ဂန့်ဂေါ PDF အဖွဲ့ဝင်နှစ်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ယောကာကွယ်ရေးအဖွဲ့ထုတ်ပြန်

RFA Burmese
2024.02.06
ဂန့်ဂေါ PDF အဖွဲ့ဝင်နှစ်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ယောကာကွယ်ရေးအဖွဲ့ထုတ်ပြန် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာတွင် မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် ယောကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး၏ပုံအား YDF အဖွဲ့က ထုတ်ပြန်ထားစဉ်။
YDF

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ဒေသတွင်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ဆင်ရေးလုပ်နေတဲ့ ယောကာကွယ်ရေးတပ်ဖွဲ့ (YDF) အဖွဲ့ဝင်နှစ်ဦးကို မြောက်ခင်ရန်းရွာက ပျူစောထီးတပ်ဖွဲ့တွေက ဖမ်းဆီးပြီး အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခဲ့တယ်လို့ ယောကာကွယ်ရေး တပ်ဖွဲ့က ဖေဖော်ဝါရီ ၆ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

PDF တပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ယူနီဖောင်းဝတ်ထားတဲ့သူတွေက အရှင်လတ်လတ်မီးရှို့သတ်ဖြတ်လိုက်တဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ထွက်ပေါ်လာအပြီး ညနေပိုင်းမှာ YDF အဖွဲ့က အခုလို သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၇ ရက်နေ့က စစ်ကောင်စီတပ်သားတွေ အခြေစိုက်ထားတဲ့ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှာ စစ်ကောင်စီဆန့်ကျင်ရေး မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ သူတို့ တပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီး မီးရှို့သတ်ဖြတ်ခံရသူနှစ်ဦးဟာ ဖိုးတေနဲ့ သားထောင် အမည်ရှိပြီး သူတို့ကို အကြိမ်ကြိမ် ညှဉ်းပန်းနှိပ်စက်ပြီးနောက် လူမြင်ကွင်းမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာလို့ ရေးသားထားပါတယ်။ မသတ်ခင်မှာ ရွာက လူတွေကို တစ်အိမ်တစ်ယောက်ခေါ်ပြီး ကြည့်ရှုခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို အသေးစိတ်သိနိုင်ဖို့လည်း စုံစမ်းစစ်ဆေးနေပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီကို ထောက်ခံသူအများစုနေထိုင်တဲ့ ပျူစောထီးရွာအများအပြားရှိပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်တွေက ဒီမြောက်ခင်ရန်းရွာကနေ ရွာခံ ၁၉၃ ဦးဟာ ပျူစောထီးရန်ကို ကြောက်ရွံ့ပြီး ထွက်ပြေးလာခဲ့ဖူးတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ YDF အဖွဲ့ရဲ့ ကြေညာချက်နဲ့ ပျံ့နှံ့နေတဲ့ ဗီဒီယိုပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာတာ မရှိသေးသလို တုံ့ပြန်ချက်ရဖို့လည်း ကြိုးစားနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။