ယောဒေသက စစ်ဘေးဒုက္ခသည်တွေ အရေပြားကူးစက်ရောဂါ ဖြစ်နေ
2024.12.29

မကွေးတိုင်း၊ ထီးလင်းမြို့နယ်နဲ့ ဂန့်ဂေါမြို့နယ် ယောဒေသက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေဟာ အရေပြား ကူးစက်ရောဂါဖြစ်နေပြီး ဆေးကုသဖို့ အကူအညီလိုအပ်တယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည် အကူအညီပေးနေသူတွေက RFA ကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ပြောပါတယ်။
သူတို့ဟာ ၂၀၂၂ ခုနှစ်ကတည်းက နေရပ်စွန့်ခွာလာကြသူတွေဖြစ်ပြီး တောတောင်ထဲက ယာယီစစ်ဘေးဒုက္ခသည်စခန်းတွေမှာ သောက်သုံးရေ မသန့်ရှင်းတာကြောင့် အရေပြားကူးစက်ရောဂါ ကြုံနေရတာလို့ ဆိုပါတယ်။
ဒီရောဂါကို ကာကွယ်ကုသနိုင်ဖို့ လက်သန့်ဆေးရည်နဲ့ ရေသန့်စက်လိုမျိုးပစ္စည်းတွေ လိုအပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် ကူညီပေးနေသူတစ်ဦးက RFAကို ပြောပါတယ်။
"ရေကြိုချက် သောက်မယ်၊ လက်ဆေးမယ်၊ အဲဒီလို ပညာပေးဖို့လည်း လိုအပ်ပါတယ်။ တောထဲနေရတဲ့ ဒုက္ခသည်တွေ တော်တော်များများ ဖြစ်ကြတယ်၊ လူကြီးရော၊ ကလေးရောပဲ။ ဆေးဝါးတွေလည်း လိုအပ်တယ်၊ မကြာခဏ ပြန်ဖြစ်နေကြတယ်"
မြို့ပေါ်က ဆေးဆိုင်တွေမှာလည်း ဆေးဈေးနှုန်းကြီးမြင့်မှုတွေကြောင့် အရေပြားရောဂါဖြစ်တဲ့ စစ်ဘေးဒုက္ခသည်တွေ ဝယ်ယူဖို့အတွက် အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
ဂန့်ဂေါမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းမှာ လူနှစ်ရာခန့်ရှိပြီး အဲဒီအထဲက ကလေးငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေမှာ ကူးစက်မှုများပြားတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ Save for Yaw တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"ဆေးကုသမှုအကူအညီတော့ ပေးနေပါတယ်။ ကူးစက်ရောဂါလည်းဖြစ်တော့ စခန်းတစ်ခုလုံးနီးပါး ကူးစက်ကြတာပေါ့နော်။ ဆေးထိုးပြီးတဲ့သူတွေကတော့ ရောဂါသက်သာတယ်။ လူတိုင်းမထိုးနိုင်ကြသေးဘူး"
ဒါနဲ့ပတ်သက်လို့ အကူအညီပေးမှုအခြေအနေကို အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေး၀န်ကြီး ဦးမျိုးမြင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။