ရဲတပ်ဖွဲ့ရဲ့ ခြောက်လှန့်ပစ်ခတ်မှုကြောင့် ရေမဆေးသမားတစ်ဦး သေနတ်ကျည်ထိမှန်
2018.10.15
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ သတ်မှတ်ချိန်မဟုတ်ဘဲ ရေမဆေးကျောက် ဝင်ရောက်ရှာဖွေတဲ့သူတွေကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်တားဆီးရာကနေ ကျောက်ရှာတဲ့သူတစ်ဦး ဒီနေ့ မနက်က ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖားကန့် မြို့မရဲစခန်းကနေ သိရပါတယ်။
ဖားကန့်မြို့နယ် မော်ဝမ်းကြီးကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ ရေမဆေးကျောက်ရှာဖို့ သတ်မှတ်ပေးထားတဲ့ အချိန်မဟုတ်ဘဲ လုပ်ကွက်ထဲကို အလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေကြသူတွေကို ရဲတပ်ဖွဲ့က တားဆီးရင်း သေနတ်နဲ့ ခြောက်လန့် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဖားကန့်မြို့မရဲစခန်းက တာဝန်ကျ ရဲတစ်ဦးက ပြောပါတယ်။
ရဲတပ်ဖွဲ့က ပစ်လိုက်တဲ့ ကျည်ဟာ ကျောက်ကမ်းပါးယံကို ထိမှန်ပြီး ထွက်လာတဲ့ ကျောက်ခဲစတွေက ရေမဆေးသမားတစ်ယောက်ကို ထိမှန်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရခဲ့တဲ့ ရေမဆေးကျောက်ရှာဖွေသူကို မြစ်ကြီးနားဆေးရုံကို ပို့ထားပြီး ဒဏ်ရာက အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဖားကန့် မြို့မရဲစခန်းက သိရပါတယ်။