဲပြီး ကျန်တဲ့ ၂၃ ဦးကို ဖမ်းဆီးပြီး နှစ်ရက်အကြာမှာကတည်းက ပြန်လွှတ်ပေးလိုက်ပြီလို့ YDF က RFA ကို ဒီကနေ့ ပြောပါတယ်။
ကျောမြို့မှာရှိတဲ့ ပုထိုးလုံ ၁၂ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အလုပ်ရုံကို YDF တပ်ရင်း (၁၂) က ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းတွေအပြင် ကားလေးစီးနဲ့ သေနတ်အတိုတစ်လက်ပါ သိမ်းဆည်းခဲ့တယ်လို့ ပြောပါတယ်။
အဲဒီစက်ရုံက အင်ဂျင်နီယာမှူး ဦးမင်းအောင်ကိုတော့ ဥပဒေအရ အရေးယူဖို့ ဆက်လက် ဖမ်းဆီး ထားတယ်လို့ ယောကာကွယ်ရေးတပ် (YDF) ပြန်ကြားရေး တာဝန်ခံ ကိုအားမာန်က RFA ကို ပြောပါတယ်။
"ကိုမင်းအောင်ကို ပြန်မလွှတ်တဲ့ အကြောင်းအရင်းက သူက တာဝန်ခံအနေနဲ့ပေါ့။ ကျနော် တို့က ဟိုအရင်ကတည်းက အကြိမ်ကြိမ် သတိပေးထားတာ ရှိတယ်။ ဒီလုပ်ငန်းတွေက စစ်ကောင်စီနဲ့ အကျိုးတူ ပူးပေါင်းထားတာ ဖြစ်လို့ မလုပ်စေချင်ဘူးပေါ့ဗျာ။ ဖမ်းမိတဲ့ အချိန်မှာလည်း လက်နက်ငယ်တစ်လက်ကို သိမ်းဆည်းရမိတယ်။ သူက ဒီကထွက်တဲ့ ရေနံတွေကို ခိုးထုတ်ရောင်းတာမျိုးတွေရှိလို့ သူ့ကို ဥပဒေအရ အရေးယူဖို့ ဖမ်းထား သေးတာဗျ"
ဦးမင်းအောင်ဟာ လက်နက်ကိုင်ဆောင်တာကြောင့် သုံ့ပန်းဥပဒေအရ အရေးယူဖို့ ဆက်လက် ဖမ်းဆီးထားတာဖြစ်ပြီး CDM မှာ မပါဝင်တဲ့ အခြားဝန်ထမ်းတွေကိုတော့ ခံဝန်ကတိနဲ့ လွှတ်ပေး လိုက်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ကလည်း ဂန့်ဂေါမြို့မရဲစခန်းက ရဲနှစ်ဦးနဲ့ လမ်းပြတစ်ဦးကို ဖမ်းဆီး ခဲ့ပြီး ရဲမေတစ်ဦးကတော့ ထွက်ပြေးလို့ ပစ်ခတ်ချိန် သေဆုံးသွားတယ်လို့ (YDF) ပြန်ကြားရေး တာဝန်ခံ ကိုအားမာန်က ပြောပါတယ်။
"ဂန့်ဂေါ မြို့မရဲစခန်းက ထောက်လှမ်းရေးမှူး နှစ်ယောက်ပေါ့။ တစ်ယောက်ကတော့ သူ့ရဲ့ ညီက လမ်းပြပေါ့။ ကျနော်တို့ ဒီဘက်ကိုလမ်းပြပြီး ထောက်လှမ်းတာ။ ကျနော်တို့နဲ့တွေ့တော့ စစ်မေးတော့ သိရတယ်။ စစ်မေးတဲ့အချိန်မှာပဲ အဲထဲက အမျိုးသမီးတစ်ယောက်က ထွက် ပြေးလို့ ပစ်လိုက်တယ်။ သူကတော့ အဲဒီနေရာမှာပဲ ပွဲချင်းပြီး သွားတယ်ဗျ"
သေဆုံးသွားတဲ့ အမျိုးသမီးက ရဲတပ်သား မခိုင်ဇာခြည်လွင်ဖြစ်ပြီး ရဲတပ်သား ကိုဖြိုးသက်ကျော်နဲ့ သူရဲ့ညီ ကိုနိုင်ဝင်းထွန်းတို့ကိုတော့ ဖမ်းဆီးထားပြီး ဆက်လက်စစ်ဆေးနေတယ်လို့ ပြောပါတယ်။