ရေဦးမြို့နယ် တင်းတိမ်ရံရွာက စျေးဆိုင်နှစ်ရာကျော်နဲ့ နေအိမ် ၅၀ ကျော် မီးရှို့ခံရ

2022.07.30
ရေဦးမြို့နယ် တင်းတိမ်ရံရွာက စျေးဆိုင်နှစ်ရာကျော်နဲ့ နေအိမ် ၅၀ ကျော် မီးရှို့ခံရ ရေဦးမြို့နယ် တင်းတိမ်ရံရွာက မီးလောင်နေသည်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တင်းတိမ်ရံရွာက စျေးဆိုင်ခန်းပေါင်း နှစ်ရာနီးပါးနဲ့ နေအိမ် အလုံး ၅၀ ကျော်ကို ဇူလိုင်လ ၂၉ ရက်မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား တစ်ရာနီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့က ညနေ (၄) နာရီကျော်မှာ တင်းတိမ်ရံရွာထဲကို ဝင်ရောက်ခဲ့ပြီး ညနေ ၆ နာရီမှာ ဈေးနဲ့နေအိမ်တွေကို မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ကတော့ အခုလောလောဆယ် ထွက်ပြေးနေပါတယ်။ ဈေးကတော့ ရွာရဲ့ အလယ်မှာ ရှိတယ်။ မနေ့ညနေ ၆ နာရီလောက်ကတည်းက ရွာဘက်က မီးခိုးတွေ ထွက်လာတယ်။ မီးမရှို့သွားပါစေနဲ့လို့ ဆုတောင်းတာ ဆုတောင်းမပြည့်ဘူးပေါ့ဗျာ။ မီးရှို့ခံရတာ ဆိုင်ခန်း နှစ်ရာနီးပါး ပါကုန်တယ်။ ပစ္စည်းတွေရော အကုန်ပါကုန်တာပေါ့။ နေအိမ်တွေကတော့ ရွာထဲကရှိသမျှ အိမ်တွေကိုရှို့တာ ၅၀ ကျော်ပါသွားတယ်။ စစ်ကြောင်းက ရွာထဲမှာ ရှိနေတုန်းဆိုတော့ အသေးစိတ်တော့ မပြောနိုင်သေးဘူးပေါ့"

အဲဒီစစ်ကြောင်းဟာ တင်းတိမ်ရံရွာရဲ့ တောင်ဘက်ကနေ ဝင်ရောက်ခဲ့တာဖြစ်ပြီး နေအိမ်တွေထဲက ရွှေ၊ ငွေနဲ့ တန်ဘိုးကြီး ပစ္စည်းတွေကိုပါ ဝင်ရောက်ယူဆောင်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်က တုံ့ပြန်မှုကိုရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ညနေပိုင်းအထိ ဆက်သွယ်လို့ မရပါဘူး။

တင်းတိမ်ရံရွာဟာ စံပြကျေးရွာတစ်ရွာဖြစ်ပြီး နေအိမ်ပေါင်း သုံးရာကျော်ရှိသလို ဒေသခံ ရှစ်ရာနီးပါး နေထိုင်ခဲ့ကြတာပါ။

လက်ရှိအချိန်ထိ တင်းတိမ်ရံရွာထဲမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတာကြောင့် ဒေသခံတွေ အားလုံးကတော့ နီးစပ်ရာရွာတွေနဲ့ တောတောင်တွေထဲကို ထွက်ပြေး နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။