နန်စီဘွန်ဒေသက ရေ မဆေးကျောက်ရှာဖွေသူတွေ ဆန္ဒပြ
2016.09.26

စစ်ကိုင်းတိုင်း ခန္တီးခရိုင် နန်စီဘွန်ဒေသက ရေမဆေးကျောက်ရှာဖွေသူတွေကို ကျောက်မျက်ဥပဒေနဲ့ လိုက်လံဖမ်းဆီးနေတာတွေ ရပ်တန့်ပေးဖို့နဲ့ တရားဝင်လုပ်ကိုင်ခွင့်ရရှိဖို့ ရေမဆေးလုပ်သား နှစ်ထောင်က ဒီကနေ့ ခန္တီးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့က နန်စီဘွန်ကျောက်မျက်မှော်တွေကနေ ခန္တီးမြို့ကျောက်မျက်ဦးစီးဌာနကို မှတ်ပုံတင်ဖို့လာတဲ့ ရေမဆေးကျောက်သမား ၇ ဦးကို ခန္တီးလှေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး ကျောက်မျက်ဥပဒေပုဒ်မ ၄၂(က) နဲ့ တရားစွဲဆိုထားတဲ့ အတွက် ဆန္ဒပြကြတာဖြစ်ပါတယ်။
ခန္တီးမြို့နဲ့ မိုင် ၃၀ ကျော်ဝေးတဲ့ နန်စီဘွန် နဲ့ မကျန်ခ ကျောက်မှော်တွေကနေ ထွက်ရှိလာတဲ့ကျောက်စိမ်းတွေကို ခန္တီးမြို့ကျောက်မျက်ရုံးမှာ ကျောက်သယ်ယူခွင့်ရရှိဖို့ အခွန် ပေးဆောင်ရတာဖြစ်ပါတယ်။ နန်စီဘွန်ဒေသမှာ အခွန်ရုံးမရှိတဲ့အတွက် ခန္တီးမြို့က ကျောက်မျက်ဦးစီးဌာနရုံးမှာ အခွန်ဆောင်ရတာဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ ဖမ်းဆီးထားတဲ့ ရေမဆေးကျောက်သမားတွေကို ပြန်လွှတ်ပေးဖို့၊ ရေမဆေးကျောက်လုပ်သားတွေ ဖမ်းဆီးခံနေရတာကို ဖြေရှင်းပေးဖို့၊ တနိုင်တပိုင် ကျောက်မျက်လုပ်ကိုင်ခွင့်ရရှိဖို့တို့ကို တောင်းဆိုခဲ့ကြပါတယ်။
နန်စီဘွန် နဲ့ မကျန်ခ ကျောက်မှော်ဒေသတွေမှာ မှီခိုလုပ်ကိုင်နေကြတဲ့ ရေမဆေး လုပ်သား တစ်သောင်းခန့်ရှိပြီး ကုမ္ပဏီပေါင်း ၄၀ က ကျောက်စိမ်းတူးဖော်နေကြတာဖြစ်ပါတယ်။