စွန်ပစ်မြေစာပုံ ပြိုကျပြီး ရေမဆေးသမား ၆ ဦးသေဆုံး


2018.01.05

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်မောင်းဘွမ်ရွာအနီးက ဂျိတ်လင်းန် ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံအဟောင်း မနေ့ညနေပိုင်းက ပြိုကျခဲ့တဲ့အတွက် ကျောက်ရှာနေတဲ့ ရေမဆေးသမား ၆ ယောက် သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

သေဆုံး၊ ဒဏ်ရာရသူတွေဟာ မှော်မောင်းဘွမ်ရွာနဲ့ အနီးတဝိုက်မှာ နေထိုင်ပြီး ရေမဆေးကျောက်ရှာသူတွေဖြစ် တယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးရဲ့ ဒုတိယရဲမှူးကြီး မျိုးသူရနောင် က ပြောပါတယ်။

"ဖားကန့်က မှော်မောင်ဘွမ် ကျေးရွာမှာရှိတဲ့ ဂျိတ်လင်းန်ကုမ္ပဏီလုပ်ကွက်မှာဖြစ်တာပါ။ ညနေ ၃ နာရီလောက်မှာ။ ခြောက်ယောက်ကတော့ဗျာ မြေစာပိတဲ့ဒဏ်နဲ့ သေသွားတာပေါ့။ တယောက် ဒဏ်ရာရတယ်။ သေဆုံးတဲ့သူတွေကတော့ အဲဒီမှော်မောင်းဘွမ်ကျေးရွာနဲ့တဝိုက်မှာနေ တဲ့ ရေမဆေးကျောက်ရှာဖွေတဲ့သူတွေပါပဲ။ မိုးရွာတယ်။ မိုးရွာပြီးတော့မှ မြေစာပျော့တဲ့အချိန်မှာ ဝင်ပြီးတော့ ရှာတဲ့အချိန်မှာ ပြိုတယ်လို့တော့ သိရပါတယ်ခင်ဗျ"

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေမှုသေခင်း ဖွင့်လှစ်ထားတယ်လို့ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး က ဆိုပါတယ်။

ဖားကန့် ကျောက်စိမ်းတွင်းနယ်မြေမှာ အခုလိုပွင့်လင်းချိန် ဆောင်းကာလမှာ စွန့်ပစ်မြေစာပုံပြိုကျမှုတွေနဲ့အတူ မိုးကာလမှာ ကျောက်တောင်ကမ်းပါးတွေပြိုကျလို့ မကြာခဏ ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခု နိုဝင်ဘာလအတွင်းက ဆိပ်မူကျေးရွာအုပ်စု ကန်ခမ် စုပေါင်းစွန့်ပစ်မြေစာပုံပြိုကျလို့ လူ အယောက် ၁၁၀ ကျော် သေဆုံးခဲ့မှုဟာ အခုနှစ်ပိုင်းတွေအတွင်း လူအသေအပျောက်အများဆုံး အဖြစ်အပျက်တခုဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။