ရန်ကုန် စည်ပင် ရွေးကောက်ပွဲ အားနည်းချက်တွေများပြား


2014.12.28
ycdc-election-305.jpg စည်ပင်ရွေးကောက်ပွဲအတွက် ရပ်ကွက်မဲရုံတစ်ခုမှာ မဲလာထည့်သူကို တွေ့ရစဉ်
Photo: Tun Myint, Wai Yan Moe Myint, Wai Mar Tun/RFA

စနေနေ့ကကျင်းပပြီးစီးသွားခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲ မှာလွတ်လပ် တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုမရှိ တာတွေမြင်တွေ့ရသလို၊ မဲပေးခွင့်နဲ့ပတ်သက်ပြီး အားနည်းချက်တွေအများအပြားတွေ့ရှိရကြောင်း  မြို့တော်အဆင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကိုယ်စား လှယ်လောင်း သုံးဦးက ရန်ကုန်မြို့ Orchid Hotel မှာသတင်းစာရှင်းပွဲကျင်းပပြီး ပြောဆိုခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်း ခရိုင်၊ တောင်ပိုင်း နဲ့ မြောက်ပိုင်းခရိုင်တွေက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူ ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးဝင်းချို၊ ဒေါက် တာအေးမင်းနဲ့ နော်လှလှစိုး တို့ကသတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ကြတာပါ။

ရွေးကောက်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့အခြေအနေနဲ့ ပတ်သက်ပြီး မြို့တာ်အဆင့် တောင်ပိုင်းခရိုင်ကဝင်ရောက် ယှဉ်ပြိုင်ခဲ့ သူ ဒေါက်တာအေးမင်းက အခုလိုပြောပါတယ်။

"ရွေးကောက်ပွဲ စံချိန်စံညွှန်းနဲ့ မညီတာတော့အမှန်ပါပဲခင်ဗျာ၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုတွေလဲ အများကြီးရှိနေတာပေါ့နော်၊မဲရုံမှူးတွေ ကလဲ သမာသမတ်ကြသင့် တာပေါ့နော်၊ကျနော်တို့ကနေစောင့် ကြည့်ခိုင်းတဲ့ မဲရုံကိုယ်စားလှယ်တွေကိုလဲ တလေးတစားလေးတော့ ထားသင့်တာပေါ့နော်၊ ရန်သူ သဖွယ် မဆက်ဆံသင့်ဘူး၊ အဲ့လိုလေးတွေတော့ရှိတာပေါ့နော်၊တချို့မီဒီယာဆိုရင် သူတို့ကပေးမဝင်ချင်ဘူး၊ အဲ့ဒါလေးတွေလဲရှိတယ် ခင်ဗျ၊သူတို့က အထက်ကို ဆက်ဦးမယ်ပေါ့နော်၊ ဘယ်အထက်လဲတော့ မသိဘူး၊မီဒီယာဝင်ခွင့်မရှိရင်လဲ မရှိကြောင်း စာရွက်ထုတ်ပြပါ ဆိုမှ စာရွက်စာတမ်း မထုတ်ပြနိုင်ဘဲ နဲ့ နောက်ဆုံးမှာ ဝင်ခွင့်တော့ပေးလိုက်တာပေါ့နော် "

မဲရုံးမှူးတာဝန်ယူခဲ့ကြသူတွေဟာ ရွေးကောက်ပွဲစည်းမျဉ်းတွေကိုနားမလည်၊ မသိရှိကြကြောင်း တွေ့မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တွေ၊ ပြင်ဆင်စည်းရုံးမူတွေ အားနည်း တာကြောင့် မသိရှိသူ များပြားပြီး၊ လာရောက်မဲပေး သူ ၁၈ ရာခိုင်နှုန်းခန့်သာ ရှိတယ်လို့ ဆိုပါတယ်။  တချို့မြို့နယ်တွေမှာ မဲပေးသူ ၃ ရာခိုင်နှုန်ခန့်သာ ရှိတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရရှိသူတွေရဲ့ အမည်စာရင်းကို စည်ပင်ရွေးကောက်ပွဲ ကော်မရှင် က တနင်္လာနေ့မှာ တရားဝင်ထုတ်ပြန်မှာဖြစ်ပါတယ်။

စာရင်းထုတ်ပြန်ပြီးတဲ့အခါ အနိုင်ရသူတွေအပေါ် ကန့်ကွက်လိုသူတွေအနေနဲ့ ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်လွှာ တင်နိုင်တယ်လို့ စည်ပင်ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

"ရွေးကောက်ပွဲနည်းဥပဒေထဲမှာ ရွေးကောက်ခံရတဲ့သူကို သူ့ရဲ့ယှဉ်ပြိုင်ဘက် တစ်ဦးဦးက ကန့်ကွက်တယ် ဆိုလို့ရှိရင် ကန့်ကွက်ခွင့် ရှိတယ်လို့ ပြဌာန်း ထား ပါတယ်၊ ရက်ပေါင်း ၆၀ အတွင်းကန့်ကွက်နိုင်တယ်၊ အဲ့တော့သူတို့ ကန့်ကွက်လွှာ တက်မတက်ဆိုတာကတော့ နည်းနည်းစောင့်ကြည့်ရုံ ပဲ ရှိပါတယ်၊ တခြား လုပ်ငန်းဆောင်တာကိစ္စကတော့ သိပ်မရှိပါဘူး၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စလေးတွေ ပြဿနာ တက်လာ ရင် ဖြေရှင်းပေးဖို့လောက်ပဲ ရှိပါတယ် "

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်တင်မြှောက်ပွဲကို ရန်ကုန်တိုင်း ဒေသကြီး မြို့နယ် ၃၃ မြို့နယ်မှာ မနေ့က ကျင်းပခဲ့ တာဖြစ်ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ် ၃၀၀ နီးပါးထဲက မြို့နယ်၊ ခရိုင် နဲ့ မြို့တော်အဆင့်အထိ စည်ပင်လုပ်ငန်းတာဝန် ထမ်းဆောင်ခွင့်ရသူ ကိုယ်စားလှယ် ၁၁၅ ဦး စာရင်းကိုကြေညာမှာဖြစ်ပါတယ်။

ရန်ကုန် စည်ပင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စည်ပင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။