အချိန်မရွေး မီးပြတ်နိုင်ကြောင်း စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာန ကြေညာ

2022.01.06
အချိန်မရွေး မီးပြတ်နိုင်ကြောင်း စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာန ကြေညာ ရန်ကုန်မြို့ လှည်းတန်းမှာ ၂၀၂၁ မတ်လ ၁၃ ရက် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ညသပိတ်မြင်ကွင်းကို တွေ့ရစဥ်
Photo: Citizen Journalist
တိုင်းနဲ့ပြည်နယ်အသီးသီးမှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု လျော့နည်းလာတဲ့အပြင် ဓာတ်အားစနစ် တည်ငြိမ်ဖို့ ထိန်းညှိနေရတဲ့အတွက် နေရာအချို့မှာ အချိန်ပိုင်းဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်နိုင်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံပိုင်သတင်းစာတွေကနေတဆင့် ဒီနေ့ထုတ်ပြန်ပါတယ်။
 
ဓာတ်အားသုံးစွဲမှု အများဆုံးဖြစ်တဲ့ မနက် ၇ နာရီကနေ ည ၁၁ နာရီအတွင်း ဓါတ်အား ထိန်းညှိရခြင်းကြောင့် မဖြစ်မနေ အချိန်ပိုင်း လျှပ်စစ်ဓါတ်အား ပြတ်တောက်မယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံအတွင်းကဏ္ဏပေါင်းစုံက ယန္တရားအပြည့်အဝလည်ပတ်နိုင်ဖို့ ကြိုးစားနေပေမယ့်လည်း လက်တွေ့မှာ ပြိုလဲမှုတွေရှိနေတယ်ဆိုတာကို ပြသနေတာလို့ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
"ပြည်သူလူထု ထောက်ခံမှုမပါတဲ့ အာဏာသိမ်းမှုမှာ တဖြည်းဖြည်း သူ့ရဲ့ဒေါက်တိုင်တွေက ပြိုလဲလာမှာ၊ အခုကတော့ လျှပ်စစ်မီးပေါ့ နောက်ပိုင်း ကဏ္ဏပေါင်းစုံက ယိုင်နဲ့လာမှာပါ၊ ပြည်သူတွေက အဖိနှိပ်မခံဘဲ တွန်းလှန်နေတော့ တဖြည်းဖြည်းနဲ့ စစ်ကောင်စီက အင်အားချိနဲ့ လာဖို့ပဲရှိတယ်"
 
အာဏာသိမ်းစစ်ကောင်စီရဲ့ ဝင်ငွေစီးဆင်းမှုထဲ မပါရအောင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ မီတာမဆောင်ဘဲ သပိတ်မှောက်ထားကြပါတယ်။
 
စစ်ကောင်စီရဲ့ ဝန်ကြီးဌာနကတော့ ဓာတ်ငွေ့ဈေးနှုန်းတက်လာတဲ့အတွက် ပြည်ပကနေ မှာယူတင်သွင်းတဲ့ LNG to Power ဓါတ်အားပေးစက်ရုံတွေရဲ့ ထုတ်လုပ်နိုင်မှု (၇၅၀)မဂ္ဂါဝပ်နဲ့ ဘီလူးချောင်း ရေအားလျှပ်စစ် စက်ရုံကို ဓါတ်အားပေးပို့နေတဲ့ ၂၃၀ ကေဗွီတာဝါတိုင်တွေ မိုင်းခွဲခံရတဲ့အတွက် ၁၈၀ မဂ္ဂါဝပ်နဲ့ ရတနာ ကမ်းလွန် ဓါတ်ငွေ့စီမံကိန်း ပြုပြင်နေတဲ့အတွက် ၅၄၀ မဂ္ဂါဝပ် အသီးသီး ထုတ်လုပ်မှုလျော့ကျနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနမှာ CDM လှုပ်ရှားမှုမှာပါဝင်နေတဲ့ ဝန်ထမ်းတွေရှိသလို မီတာခတွေကောက်ခံလို့ဆိုပြီး မီတာရုံးတွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလည်းရှိနေတာပါ။
 
နိုင်ငံတစ်ဝှမ်းမှာ အိမ်ထောင်စုပေါင်း ၁၀.၉ သန်းခန့်ထဲက လျှပ်စစ်ဓာတ်အားသုံးစွဲတဲ့ အိမ်ထောင်စုက ၆.၆ သန်းရှိတယ်လို့ စစ်ကောင်စီ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာပါရှိပါတယ်။
 
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။